"ပေးဆပ်ခြင်းများရဲ့ရောင်ပြန်"
မနက်တိုင်း သူ့မိသားစုအတွက် ချပါတီမုန့်ဖုတ်လေ့ရှိတဲ့ အမျိုးသမီးကြီးတစ်ယောက်က (လမ်းပေါ်က ဖြတ်သွားတဲ့ အစားအစာလိုအပ်သူတစ်ယောက်ယောက် အတွက်လို့ ရည်ရွယ်ပြီး) မုန့်လုပ်တိုင်း တစ်ခုပိုလုပ်လေ့ရှိတယ်။ ပြီးတော့ အဲ့ဒီမုန့်ကို သူ့အိမ်ရှေ့ပြတင်းပေါက်ဘောင်ပေါ် မှာ တင်ထားတတ်တယ်။
သူမရဲ့ မုန့်ကို အမြဲလာလာယုစားတာကတော့ ကျောကုန်းမှာဘုကြီးတစ်ခုရှိတဲ့ လူကြီးတစ်ယောက်ဆိုတာ သူမ သတိထားမိတယ်။ အဲ့ဒီလူကြီးက ချပါတီကို ယူသွားပြီးရင် ပါးစပ်က “သင်လုပ်သမျှ မကောင်းမှုတွေ သင့်ဆီမှာ ကျန်ရစ်ပြီး ကောင်းမှုကုသိုလ်များကတော့ သင့်ဆီကို ပြန်ရောက်လာပါစေ” လို့ အမြဲ ရေရွတ်တတ်တယ်။
နေ့တိုင်း မုန့်တွေတော့ ယူယူသွားပြီး ကျေးဇူးတင်စကားတစ်ခွန်းမှ မပြောပဲ အဲ့ဒီစကားတစ်ခွန်းကိုပဲ ကြိမ်ဖန်တလဲလဲ ကြားရတဲ့ အမျိုးသမီးက စိတ်တွေတိုလာတယ်။
နောက်တနေ့ကျတော့ အပိုလုပ်တဲ့ မုန့်တစ်ခုမှာ အဆိပ်ခတ်လိုက်တယ်။ အဲ့ဒီအဆိပ်ခတ်ထားတဲ့မုန့်ကို ခါတိုင်းလို ပြတင်းပေါက်နားသွားထားခါနီးကျေ တာ့ သူမ ကတုန်ကယင်ဖြစ်လာပြီး “ငါ ဘာလို့ အဲ့လို လုပ်ရတာလဲ” လို့ သူမကိုယ်သူမ သတိပေးပြီး မုန့်ကို မီးဖိုထဲ လွှင့်ပစ်လိုက်တယ် ။ ပြီးတော့ မုန့်အကောင်းတစ်ခု ပြန်လုပ်ပြီး ထားထားပေးလိုက်တယ်။
ဟိုလူကြီးကတော့ မုန့်ကို လာယူသွားပြီး ခါတိုင်းလို ပြောဆဲပဲ။
အမျိုးသမီးကြီးမှာ ဟိုးအဝေးမှာ အလုပ်သွားလုပ်နေတဲ့ သားတစ်ယောက်ရှိတယ် ။ အဲ့ဒီသားထွက်သွားပြီးကတည်းက စာမလာ၊ သတင်းမကြားဖြစ်နေလို့ စိုးရိမ်တကြီးဖြစ်နေတဲ့ အမျိုးသမီးကြီးက နေ့တိုင်း မုန့်အပိုတစ်ခု ပိုလုပ်သလို ဝတ်ပြုဆုတောင်းမှုကိုလဲ နေ့စဉ်ရက်ဆက် ပြုလုပ်လေ့ရှိတယ်။
အဲ့ဒီနေ့ညနေမှာတော့ မမျှော်လင့်ပဲနဲ့ အိမ်ရှေ့မှာ တံခါးလာခေါက်သူက သူမ အချိန်အကြာကြီးစောင့်နေခဲ့တဲ့ သားဖြစ်နေတယ် ။ ဆံပင်တွေ ဖရိုဖရဲ၊ အဝတ်အစားတွေ စုတ်စုတ်ပြတ်ပြတ်နဲ့ အားအင်ချိနဲ့စွာ ပြန်ရောက်လာတဲ့သားက ပြောတယ် ။
အမေ .. ကျွန်တော့်အတွက်တော့ တကယ့်ကို အံ့သြစရာဖြစ်ရပ်ဆန်းပါပဲ ။ ကျွန်တော် ဒီပြန်မရောက်ခင် လမ်းတဝက်မှာ အားနည်းလွန်းလို့ လဲကျသွားတော့မတတ်ဖြစ်တဲ့အချိန် ကျွန်တော့်ကို မြင်သွားတဲ့ (ကျောမှာဘုကြီးနဲ့) လူတစ်ယောက်က ချပါတီတစ်ခု ထုတ်ကျွေးတယ်။ ပြီးတော့ ပြောတယ် ။ “နေ့တိုင်း ငါ့ဘဝကို ဒါနဲ့ ခရီးဆက်လာတာ ။ ဒီနေ့တော့ မင်းက ငါ့ထက် ပိုလိုအပ်တဲ့သူဖြစ်နေတော့ မင်းပဲစားလိုက်တော့” လို့ ပြောတယ်။ ကျွန်တော် တော်တော်ကြီးကို ဆာလောင်မွတ်သိပ်နေတာ အမေ။ သေတော့မတတ်ပဲ။ သူ့ကျေးဇူးကြီးလိုက်တာ အမေရာ ..” တဲ့ ။
အဲ့လို သူ့သားပြောတာကို ကြားလိုက်ရတဲ့ အမျိုးသမီးကြီးက ထိတ်လန့်လွန်းလို့ တံခါးဘောင်ကိုတောင် မီထားလိုက်ရတယ်။ ပြီးတော့ တဆက်တည်း မီးဖိုးထဲမှာ မနက်က လွှင့်ပစ်တဲ့မုန့်လေးတစ်ခုကိုပါ ကြည့်မိရက်သားဖြစ်သွားတယ် ။
အဲ့ဒီတခဏမှာပဲ ဟိုလူကြီးဆီက မနက်တိုင်း ကြားရတဲ့ စကားတစ်ခွန်းရဲ့ အဓိပ္ပါယ်ကို သူမ အပြည့်အဝ နားလည်သွားတော့တယ် ။
No comments:
Post a Comment