Wednesday, January 26, 2011

ရှရှားနိုင်ငံမော်စကိုလေဆိပ်တွင်သေခံဗုံးခွဲမှုဖြစ်ပွား

  1. ရုရှားနိုင်ငံ မော်စကိုလေဆိပ်တွင် အသေခံဗုံးခွဲမှုဖြစ်ပွား ၊
  2. ဘယ်နိုင်ငံတွေမှာ ငွေကြေးဖောင်းပွမှုနှုန်း အများဆုံးလဲ ၊
  3. အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဟောင်း ကွန်ဒိုလီဇာရိုက်စ်နှင့် မေးခွန်း ၁၀ ခွန်း ၊
  4. အမေရိကန်ရေတပ်တွင် လက်နက်နည်းပညာ အဆင့်မြှင့်တင်မှုပြုလုပ်  ၊
  5. Titanic သ​င်္ဘောကြီး​ ဘက်တီး​ရီး​ယား​ပိုး​ကြောင့်​ နှစ် ၂၀ အတွင်း​ ​ပျောက်ကွယ်သွား​ဖွယ်ရှိ ၊
  6. ပါကစ္စတန်မှ ခေါင်းမြီးခြုံ မိခင် မူလတန်း စတက်ပြီ ၊
  7. Flowers Carpet ၊

ရုရှားနိုင်ငံ မော်စကိုလေဆိပ်တွင် အသေခံဗုံးခွဲမှုဖြစ်ပွား
“အရင်က ဒီလိုဖြစ်ရပ်မျိုးကို သင်ခန်းစာယူပြီး လေဆိပ်လုံခြုံရေးကို ပိုပြီးအဆင့်မြှင့်ထားတာပါ။ ဒါပေမယ့် ဗုံးသမားဟာ ဖောက်ခွဲရေးပစ္စည်းတွေကို လေဆိပ်ထဲထိ ယူလာနိုင်ခဲ့တဲ့အတွက် ယိုပေါက်တွေ ရှိနေတယ်ဆိုတာ သိသာပါတယ်။ ဒီပြဿနာကို အောက်ခြေကစ စုံစမ်းဖို့ လိုပါတယ်”

ရုရှားနိုင်ငံ မော်စကိုလေဆိပ်တွင် အသေခံဗုံးခွဲမှုဖြစ်ပွား
မော်စကိုရှိ ဒိုမိုဒီဒိုဗို လေဆိပ်တွင် ဇန်န၀ါရီလ (၂၄)ရက်နေ့ မွန်းလွဲပိုင်းက အသေခံ ဗုံးဖောက်ခွဲမှု တစ်ခုဖြစ်ပွားခဲ့ရာ နိုင်ငံခြားသားများ အပါအ၀င် လူ(၃၅)ဦး သေဆုံးပြီး (၁၀၀)ကျော် ဒဏ်ရာရရှိခဲ့သည်။ ရုရှားတစ်နိုင်ငံလုံးတွင် လူအရှုပ်ထွေး၊ အစည်ကားဆုံး လေဆိပ်၌ ဖြစ်ပေါ်ခဲ့သော ဗုံးခွဲမှုအတွက် မသင်္ကာသူ (၃)ဦးကို ဖမ်းဆီးစစ်ဆေးနေကြောင်း အမည်မဖော်သည့် လုံခြုံရေး အရာရှိ တစ်ဦးကဆိုသည်။

Moscow Airport Blast

ရုရှားအစိုးရသည် မြောက်ပိုင်း ကော်ကေးဆပ်မှ ခွဲထွက်ရေး လှုပ်ရှားနေသည့် သူပုန်အဖွဲ့များအား ယခုဗုံးခွဲမှုအတွက် ကြီးကြီးမားမား သံသယဖြစ်နေသည်။ ဖြစ်ပွားခဲ့သည့် ဗုံးခွဲမှုအတွင်း လေယာဉ်တစ်စင်း ဆိုက်ရောက်လာပြီးနောက် ခန်းမထဲတွင် လူအများရှုပ်ထွေးနေစဉ် ဗုံးသမားက မိမိကိုယ်ကိုယ် ဖောက်ခွဲလိုက်ခြင်းဟု သိရသည်။

Moscow Airport Blast

၎င်းသည် စနက်တံ မဖြုတ်မီ “မင်းတို့အားလုံးကို ငါသတ်မယ်”ဟု ကြွေးကြော်ခဲ့သေးကြောင်းလည်း လွတ်မြောက်လာသည့် မျက်မြင်သက်သေများက ရုရှားသင်းဌာနများသို့ ပြောကြားခဲ့သည်။ ကျွမ်းကျင်သူများက ဗုံးသမားသည် TNTယမ်း (၁၅)ပေါင်မျှကို အသုံးပြုသွားခြင်း ဖြစ်နိုင်ကြောင်း သုံးသပ်ခန့်မှန်းခဲ့သည်။ ယခုဖြစ်ပွားခဲ့သည့် အသေခံဗုံးခွဲမှုနှင့် ပတ်သက်ပြီး အစိုးရအနေနှင့် အင်တိုက်အားတိုက် စုံစမ်းဖော်ထုတ်ရန် ဆုံးဖြတ်ထားကြောင်း ရုရှားသမ္မတ ဒီမီထရီ မက်ဗီဒက်ဗ်က ပြောကြားလိုက်သည်။

Moscow Airport Blast

သမ္မတ မက်ဗီဒက်ဗ်က “အရင်က ဒီလိုဖြစ်ရပ်မျိုးကို သင်ခန်းစာယူပြီး လေဆိပ်လုံခြုံရေးကို ပိုပြီးအဆင့်မြှင့်ထားတာပါ။ ဒါပေမယ့် ဗုံးသမားဟာ ဖောက်ခွဲရေးပစ္စည်းတွေကို လေဆိပ်ထဲထိ ယူလာနိုင်ခဲ့တဲ့အတွက် ယိုပေါက်တွေ ရှိနေတယ်ဆိုတာ သိသာပါတယ်။ ဒီပြဿနာကို အောက်ခြေကစ စုံစမ်းဖို့ လိုပါတယ်”ဟု ပြောကြားခဲ့သည်။ ရုရှားဝန်ကြီးချုပ် ဗလာဒီမာပူတင်ကလည်း ယခုလုပ်ရပ်သည် အကြမ်းဖက်မှု တစ်ခုဟု စွပ်စွဲလိုက်ပြီး အစိုးရအနေနှင့် တုန့်ပြန်အရေးယူသွားမည်ဟု ကတိပြုခဲ့သည်။ ဥရောပယူနီယံ၊ အမေရိကန်နှင့် ဗြိတိန်တို့ကလည်း ရုရှားအစိုးရအား ထောက်ခံခဲ့ပြီး ရုရှားပြည်သူများ၏ ကြေကွဲဝမ်းနည်းမှုနှင့် ထပ်တူခံစားရကြောင်း ကြေညာခဲ့သည်။ ဗြိတိန်ဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန်က “အကြမ်းဖက်သမားတွေနဲ့ ရင်ဆိုင်ရာမှာ ဘယ်တော့မှ အလျှော့ပေးလို့ မဖြစ်ဘူး”ဟု သတင်းထောက်များအား ပြောဆိုသွားသည်။

Source: BBC

ဘယ်နိုင်ငံတွေမှာ ငွေကြေးဖောင်းပွမှုနှုန်း အများဆုံးလဲ

ကမ္ဘာ့ဖွံ့ဖြိုးပြီးနိုင်ငံများက စီးပွားရေး ပြန်လည်နာလန် ထဖို့ ကြိုးစားနေရချိန်တွင် တရုတ်နှင့် အိန္ဒိယတို့ စီးပွားရေးမှာ တိုးတက်မှုတွေ အပြိုင်ကြွားနေသော်လည်း ငွေကြေးဖောင်းပွမှုနှုန်း အမြင့်ဆုံး နိုင်ငံတွေ ဖြစ်နေသည်။
ငွေကြေးဖောင်းပွမှုနှုန်း တိုင်းတာတဲ့ စားသုံးသူ ဈေးနှုန်းညွှန်းကိန်း (consumer-price index) အရ ၂၀၀၉ နဲ့ နှိုင်းယှဉ်ရင် ၂၀၁၀ အိန္ဒိယရဲ့ ငွေကြေးဖောင်းပွမှုနှုန်းမှာ ၁၃.၄ % အထိ ကြောက်မက်ဖွယ် မြင့်မားနေသည်။ တရုတ်ရဲ့ ငွေကြေးဖောင်းပွမှုနှုန်းက ၄.၇% အထိ ရှိသည်။ နှစ်နိုင်ငံစလုံး တိုးတက်မှု ဂျီဒီပီ ကိန်းဂဏန်းများကို ပြသော်လည်း အစားအစာ၊ အ၀တ်၊ နေထိုင်စရိတ်၊ ဆေးဝါးခ စတဲ့ အရပ်ရပ်ဈေးနှုန်း ဖောင်းပွမှုကိုတော့ ဖုံးဖိထားကြသည်။
ဥရောပတွင် ငွေကြေးဖောင်းပွမှုအမြင့်ဆုံး နိုင်ငံတစ်နိုင်ငံကတော့ ဗြိတိန် ဖြစ်သည်။ ဗြိတိန်ရဲ့ ဒီဇင်ဘာလ CPI ညွှန်းကိန်းမှာ ၃.၇ % အထိရှိခဲ့သည်။ အခြား ဥရောပနိုင်ငံများလည်း သူတို့ ဥရောပဇုံ ငွေကြေးဖောင်းပွမှုနှုန်း သတ်မှတ်ချက်ထက် အနည်းငယ် ပိုနေသည်။
တိုင်းပြည်များအကြား လူထုရဲ့ စားသုံးရမှု ပုံစံမှာ ခြားနားသည်။ ဖွံ့ဖြိုးပြီးနိုင်ငံကြီးများမှ စားသုံးသူများမှာ သူတို့ဝင်ငွေကို နေ့စဉ် အစားအစာအတွက် ကုန်ကျမှု သိပ်မရှိလှသော်လည်း၊ တရုတ်နဲ့ အိန္ဒိယတို့မှ လူထုရဲ့ နေ့စဉ် ၀င်ငွေက အစားအစာ ကုန်ကျမှုထဲ ပိုရောက်သွားရသည်။ တရုတ်လူထု ၀င်ငွေရဲ့ ၃၃% က အစားအစာအတွက် ကုန်ကျပြီး၊ အိန္ဒိယ လူထုဝင်ငွေက အစားအစာအတွက် ၄၆% ကုန်ကျသည်။
ထို့ကြောင့် ကမ္ဘာ့ အစားအစာ ကုန်ဈေးနှုန်းက ငွေကြေးဖောင်းပွမှုအတွက် အဓိက ပြဿနာကြီး ဖြစ်နေသည်။ ချမ်းသာတဲ့နိုင်ငံတွေမှာတော့ ငွေကြေးဖောင်းပွမှုဖက်တာက အစားအစာကြောင့်မဟုတ်ဘဲ လောင်စာ စွမ်းအင်က အဓိက ဖြစ်သည်။ သူတို့လူထုက အစားအစာအတွက် သိပ်ကုန်ကျမှုမရှိလို့၊ အစားအစာအတွက် ကုန်ကျမှုများတဲ့ ဆင်းရဲတဲ့ နိုင်ငံတွေထက် ငွေကြေးဖောင်းပွမှု ပိုမိုသက်သာလေ့ရှိသည်။
ပြီးခဲ့တဲ့ ဆယ်စုနှစ်အတွင်း မြန်မာနိုင်ငံရဲ့ နှစ်စဉ် ဂျီဒီပီ တစ်ဦးချင်းဝင်ငွေ၊ ငွေကြေးဖောင်းပွမှုနှုန်း၊ ဆင်းရဲချမ်းသာ ကွာဟချက်၊ အစိုးရဘတ်ဂျက်ရှင်းတမ်း စတဲ့စတဲ့ မှန်မှန်ကန်ကန် အချက်အလက်တွေ ဘယ်မှာလဲ။ ပြည်တွင်းမှာ ဘယ်အဖွဲ့အစည်းတွေက ပြုစုနေပါသလဲ။ အထူးသဖြင့် လွတ်လပ်တဲ့ မည့်သည့်ပညာရှင်အုပ်စု၊ အဖွဲ့အစည်းက ပြုစုနိုင်ပါသလဲ။ စီးပွားရေး တက္ကသိုလ်က နှစ်စဉ် မည့်သည့် စီးပွားရေး သုံးသပ်ချက်နဲ့ စာအုပ်တွေ ထုတ်နိုင်ပါသလဲ။
ရည်ညွှန်း OECD statistics

အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဟောင်း ကွန်ဒိုလီဇာရိုက်စ်နှင့် မေးခွန်း ၁၀ ခွန်း


ယခင် အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဟောင်း ကွန်ဒိုလီဇာရိုက်စ်ဟာ သမ္မတဘုရှ် လက်ထက်မှာ ကျော်ကြားတဲ့ အမေရိကန်အမျိုးသမီး နိုင်ငံရေးသမားများထဲမှာ တစ်ဦး အပါအ၀င် ဖြစ်ခဲ့ပါတယ်။ မစ္စရိုက်စ်ဟာ မျိုးရိုးအရလည်း လူမည်းသွေးနှောတဲ့ အာဖရိကန် အမေရိကန်နွယ်ဖွားတစ်ဦးဖြစ်ပြီး စစ်အေးခေတ်အတွင်း ကြီးပြင်းလာခဲ့သူပီပီ ဆိုဗီယက်ယူနီယံ အကြောင်းလေ့လာကာ ဆိုဗီယက်ရေးရာ ကျွမ်းကျင်သူတစ်ဦး အဖြစ်လည်း လုပ်ကိုင်လာခဲ့သူဖြစ်ပါတယ်။
ဒါ့အပြင် မစ္စရိုက်စ်ဟာရာထူးက အနားယူခဲ့ပေမယ့်လည်း အဆင့်မြင့် ထိပ်တန်းသံအမတ်တစ်ဦး ဖြစ်ခဲ့တာမို့ သူမရဲ့ ကမ္ဘာ့ရေးရာအမြင်တွေကလည်း အလေးထားဖွယ်ဖြစ်နေဆဲပါ။ ယခုဖော်ပြလိုက်တာကတော့ တိုင်းမ်မဂ္ဂဇင်းကြီးမှာ ပါဝင်နေကျဖြစ်တဲ့ မေးခွန်း ၁၀ ခုကဏ္ဍမှ စာဖတ် ပရိသတ်များမေးပြီး မစ္စရိုက်စ်က ဖြေထားတဲ့ အဖြေများပါပဲ။
ဘုရားကျောင်းရယ်၊ အနုပညာရပ်တွေနဲ့နီးစပ်တဲ့မိသားစုနောက်ခံကလာတဲ့ အလာစကာပြည်နယ်ဘာမင်ဂမ်က အာဖရိကန်-အမေရိကန်အမျိုးသမီးတစ်ဦးဟာ ဆိုဗီယက်ယူနီယံရေးရာကျွမ်းကျင်သူတစ်ဦး ဘယ်လိုဖြစ်လာတာပါလဲ။
ကာစတန်ကာဇေး၊ဘတ်ဟွန်းနတ် (ဂျာမနီ)
ကျွန်မဘယ်သူဆိုတာကို သိနားလည်ဖို့ ဒီနေ့ကျွန်မ ဘယ်လိုဖြစ်လာတယ်ဆိုတာ သိနားလည်ဖို့ အရင်ဆုံးကျွန်မ မိဘတွေဖြစ်တဲ့ဂျွန်နဲ့ အန်ဂျယ်လီနာရိုက်စ်တို့ကိုသိထားရပါမယ်။ ကျွန်မ ငယ်ငယ်က အဖေနဲ့ အမေ့ကို ကျွန်မတော့ဆိုဗီယက်ရေးရာ ကျွမ်းကျင်သူတစ်ဦး ဖြစ်ချင်တယ်လို့ပြောတော့ သူတို့က ကြိုးစားလေ သမီးတဲ့။ ဒီဇာတ်လမ်းလေးကတော့ လူမျိုးနဲ့ လိင်ကွဲပြားမှု အကန့်အသတ်တွေရှိတယ်ဆိုတာ မယုံကြည်ခဲ့တဲ့မိန်းကလေးတစ်ဦးရဲ့ ဇာတ်လမ်းဖြစ်ပါတယ်။
အစ္စရေး-ပါလက်စတိုင်း ပဋိပက္ခကိုဖြေရှင်းနိုင်မယ့် လက်တွေ့ကျတဲ့ကာလရှည်ဖြေရှင်းချက်တစ်ခုများရှိပါသလား။
တိုင်လာပက်၊ ဒေးဗီးစ်(ကယ်လီဖိုးနီးယား)ပြဿနာဖြေရှင်းချက်တစ်ခုရှိပါတယ်။
အဲဒါကတော့ နှစ်နိုင်ငံ ဖြေရှင်းချက် two-state solution ဆိုတဲ့တစ်ခုတည်းသောဖြေရှင်းနည်းပါ။ ဒီအချက်အရ ပါလက်စတိုင်းတွေလည်း သူတို့ဘာသာသူတို့ အုပ်ချုပ်နိုင်တဲ့ ပါလက်စတိုင်းနိုင်ငံ တစ်ခုရှိသွားပြီး အဲဒီနိုင်ငံဟာ အစ္စရေးနဲ့ ဘေးချင်းကပ်လို့ ဒီမိုကရေစီနဲ့ ငြိမ်းချမ်းမှုရှိရှိနေသွားနိုင်ဖို့ပါ။
အမေရိကန်ဦးဆောင်တဲ့ အီရတ်ကျူးကျော်မှုမှာ အီရန်ဟာ အနိုင်ရသူဖြစ်ခဲ့တယ်ဆိုတာကို ဘယ်အချက်နဲ့ ပြောနိုင်ပါသလဲ။
လင်ဒန်ရစ်ချတ်၊ မီးလ်ပစ်တတ်စ်(ကယ်လီဖိုးနီးယား)
အီရန်တွေက သူတို့ကိုယ်သူတို့အောင်နိုင်သူတွေလို့ မမြင်ကြဘူးလို့ ကျွန်မထင်ပါတယ်။ အီရတ်ဟာ အီရန်သြဇာလွှမ်းမိုးမှုကိုကာကွယ်ထားတဲ့ ကတုတ်ကျင်းတစ်ခုဖြစ်နေဆဲပါ။ အကြောင်းကတော့အီရတ်တွေဟာ အာရပ်လူမျိုးတွေဖြစ်ပြီး သူတို့မှာ အီရန်တွေအပေါ် ယုံကြည်မှုတကယ်မရှိကြဘူး။ ဒါ့အပြင် အီရန်ဟာပြည်တွင်းမှာ အပြောင်းအလဲအတွက်ဖိအားပေးနေတဲ့ လူထုရဲ့အပူရှိန်ကိုလည်း ခံစားနေရပါတယ်။
အစိုးရအဖွဲ့ထဲ ပါခဲ့တဲ့လူကြီးမင်းရဲ့အချိန်တွေအတွက် နောင်တရတာတွေများ ရှိပါသလား။
ရော်ဘီဒန်ဂျူ၊ ပလာနို(တက္ကဆတ်)
ရှင်တို့လည်း သိပ်ရှုပ်ထွေးတဲ့ကာလတစ်ခုထဲ ရောက်နေရင်ကျွန်မတို့လိုပဲ၊ နောက်ဆိုပိုကောင်းအောင်လုပ်နိုင်မယ့် ကိစ္စတွေအများကြီးကြုံရမှာပါ။ အီရတ်မှာဆို ဆက်ဒမ်ဟူစိန်ကို နောက်တစ်ကြိမ် ကျွန်မဖြုတ်ချချင်တယ်။သူဟာ ဒီဒေသရဲ့ ကင်ဆာရောဂါတစ်ခုဖြစ်ခဲ့တယ်။ ဒါပေမဲ့ ကျွန်မတို့ဟာ အီရတ်ကို အပြင်ဘက်ကနေပဲ တည်ဆောက်ပေးဖို့ ကြိုးစားသင့်တယ်လို့ ထင်ပါတယ်။
တီးပါတီ (Tea Party) နဲ့ပတ်သက်လို့ လူကြီးမင်းရဲ့ အမြင်တွေဘယ်လိုရှိပါသလဲ။
မာစီယာဖတ်စ်မင်း၊ မီဒီးယား(ပင်ဆယ်ဗေးနီးယား)
တီးပါတီနာမည်နဲ့ ပြောကြသမျှအရာရာတိုင်းကိုတော့ ကျွန်မသဘောမတူပါဘူး။ ဒါပေမဲ့ အမေရိကန်လူမျိုးတွေဟာ ဒီနည်းနဲ့စုစည်းသင့်ပါတယ်။ သူတို့က နိုင်ငံရေးမှာ ကျွန်မတို့ ပြည်သူတွေကို ကိုယ်စားပြုနေတဲ့သူတွေဟာ သာမန်အမေရိကန် လူမျိုးတွေလုပ်နေသလို ဆွေးနွေးပြောဆိုနေကြတာထဲ ပါဝင်ပြီး ပိုကောင်း၊ ပိုသင့်တော်တယ်ဆိုတဲ့ အမှာစကားမက်ဆေ့ခ်ျ ၀ါရှင်တန်ကို ပို့နေတယ်လေ။ ဒါသိပ်ကောင်းတယ်လို့ ကျွန်မထင်ပါတယ်။
အာဖရိကမှာရှိတဲ့ ဒီမိုကရေစီရဲ့အခြေအနေကို လူကြီးမင်း ဘယ်လိုအကဲဖြတ်ချင်ပါသလဲ။
ချင်မက်ဇီဘွန်နီဘီလန်မာ၊ဒါဘန် (တောင်အာဖရိက)
ခုဆို အာဖရိကမှာ ခေါင်းဆောင်မှုကောင်းကောင်း ရှိနေပါ ပြီ။ ဒါဟာ ဆယ်စုနှစ်တစ်စုစာတောင်မကတော့ပါဘူး။ တန်ဇန်နီးယား၊ ဘော့စ၀ါနာနဲ့ မာလီတို့လိုနေရာမျိုးတွေမှာ ဒီမိုကရေစီစနစ်တွေ ကောင်းကောင်းအလုပ်လုပ်နေပြီး ခေါင်းဆောင်တွေဟာလည်း အာဏာကို ငြိမ်းချမ်းစွာ လွှဲပြောင်းဖို့ သင်ယူခဲ့ကြပြီးပြီ။ နိုင်ငံကြီးတွေဖြစ်တဲ့ တောင်အာဖရိကနဲ့နိုင်ဂျီးရီးယားတို့ကလည်း ဒီလမ်းကြောင်းကိုလိုက်ပြီး အစိုးရအုပ်ချုပ်ရေး ပိုကောင်းလာမယ်ဆိုရင် ဒါဟာသူတို့အတွက် အထောက်အကူ ဖြစ်မှာပါ။
နယူးယောက်မြို့တော်က ၉/၁၁တိုက်ခိုက်ခံရမှုနေရာ Ground Zero အနီးမှာ ဆောက်လုပ်မယ့်ဗလီဝတ်ကျောင်းနဲ့ ပတ်သက်လို့လူကြီးမင်း ဘယ်လိုထင်မြင်မိပါသလဲ။
ဒေးဗစ်ရိုက်စ်၊ ရမ်းစတိန်း(ဂျာမနီ)
လူတိုင်းကတော့ ဘာသာရေးလွတ်လပ်ခွင့်နဲ့ သည်းခံမှု တရားအကြောင်း နားလည်ကြပါတယ်။ ဒီအမြင်နဲ့ဆိုရင်တော့ ဘယ်ပုဂ္ဂိုလ်မဆိုဟာ ဘယ်နေရာမှာမဆို အဆောက်အအုံ ဆောက်လုပ်ခွင့် ရှိတယ်ဆိုတာ သိက္ခာချတာ မဟုတ်ပါဘူး။ ဒါပေမဲ့ စက်တင်ဘာ ၁၁ မှာ ဖြစ်ပျက်ခဲ့တာရဲ့ဒဏ်ရာဒဏ်ချက်ကိုတော့ ထည့်တွက်ကြပါ။
စန္ဒရားတီးရင် လူကြီးမင်းအကြိုက်ဆုံးတီးလုံးက ဘာပါလဲ။
အဲလစ်ဆာဂရင်း၊ဖရက်ဒရစ်စဘာ့ဂ်(ဗာဂျီးနီးယား)
ဂီတစာဆို ဘရာဟမ်ရဲ့ Opus 118 သီချင်းရဲ့ ဒုတိယ Inter Mezzo ပါ။ ဒီကမ္ဘာမြေက မထွက်ခွာခင်တော့ သူ့ရဲ့ Second Piano Concerto ကိုတီးနိုင်ဖို့ ကျွန်မမျှော်လင့်ထားပါတယ်။ အဲဒါကိုပိုပြီးကောင်းအောင် တီးနိုင်ဖို့ကျွန်မ ကြိုးစားရပါဦးမယ်။
—Ref: 10 Questions for Condoleezza Rice
Main Image: 



အမေရိကန်ရေတပ်တွင် လက်နက်နည်းပညာ အဆင့်မြှင့်တင်မှုပြုလုပ်
ရေတပ်သည် လေယာဉ်များကို ပစ်ချသည့် စက်အမြောက်မြားနေရာတွင် အင်အားပြင်းလှသည့် လေဆာရောင်ခြည်ကို အစားထိုး အသုံးပြုရန် စမ်းသပ်နေပြီဖြစ်

အမေရိကန်ရေတပ်တွင် လက်နက်နည်းပညာ အဆင့်မြှင့်တင်မှုပြုလုပ်
အမေရိကန်ရေတပ်သည် လက်နက်နည်းပညာနှင့် ပတ်သက်၍ ကြီးမားသော အဆင့်မြှင့်တင်မှု တစ်ခုကို စတင်လုပ်ဆောင်နေကြောင်း သိရသည်။ ရေတပ်သည် လေယာဉ်များကို ပစ်ချသည့် စက်အမြောက်မြားနေရာတွင် အင်အားပြင်းလှသည့် လေဆာရောင်ခြည်ကို အစားထိုး အသုံးပြုရန် စမ်းသပ်နေပြီဖြစ်သည်။ ရေတပ်သုတေသနရုံးက မျိုးစပ်နည်းပညာသုံး လေဆာလက်နက်ကို သရုပ်ပြ စမ်းသပ်ခဲ့ပြီး လေထဲသို့ အီလက်ထရွန်များ လွှင့်ထုတ်ကာ အင်အားပြင်းထန်သော လေဆာရောင်ခြည်တန်းကို ဖြစ်ပေါ်စေနိုင်ကြောင်း သက်သေပြခဲ့သည်။ ထိုရောင်ခြည်ကို သာမန်မျက်စိဖြင့် တွေ့မြင်ရမည်မဟုတ်သော်လည်း ပစ်မှတ်ကို အပြီးသတ် ချေမှုန်းဖျက်ဆီးလိုက်နိုင်မည်ဖြစ်သည်။



ရောင်ခြည်အားကို မဂ္ဂါဝပ်အဆင့်ထိ မြှင့်တင်ပြီးချိန်တွင် ယင်းသည် ရေတပ်အတွက် မျိုးဆက်သစ် လက်နက်တစ်မျိုး ဖြစ်လာရန် ရည်ရွယ်ထားသည်။ လွတ်လပ်သော အီလက်ထရွန်လေဆာ နည်းပညာ (FEL)ကို အသုံးပြုထားသည့် လက်နက်သည် လေကြောင်းကာကွယ်ရေးတွင် အဓိက သုံးစွဲရန် ရည်ရွယ်ထားကြောင်း ယင်းလက်နက်စီမံကိန်း မန်နေဂျာ ကွမ်တင်ဆော်လ်တာက ပြောကြားသွားသည်။ “လောလောဆယ်တော့ စမ်းသပ်ဆဲအဆင့်မှာပဲ ရှိပါသေးတယ်။ (၂၀၁၁)နှစ်ကုန်ပိုင်းလောက်မှာတော့ ရေတပ်သင်္ဘောတချို့မှာ လက်တွေ့တပ်ဆင်နိုင်ဖို့ မျှော်လင့်ပါတယ်”ဟု ဆော်လ်တာကဆိုသည်။ သုတေသီများသည် စွမ်းအားပြည့် လေဆာနည်းပညာကို (၂၀၁၈)ခုနှစ်တွင် စတင်သုံးစွဲနိုင်မည်ဟု မျှော်လင့်နေသည်။ အမေရိကန်စစ်တပ်သည် လေဆာနည်းပညာကို ယခင်ကတည်းက လေ့လာမှုများ ပြုလုပ်ခဲ့သော်လည်း အောင်မြင်မှု မရခဲ့ပေ။ (၁၉၇၆)ခုနှစ်တွင် ဂျွန်မာဒေးက စတမ်းဖို့ဒ်တက္ကသိုလ်တွင် စတင်စမ်းသပ်ခဲ့ပြီး (၁၉၈၀)ပြည့်လွန်နှစ်များတွင် လူသိများလာသည့် နည်းပညာသည် မကြာမီ နှစ်ပိုင်းအတွင်း အမှန်တကယ် သုံးစွဲလာနိုင်တော့မည်ဟု ယူဆရကြောင်း ရေတပ်က ပြောကြားထားသည်။

Source: FoxNews


Titanic သ​င်္ဘောကြီး​ ဘက်တီး​ရီး​ယား​ပိုး​ကြောင့်​ နှစ် ၂၀ အတွင်း​ ​ပျောက်ကွယ်သွား​ဖွယ်ရှိ


alt
ကမ္ဘာ​ကျော် Titanic သ​င်္ဘောပျက်ကြီး အစိတ်အပိုင်းတခု​​ © dailymail
ကမ္ဘာ ​ကျော် Titanic သ​င်္ဘောပျက်ကြီး​သည် အဖျက်စွမ်း​အား​ ကြီး​မား​သော ဘက်တီး​ရီး​ယား​ တစ်မျိုး​ကြောင့်​ လာမည့်​နှစ် ၂၀ အတွင်း​ အပြီး​တိုင် ​ပျောက်ကွယ်သွား​ဖွယ်ရှိ​ကြောင်း​ သိပ္ပံပညာရှင်များ​က သတိ​ပေး​ ​ပြောကြား​လိုက်သည်။
၁၉၁၂ ခုနှစ်က ​ရေခဲတုံး​ကြီး​တစ်ခုနှင့်​ တိုက်မိပြီး​နောက် နစ်မြုပ်ခဲ့​ရသည့်​ နာမည်​ကျော် သ​င်္ဘောကြီး​သည် သတ္တုများ​ကို ဝါး​မျိုဖျက်ဆီး​နိုင်​သော ​ရေ​အောက် ဘက်တီး​ရီး​ယား​ တစ်မျိုး​၏ တိုက်ခိုက်မှုကို ခံ​နေရ​ကြောင်း​ DNA နည်း​ပညာ စစ်​ဆေး​မှုများ​အရ သု​တေသီများ​က ​တွေ့​ရှိလာခဲ့​သည်။ Halomonas Titanicae ဟု အမည်​ပေး​ထား​သည့်​ ဘက်တီး​ရီး​ယား​ပိုး​ကို သ​င်္ဘောပျက်ကြီး​တွင် ခို​အောင်း​နေ​ကြောင်း​ ပညာရှင်များ​က အတည်ပြုနိုင်ခဲ့​သည်။ ဟယ်လီဖက်ရှိ ဒယ်ဟူဆီတက္ကသိုလ်မှ ​ဒေါက်တာဘက်ဗလင်း​ကောသည် စပိန်မှ သု​တေသီများ​နှင့်​ လက်တွဲသု​တေသနပြုခဲ့​ပြီး​နောက် ယင်း​ပိုး​မွှား​အား​ ​တွေ့​ရှိခဲ့​ခြင်း​ဖြစ်သည်။
အဆိုပါ ဘက်တီး​ရီး​ယား​မျိုး​ကို ၁၉၉၁ ခုနှစ်က သု​တေသီများ​က စတင်​ဖော်ထုတ် ​တွေ့​ရှိခဲ့​သည်။ ယင်း​ဘက်တီး​ရီး​ယား​ မျိုး​ကွဲ​ပေါင်း​ ၂၇ ခုမျှ ရှိ​နေပြီး​ Halomonas Titanicae သည် သံသတ္တုကို သိသာစွာ ဖျက်ဆီး​နိုင်​ကြောင်း​ ​တွေ့​ရှိရသည်။ Titanic သ​င်္ဘောသည် လူသား​တို့​အတွက် သမိုင်း​ဝင် မှတ်တိုင်တစ်ခုအဖြစ် ရပ်တည်​နေပြီး​ ယင်း​ကို အပြီး​တိုင် ဆုံး​ရှုံး​ရခြင်း​သည် အလွန်ကြီး​မား​သော နစ်နာမှုကြီး​တစ်ခု ဖြစ်လာနိုင်​ကြောင်း​ ပညာရှင်များ​က ​ပြောကြား​သွား​သည်။


ပါကစ္စတန်မှ ခေါင်းမြီးခြုံ မိခင် မူလတန်း စတက်ပြီ


အသက် ၂၅နှစ်ရှိ ကလေးသုံးယောက်မိခင် ရုစနာ ဘတူးလ် မှာ ပါကစ္စတန်နိုင်ငံ အနောက်မြောက်ဖက် ကျေးရွာ မူလတန်းကျောင်း တစ်ကျောင်းတွင် ကလေး ငယ်များနှင့်အတူ အရေးအဖတ် စတင်သင်ယူနေပြီ ဖြစ်သည်။
မိခင် ဘတူးလ် က ‘ဘာကာ” ခေါ် အဖြူရောင် အစ္စလမ် ၀တ်ရုံခြုံထည်ရှည်နဲ့ သူ့တစ်ကိုယ်လုံး ဖုံးထားပြီး၊ ကလေးငယ်များ အလယ်တွင် အရပ်မိုးထိုးပြီး စာအံနေသည်။
သူမ မျက်နှာဖုံးထားတဲ့ ဇာပါဝါပါး အကွက်ပေါက်ကြားမှ “ကျမ ဒီနေရာကို သိပ်ချစ်တယ်။ ကျမကလေးတွေကို ကျောင်းကို အရင်လာပို့ထားတာ၊ သူတို့ စာသင်နေတာတွေ့တော့ ကျမလည်း စာသင်ချင်လာတယ်။ ဒါနဲ့ ကျောင်းတက်ဖြစ် သွားတာ” ဟု CNN သတင်းထောက်ကို ပြောပြသည်။
ပြီးခဲ့တဲ့ ဒီဇင်ဘာလတွင် မူလတန်းဆရာက ကျောင်းတွင် စာရင်းပေးသွင်းဖို့ သူမကို တိုက်တွန်းခဲ့သည်။ ဘတူးလ် မိဘများမှာ သူမ ကျောင်းတက်ဖို့ ဘယ်တုန်းကမှ ခွင့်မပြုခဲ့။ ဒါပေမဲ့ သူမ ဘ၀အိပ်မက်က ကျောင်းတက်ဖို့ဖြစ်ကြောင်း ရင်ဖွင့်ခဲ့သည်။
ယခု ကျောင်းတက်ခေါင်းလောင်းထိုးရင် စာသင်ခန်းထဲဝင်ပြီး၊ သူမ အချစ်ဆုံး အတန်းဖော် နှစ်ယောက်နဲ့ တွဲထိုင်သည်။ အတန်းဖော်တွေက အသက် ၄ နှစ်နှင့် ၅ နှစ်ရှိ သူမသား နှစ်ယောက် ဖြစ်သည်။ သူမဆရာ မားဒ်ဖစ်ဇာ က “သူ စာသင်ဖို့ စိတ်ဝင်စားတာ ကျနော် ကြိုဆိုရမှာပေါ့။ အတန်းဖြုတ်ချိန်မှာတောင် ကျနော် သင်ပေးမယ်လို့ သူ့ကို ပြောပြီးသား” ဟု ပြောသည်။
ဘတူးလ်မှာ သူမကို ကျောင်းသွားဖို့ အမြဲတိုက်တွန်းတဲ့ ခင်ပွန်းသည်ကို ကျေးဇူးတင်မဆုံး ဖြစ်နေသည်။ ပါကစ္စတန်နိုင်ငံ ဒေသအများစုတွင် လူမှုရေး၊ ယဉ်ကျေးမှု အဟန့်အတားများနဲ့ အစွန်းရောက်ဝါဒ ပျံ့နှံမှုများကြောင့် အမျိုးသမီးများ ပညာရေးမှာ ဆိုးဆိုးရွားရွား နစ်နာခဲ့ရသည်။ အစွန်းရောက် ဘာသာရေး အုပ်စုများက အမျိုးသမီးများ ပညာသင်ကြားမှုမှာ အစ္စလာမ်ထုံးစံနဲ့ မကိုက်ညီကြောင်း၊ မိန်းကလေးငယ်များကို ကျောင်းမလွှတ်ဖို့ မိဘများကို တားမြစ်သတိပေးမှုများ ရှိနေသည်။
အာဖဂန်နစ္စတန်နဲ့ နယ်နမိတ်ထိစပ်နေတဲ့ ဒေသများတွင် တာလီဘန်များက ကျောင်း ရာပေါင်းများစွာ ဗုံးကြဲမီးရှို့ ဖျက်ဆီးမှုများ ရှိခဲ့သည်။ လက်ရှိ ပါကစ္စတန် အစိုးရအနေနှင့် ကျောင်းများ ပြန်လည်တည်ဆောက်ဖို့ မစွမ်းနိုင် ဖြစ်နေသည်။
အတော်အတန် သဘောထားပျော့ပြောင်းတဲ့ ကျေးလက်များတွင်ပင် မိဘများက သူတို့သမီးများကို ယောက်ျားလေးများနဲ့ အတူတွဲ ကျောင်းထားဖို့ လက်မခံနိုင် ဖြစ်နေသည်။ ဆယ်ကျော်သက် မိန်းကလေး သန်းပေါင်းများစွာမှာ အိမ်နောက်ဖေး မီးဖိုချောင်အလုပ် လုပ်ရင်း လင်ယူသားမွေး ပွားစီးကြရသည်။
မကြာခင်က စစ်တမ်းများအရ ပါကစ္စတန် အမျိုးသမီး ၁၀ ဦးတွင် ၄ ဦးသာ စာရေးတတ် ဖတ်တတ်ပြီး၊ ကမ္ဘာ့ စာတတ်မြောက်မှုနှုန်းတွင် ပါကစ္စတန်က အဆိုးဆုံး ဖြစ်နေသည်။ ဘတူးလ်ရဲ့ ဆရာ ဖစ်ဇာ က “ဒီတိုင်းပြည်မှာ ဖြစ်နေတဲ့ ပြဿနာအားလုံးကို ဖြေရှင်းဖို့ အဓိက သော့ချက်ကတော့ အမျိုးသမီးပညာရေး ပေးဖို့ပဲ။ အမျိုးသမီးတစ်ယောက် ကျောင်းနေဖူးသွားရင် သူ့မိသားစုတစ်ခုလုံး ပညာတတ်တွေ ဖြစ်လာမယ်” ဟု သတင်းထောက်ကို ပြောခဲ့သည်။
ယခု မိခင်လေး ဘတူးလ် မူလတန်းကျောင်းသားအဖြစ် ရဲရဲဝံ့ဝံ့ ခံယူလိုက်ခြင်းမှာ အခြား ပါကစ္စတန် အမျိုးသမီးများ ကျောင်းတွေထဲ ရောက်လာဖို့နဲ့ အစိုးရရဲ့ အမျိုးသမီးပညာရေး လုပ်ဆောင်ဖို့ကို တွန်းအား ပေးလိုက်ခြင်းပင် ဖြစ်သည်။
သတင်း CNN
ဦးဦးမှော်ဆရာ မေးလ် ရရုပ်မှ တစ်ဆင့် တင်ပြချက်

No comments:

Post a Comment