Tuesday, January 25, 2011

မြို့ တော်မှာ နေရတဲ့ ဘဝ Life in City

မို့တော်မှာ နေရတဲ့အတွက် လူတွေမှာ ဘယ်လိုကောင်း ကျိုး၊ ဆိုးကျိုးတွေ ရရှိမလဲ၊ မြို့တော်ကြီး သန့်ရှင်း လှပအောင် မြို့နေ လူထုအနေနဲ့ ဘယ်လို ထိန်းသိမ်း စောင့်ရှောက်မလဲဆိုတဲ့ အမြင်တွေ ပါပါတယ်။ မန္တလေးမြို့တင် မဟုတ်ဘဲ မြန်မာ တစ်နိုင်ငံလုံးမှာ ရှိတဲ့ မြို့တွေကို ကိုယ်စားပြုပြီး ဆွေးနွေးသွားမှာပါ။ သဘာဝ ပတ်ဝန်းကျင်နဲ့ ပတ်သက်လို့ အဓိက လုပ်ဆောင်ချက် ကတော့ စာရေးတာပါပဲ။ ကျွန်မ က ရသ စာရေးဆရာမ၊ လုံးချင်း ရေးတဲ့သူဆိုတော့ စပြီး ဆောင်းပါးရေး ကာစ သူစိမ်းတွေလိုပါပဲ။ ဒါပေမဲ့ ဆောင်းပါး ပရိသတ်လည်း ရှိပါတယ်။ သဘာဝပတ်ဝန်းကျင်ကို ဘယ်လို စိတ်ဝင်စားမိလဲ ဆိုတော့ ၁၉၉၅ နှစ်ဦး ပိုင်းမှာ ရန်ကုန် တက္ကသိုလ်နားက လက်ဖက်ရည်ဆိုင် တစ်ခုမှာ ပြင်သစ် ဘာသာသင်ဆရာ မဂ္ဂဇင်း အယ်ဒီတာချုပ် Ma Monsieur Heave Charbonnel နဲ့ ဝိုင်းဖွဲ့စကားပြောရင်း သဘာဝအသစ်၊ တောတွေ အကြောင်း ရောက်သွားတယ်။ ကမ္ဘာကြီးက တစ်စက္ကန့်ကို သစ်တော တစ်ဧကခွဲနှုန်းနဲ့ ဖြုန်းတီးနေတဲ့အတွက် နောက်ရာစုနှစ်တစ်ဝက်အတွင်းရှိသမျှ သစ်တောအကုန်ကုန်သွားနိုင်တယ်ဆိုတဲ့အကြောင်း၊ ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာ သစ်တောခုတ်ပြီး တရားဝင်နိုင်ငံခြားတင်ပို့တာရော၊ တရား မဝင် ခိုးခုတ်တာရော၊ လောင်စာထင်းမီးသွေးအဖြစ် ပြောင်းပစ်တာရော အကြောင်းအမျိုးမျိုးကြောင့် သစ်တောတွေ ပြုန်းတီးလာတဲ့အကြောင်း တွေ ပြောဖြစ်ကြတယ်။ မြန်မာနိုင်ငံမှာဆို ဒုတိယကမ္ဘာစစ်အပြီးမှာ သစ်တော ၅၀ ရာခိုင်နှုန်း ကျော် ဖုံးလွှမ်းနေသေးတယ်။ အခုဆို ၂၈ ရာခိုင်နှုန်း ကျော်ပဲ ရှိတော့တယ်လို့ သိရတယ်။

မစ္စတာအယ်ဗေးရှာဗွန်နဲလ်ကပဲ အန်ကယ်လ်ဦးထွန်းအောင်ရဲ့ သဘာဝတောတောင်ရေမြေခရီးများအကြောင်းကို တစ်ဆင့်ပြန်ပြောပြ တယ်။ အဲဒီစကားဝိုင်းကနေ အာရုံဝင်စားပြီး သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးကို အခြေခံတဲ့ ‘ကမ္ဘာမြေရဲ့ ချစ်သူဝတ္ထုကို ကလျာ မဂ္ဂဇင်းမှာ ရေးဖြစ်ခဲ့တယ်။ ၁၉၉၈ ခုနှစ်’ကမ္ဘာကြီး ပူနွေးလာခြင်း’ ဆောင်းပါးနဲ့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အခန်းဆက် ဆောင်းပါးတွေကို ကလျာမဂ္ဂဇင်းမှာ ၂၀ဝ၁ ခုနှစ်အထိ စဉ်ဆက် မပြတ် ရေးခဲ့တယ်။ ၂၀ဝ၃ ခုနှစ် ဧပြီ ၂၂ ရက်နေ့မှာ ကျရောက်တဲ့ ကမ္ဘာနေ့အထိမ်းအမှတ်အဖြစ် ‘ကျွန်မချစ်သော မြို့တစ်မြို့’ကို ထုတ်ဝေခဲ့ပြီး၊ ‘ကျွန်မချစ်သော နိုင်ငံ’ နဲ့ ‘ကျွန်မချစ်သော ကမ္ဘာမြေ’ ဆောင်းပါးပေါင်းချုပ်စာအုပ် သုံးအုပ်ကို ထုတ်ဝေခဲ့တယ်။

အခုဆိုရင် ကမ္ဘာကြီးမှာ သစ်တောပြုန်းတီးမှုကြောင့် မိုးရေကို ထိန်းသိမ်းမပေးနိုင်တော့ဘူး။ မြေဆီလွှာတွေကိုလည်း မိုးရေက တစ်ပါတည်း တိုက်စားသွားတဲ့အတွက် ကမ္ဘာ့အပေါ်ယံမြေဆီလွှာ တန်ချိန် သန်းပေါင်း 24 billion tons ဟာ နှစ်စဉ်ဆုံးရှုံးနေရတယ်။ ကာဗွန်ဒိုင်အောက်ဆိုဒ်ကို စုပ်ယူသန့်စင်ပေးမယ့် သစ်တောတွေ မရှိတဲ့ အခါ လေထုပါ ညစ်ညမ်းလာတယ်။ အကျိုးဆက်ကတော့ မိုးရေကို ထိန်းမထားနိုင်တော့တဲ့အတွက် သောက်သုံးရေနည်းပါးလာခြင်း၊ မြေဆီလွှာကို ထိန်းမထားနိုင်တော့တဲ့အတွက် ကောက်ပဲသီးနှံဖြစ်ထွန်းမှု နည်းပါးခြင်း စတဲ့ ပြဿနာတွေကို ရင်ဆိုင်ကြရတာပါပဲ။ ကောက်ပဲ သီးနှံတွေ အထွက်နည်း၊ ကမ္ဘာ့လူဦးရေသန်းခြောက်ထောင်နဲ့ မလောက်င တဲ့အတွက် ကုန်ဈေးနှုန်းကြီးမြင့်တာတွေ ဖြစ်လာတယ်။ သစ်ပင် သစ်တောပြုန်းတီးမှု(Deforrstation)၊ မြို့ကြီးတွေမှာလူဦးရေ ထူထပ် ကျပ်သိပ်လာမှု(Population Growth)၊ စက်မှုနည်းပညာ အသုံးများ လာမှု(Technological Growth) စတဲ့ အချက်တွေကြောင့်လည်း (Global Warming)ကမ္ဘာကြီး ပူနွေးလာခြင်းဟာ ကြောက်စရာ ကောင်းတဲ့ ခြိမ်းခြောက်မှု အန္တရာယ်ကြီးဖြစ်နေပါပြီ။

ကမ္ဘာကြီးပူနွေးလာမှုကို တားဆီးလျှော့ချဖို့အတွက် လူဦးရေ ကန့်သတ်နည်း(Birth Controlူ)၊ သင့်လျော်တဲ့ စက်မှုနည်းပညာကို ကမ္ဘာ့ကျန်းမာရေးရှေးရှုသုံးနည်း၊ စွန့်ပစ်ပစ္စည်းတွေကို ပြန်သန့်စင်ပြီး လူသုံးကုန်အဖြစ် ပြန်ထုတ်လုပ်တဲ့နည်း(Recycled and recyclable materials)နဲ့ ကမ္ဘာအရပ်ရပ်မှာ ရှိသမျှနိုင်ငံတွေကို ပတ်ဝန်းကျင် ထိန်းသိမ်းရေးအမြင်ရှိအောင် သင်ကြားပေးနည်း စတာတွေကို ကျင့်သုံး လိုက်နာဖို့ လိုပါတယ်။ အန္တာတိကတိုက်ရဲ့ အထက်ကောင်းကင်က အိုဇုန်းလွှာ ဟာ ၄၀ ရာခိုင်နှုန်း တောင် ပျက်စီးနေပြီလို့ သိရတယ်။ အိုဇုန်းလွှာဆိုတာ နေကလာတဲ့ (Ultra Violet)ခရမ်းလွန်ရောင်ခြည် တွေ ကမ္ဘာဆီတိုက်ရိုက်မရောက်အောင် ကာဆီးထားတဲ့ အလွှာပါ။ အိုဇုန်းလွှာပေါက်ကွဲမှုကြောင့် UV rays တွေ ကမ္ဘာကို တိုက်ရိုက် ထိတွေ့လာတာနဲ့ လူ၊ တိရစ္ဆာန်နဲ့ အပင်တွေဟာ သေကြေပျက်စီးကြရ မယ်။ ရေခဲတောင်တွေ အရည်ပျော်တဲ့အတွက် ရေလွှမ်းမိုးမှု ဖြစ်လာ တယ်။ သိပ္ပံပညာရှင်တွေဟာ ဒီအိုဇုန်းလွှာအပေါက်ကြီးကို ဖာဖို့ ကြိုးစားနေကြတယ်လို့ သိရတယ်။

အန္တာတိကတိုက်နဲ့ ကျွန်မတို့နဲ့ အဝေးကြီးပါ။ အာရှတိုက် အိုဇုန်းလွှာ ပေါက်တာမှ မဟုတ်ဘဲဆိုပေမဲ့ အခုဆို ရာသီဥတုတွေ ပြောင်းလဲသွားတာ အသိသာကြီးပါ။ မိုးရွာသင့်တဲ့ရာသီမှာလည်း မရွာ တော့ဘူး။ ချမ်းအေးရမယ့်ရာသီမှာလည်း စောင်မကပ်ဘူး။ ရန်ကုန်၊ မန္တလေးလို မြို့ကြီးတွေမှာ ပိုသိသာတယ်။ ဒါကြောင့် ကျွန်မက မြို့နေလူထုတွေ ကိုယ့်မြို့တော်ကြီး၊ ကျွန်တော်တို့ ကျွန်မတို့ရဲ့ မြို့ကြီး ကို သန့်ရှင်းသာယာလှပအောင်၊ ရာသီဥတုမှန်အောင် ဘယ်လိုထိန်းသိမ်း ကြမလဲ။ သဘာဝပတ်ဝန်းကျင်မပျက်ဆီးရအောင် ဘယ်လိုစောင့်ရှောက် ကြမလဲဆိုတာတွေကို ဆွေးနွေးချင်တာပါ။ အခုလို ဟောပြောပွဲတွေ ကျင်းပပြီးတော့ပဲဖြစ်ဖြစ်၊ မဂ္ဂဇင်း၊ ဂျာနယ်တွေမှာ အသိပညာပေး ရေးသားပြီးတော့ပဲဖြစ်ဖြစ်၊ တစ်ယောက်ကနေတစ်ယောက် သိသွားပြီ ဆိုရင် ဟောပြောရကျိုး၊ ရေးရကျိုးနပ်တယ် ဆိုရမှာပါ။ ကျွန်မတို့ရေးလို့ ပြုပြင်တာပဲ ဖြစ်ဖြစ်၊ တိုက်ဆိုင်တာပဲ ဖြစ်ဖြစ် အခုဆို ရန်ကုန်မြို့ကြီးမှာ ဟွန်းသံကင်းမဲ့ဇုန်တွေ ပေါ်လာပြီ။ မန္တလေးမှာ ကြွပ်ကြွပ်အိတ်ကင်းစင် မြို့ ဖြစ်နေပြီ။ ဒါတွေဟာ ထိရောက်မှုလို့ပဲ သတ်မှတ်ရင် ရပါတယ်။ ဒါပေမဲ့ လုံးဝကင်းစင်တာမျိုး မဟုတ်ဘဲအိတ်တွေတော့ သုံးနေကြတာကို တွေ့ရသေးတယ်။ အစားထိုးပလတ်စတစ်လုပ်လိုက် ပေမဲ့ ပလတ်စတစ်ဟာ ပလတ်စတစ်ပါပဲ။ Recycled လုပ်လို့ရတာ မှန်သော်လည်း အန္တရာယ်တော့ ရှိနေဆဲပါပဲ။ ပြည်သူလူထုကိုယ်တိုင်က ဒါ အန္တရာယ်လို့ သိမြင်လက်ခံလာမှသာ ပပျောက်နိုင်ပါမယ်။

အခုဆိုရင် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးမှာ ကျွန်မစိတ်နှစ် ထားခဲ့တာ ၁၉၉၅ ခုနှစ်ကတည်းကဆိုတော့ ၁၄ နှစ်ရှိပြီပေါ့။ ပရိသတ်ရဲ့ အမြင်ကလည်း ကျွန်မအပေါ် တဖြည်းဖြည်း ပြောင်းလာတယ်။ လွန်ခဲ့တဲ့ ၂၂ နှစ် ကျွန်မရဲ့’အမှတ်တရ’ဆိုတဲ့ စာအုပ်လေးထွက်ခဲ့တုန်း က ကျွန်မကို (Living together)ရေးတဲ့ စာရေးဆရာမလို့ ပရိသတ် က အမည်ပေးလိုက်ကြတယ်။ ကျွန်မဟာ တကယ်တော့ အချစ်ဝတ္ထု ရေးတဲ့ စာရေးဆရာမပါ။ ‘အမှတ်တရ’ကို ကျွန်မရေးတာ မှန်သော် လည်း ‘Living Together’ဆိုတဲ့စကားကို အဲဒီတုန်းက ကျွန်မ မကြားဖူးခဲ့တာ အမှန်ပါ။ ဘယ်လိုပဲဖြစ်ဖြစ် ကျွန်မကို နှစ် ၂၀ ကျော်တဲ့အထိ ဝေဖန်တဲ့သူတွေရော၊ စာဖတ်တဲ့ပရိသတ်ကိုရော ကျွန်မ ကျေးဇူးတင်ပါတယ်။ အခုတော့ ကျွန်မက ပတ်ဝန်းကျင်ထိန်းသိမ်းရေး နဲ့ပတ်သက်ပြီးကြွပ်ကြွပ်အိတ်ရေးတဲ့ စာရေးဆရာမလို့ ပြောင်းလဲ အမည်တွင်ရပြန်တယ်။ ရှေ့လျှောက်လည်း ကျွန်မ ဝတ္ထုတွေရော၊ ဆောင်းပါးတွေရော ဆက်ရေးသွားဦးမှာပါ။ ကျွန်မကို ချစ်ခင်ကြတဲ့ စာဖတ်ပရိသတ်တွေကို ကျေးဇူးတင်ပါတယ်။

ဂျူး


မှတ်ချက်။ ။
People Connect(Human Resource.Marketing Advertising)ထိပ်တန်း(ဘော်ဒါနှင့် နေ့အထူး)၊ Tip Top (International Education Service Providesျ)တို့က စီစဉ်ပြီး SHAN MAW MYAE Co.,Ltd, JAMES COOK UNIVERSITY, Garmany’s No-1 STIEBEL ELTRON, ရာပြည့်မန္တလေးစာပေ ဖြန့်ချိရေး၊ Media Smile (Vinyl,Sticker,Adversing),Happy(Fancy,Gifts Store), အောင်သမာဓိရွှေဆိုင် စတဲ့ လုပ်ငန်းရှင်များက ဝိုင်းဝန်းပံ့ပိုးတဲ့ ‘ကျွန်တော်တို့၊ ကျွန်မတို့ချစ်သော မြို့’ခေါင်းစဉ်နဲ့ ဟောပြောပွဲတစ်ရပ်ကို၂၀၀၉ခုနှစ်၊ အောက်တိုဘာလ ၁၆ ရက်နေ့ ညနေ ၆းဝ၀ နာရီ ဈေးချိုဟိုတယ်မှာ ကျင်းပခဲ့ပါတယ်။ ဆရာဦးအုန်း(FREDA)၊ စာရေးဆရာမဂျူး၊ စာရေးဆရာ ဦးကျော်ရင်မြင့်တို့က ဆွေးနွေးဟောပြော မှာဖြစ်ပေမဲ့ အခြေအနေအရပ်ရပ်ကြောင့် ဆရာဦးအုန်း မလာရောက်နိုင်ခဲ့ပါဘူး။ယခုဖော်ပြထားသော စာစုကတော့ ဟောပြောပွဲ နှင့် ပတ်သတ်ပြီး Perfect Megazine မှ မကေဇာ က ဒီပွဲလေးကျင်းပတဲ့ ရည်ရွယ်ချက်၊ သဘောထား အမြင်၊ ဟောပြောမယ့် အကြောင်းအရာနဲ့ ရှေ့အလားအလာ တို့ကို မေးမြန်းဖြစ်တဲ့အခါ မှာဆရာမဂျူး ရဲ့ ပြန်လည်ဖြေကြားချက်ပါ။

Source
Perfect Magazine No.3,Volume.4,January 2010
ကေဇာ ရဲ့ "ကျွန်တော်တို့ ကျွန်မတို့ ချစ်သောမြို့ 

No comments:

Post a Comment