Tuesday, January 25, 2011

အချိန်ကိုစားသောစကားဝိုင်း

အချိန်ကိုစားသော စကားဝိုင်းများ

 
 
ပြောမှဖြစ်တော့မယ် ။ ဂျီတောခ့် ငပုန်းများ (Invisible) ၊ ပီစီရှေ့မှာ မရှိချင်ယောင်ဆောင်သူများ (Always Idle User) .... ဘယ်လိုဖြစ်တာပါလိမ့် ။

၂၄နာရီအဆင်ပြေနေသော လျပ်စစ်မီးနဲ့ အင်တာနက်ကို ပြည့်ပြည့်ဝဝ အသုံးချခွင့်ရချိန်မှာ လူတွေ လူ့အခွင့်အရေးကို တော်တော် အဆုံးရှုံးခံလိုက်ကြတယ် ။

တရားခံဟာ ဘယ်သူလဲဆိုတော့ ……… ( ဘာလို့ မိမိကိုယ်တိုင် အဖြစ်ခံရမှာလဲ) ..

အနှီမောင်လေးတစ်ယောက်က ပြောတယ် ။ “မချတ်အားဘူး ၊ မကျေနပ်ရင်  Block လုပ်လိုက်တွေ ဘာတွေ လူမုန်းခံပြီး ဘာလို့ရေးနေတာလဲ ။ ခေါ်လာလဲ ဖြေချင်ဖြေလိုက် .. မဖြေချင်မဖြေနဲ့ ပေါ့ဗျာ ။ ဂရုစိုက်လို့ ..ကိုယ့်စကားနဲ့ ကိုယ် အမုန်းခံရတယ်လို့” ။

သူလဲ သူ့ထင်မြင်ချက်နဲ့သူ .. ကိုယ်လဲ ကိုယ့်အယူအဆနဲ့ကိုယ် ။ ဘာမှ ဖြေရှင်းစရာအကြောင်းမရှိ ။ ကိုယ်က အမြဲလျစ်လျူရှုထားခြင်းထက် ကိုယ့်သဘောထားအမှန်နဲ့ ကိုယ့်ဘာသာကိုယ် အမုန်းခံလိုက်တာ။

ကျွန်မ ရုံးမှာရှိနေသရွေ့ အွန်လိုင်း အမြဲတမ်းဖွင့်ထားပါသည် ။ မြန်မာပြန်မှ အပေါင်းအသင်းများ ၊ မိတ်ဆွေများ အလွန်အရေးကြီးသော အကူအညီများတောင်းလာခဲ့သော် (မိမိလဲ ကူညီနိုင်ခဲ့သော်) ဆိုတဲ့ စိတ်ရင်းနဲ့ ။ သို့သော် “ဟေ့ .. သူငယ်ချင်း နေကောင်းလား၊ စင်္ကာပူက အခြေအနေလေးပြောပါဦး ..”  စသဖြင့် တောက်တိုမယ်ရ စကားများ ပြောဖို့ မဟုတ်တာတော့ သေချာသည် ။

နောက်တစ်ခုက Burglish/ Myanglish ဖြင့် ချတ်ခြင်းကို အလွန့်အလွန် မဖြစ်မနေ အခြေအနေများမှာပဲ ကျွန်မ လုပ်မည်။ ကွန်ပြူတာ အခြေခံသမားတစ်ယောက်ပဲဖြစ်ဦးတော့ .. ကိုယ့် မြန်မာစာလေး ရိုက်တတ်အောင် (သို့မဟုတ်) စကားပြောဖြစ်လောက်တဲ့ အင်္ဂလိပ်စာလေးတော့  ဖြစ်သင့်တယ်လို့ ယုံကြည်လို့ ။ အင်တာနက် တစ်နာရီ ၅ဝဝ၊ ၆ဝဝ သည် မများသော်လဲ ကုန်သွားတဲ့ ၁ နာရီ၊ ၂နာရီ .. တွေးကြည့်လျင် နှမြောစရာကောင်းလှသည်။ ကလေးတွေကို ပေါက်တတ်ကရ စကားများပြောပြီး အချိန်ကို တန်ဖိုးမထားတတ်သူများ မဖြစ်စေချင် ။

မြန်မာပြည်မှာ (နားမလည် တန်ဖိုးမထားတတ်သူများအတွက်) အပေါဆုံးအရာတစ်ခုပြပါဆိုရင် “အချိန်” ပဲ ။ သို့သော် အဲ့ဒီအရာကပဲ အကျိုးရှိအောင် အသုံးချတတ်ရင် ကိုယ့်အတွက် ဘာမှမရှိခြင်းများထဲက အရင်းအနှီးတစ်ခု ဖြစ်လာနိုင်သည်။

ယခု လက်ရှိ ကျွန်မရဲ့  g.talk စာရင်းတွင် ကျွန်မကို နားလည်သော မိတ်ဆွေအရင်းခေါက်ခေါက်များသာ ရှိသည်။ အသစ်အသစ်များကို တခါတလေ လက်ခံလိုက်သော်လဲ (ဘားဂလစ်ရှ် နဲ့ချတ်ရင် လက်မခံဘူး ဆိုတဲ့) ကြီးကြီးကျယ်ကျယ် စကားကြောင့် ချက်ချင်းပဲ ကိုယ့်ကို ရှောင်ခွာသွားကြသည် ။ ကျေးဇူးတင်ပါသည်။ သူတို့ရဲ့ အလိုက်သိတတ်မှုတစ်ခုအတွက် ။

ကျွန်မဘက်ကလဲ ကျွန်မရဲ့ အခွင့်အရေးနဲ့ ကိုယ်ပိုင်အယူအဆများအပေါ် ဆက်လက်လေးစား အလိုက်သိမှာပဲ ဖြစ်သည် ။

မပုန်းပါ ။ ရှိလျက်နဲ့ မရှိချင်ယောင်မဆောင်ပါ ။ နီထားသော်လဲ အရမ်းအရေးတကြီး အကူအညီလိုအပ်သူများ၊ သတင်းအချက်အလက် ဖလှယ်ရန် လိုအပ်သည်များကို ဆက်လက်ဆောင်ရွက်သွားမည်သာ ဖြစ်သည် ။ သို့သော် မိမိအချိန်များကို အားပါးတရ ဝါးမျိုမဲ့ စကားဝိုင်းများကိုတော့ သိသိသာသာ ဆန့်ကျင်နေဦးမှာပဲ ဖြစ်သည်။
 
 
Loves
Cinderella

No comments:

Post a Comment