Tuesday, December 20, 2011

တန်ဖိုးထားတက်ပါ

ယောက်ျားပျိုတစ်ယောက်ဟာ ရူခင်းသာတစ်နေရာမှာ လှပတဲ့မိန်းမပျိုတစ်ယောက်ကို တွေ့လိုက်မိတယ်။အဲဒီနောက် သူဟာ မိန်းမပျိုနောက် တကောက်ကောက်လိုက်ခဲ့တော့တယ်။ နောက်ဆုံးမှာ မိန်းမပျိုကနောက်လှည့်ပြီး သူ့ကို အရဲစွန့်မေးလိုက်တယ်။ 

"ရှင် ဘာဖြစ်လို့ ကျွန်မနောက် တကောက်ကောက် လိုက်နေရတာလဲ?"

"မင်း အရမ်းချော၊ အရမ်းလှလို့ပါ။ မင်းလောက်ချောတဲ့လူ ငါမတွေ့ဖူးသေးဘူး။ ငါ့ချစ်သူလုပ်ပါလို့ တောင်းဆိုပါတယ်"

"ရှင်အခု နောက်ပြန်လှည့်ကြည့်.. ကျွန်မညီမကို တွေ့လိုက်မယ်။ သူက ကျွန်မထက်တောင် ပိုလှတယ်"

မိန်းမပျိုစကားကြားတာနဲ့ သူချက်ချင်းလှည့်ကြည့်လိုက်တယ်။ ဒါပေမဲ့ ဘယ်မိန်းမလှမှ သူမတွေ့မိလိုက်ပါဘူး။

"မင်း ဘာဖြစ်လို့ ငါ့ကိုလိမ်တာလဲ?"

"ရှင်ကသာ ကျွန်မကို လိမ်နေတာပါ။ တကယ်လို့ ကျွန်မကို ရှင်တကယ်နှစ်သက်ခဲ့ရင် ဘာဖြစ်လို့ ခေါင်းပြန်လှည့်ကြည့်ရသလဲ?"

မိန်းမပျိုက ပြောပြောဆိုဆို နေရာက လှည့်ထွက်သွားတော့တယ်။

လူတွေဟာ လက်ရှိပိုင်ဆိုင်ထားတာကို တန်ဖိုးမထားတတ်ကြဘူး။ ဒါဟာ တခြားလူအတွက်တင်မကာ ကိုယ့်ကိုယ်တိုင်အတွက်လည်း ရှုံးဆုံးမှုတစ်ရပ်၊ နစ်နာမှုတစ်ရပ်ဖြစ်ပါတယ်။ ဘဝမှာလည်း ဒီလိုပါပဲ... ရည်မှန်းချက် ပန်းတိုင်တွေကို ဟိုပြောင်းဒီပြောင်းလုပ်တာဟာ အချိန်ကုန် လူပမ်းတဲ့အပြင် ဘာအကျိုးမှလည်း မဖြစ်ထွန်းစေပါဘူး။

အောင်မြင် သူဆိုတာ ဘာလဲ?

တရုတ်၊ ရုရှား၊ ပြင်သစ်၊ ဂျာမဏီ၊ အီတလီ စတဲ့နိုင်ငံက လူတွေက သူတို့နိုင်ငံရဲ့ယဉ်ကျေးမှုကို အရက်နဲ့ထုတ်ဖော်ပြဖို့ ချိန်းဆိုလိုက်ကြတယ်။

တရုတ်က သူတို့ရဲ့နိုင်ငံ့အရက်လို့ တင်စားခံရတဲ့ အရက်စစ်စစ် Maotai အရက်ကို ထုတ်ပြတယ်။ ရုရှားက Vodka အရက်ကို ထုတ်ပြတယ်။ ပြင်သစ်က ရှန်ပိုင်၊ အီတလီက စပျစ်ဝိုင်၊ ဂျာမဏီက ဝီစကီတွေကိုအသီးသီးထုတ်ပြတယ်။ အဲဒီအချိန်မှာ အမေရိကန်က အေးအေးဆေးဆေးပဲ သူတို့ထုတ်ပြတဲ့ အရက်တွေကိုဖန်ခွက်တစ်ခုထဲ နည်းနည်းချင်းစီသွန်ထည့်ပြီး ပြောလိုက်ပါတယ်။

"ဒါကို Cocktail လို့ခေါ်တယ်။ ဒါဟာ အမေရိကန်လူမျိုးရဲ့ စိတ်ဓာတ်ခွန်အားကိုပြတယ်။ ဆွဲဆောင်ခြင်းကိုပြတယ်၊ ဆန်းသစ်ထီထွင်ခြင်းကိုပြတယ်"

အောင်မြင်သူဆိုတာ တခြားလူထက် ပိုတတ်လို့မဟုတ်ဘူး။ တခြားလူရဲ့ထူးချွန်ထက်မြက်ခြင်းကိုအသုံးပြုတတ်လို့ ဖြစ်တယ်။

Monday, December 19, 2011

ငှက် နဲ့  ငါးတို့ ရဲ့ အချစ်

ဟိုးရှေးရှေးတုန်းက ငါးတစ်ကောင်နဲ့ ငှက်တစ်ကောင် ချစ်ကြိုက်ခဲ့ကြတယ်။ ဒါပေမယ့် ဘုရားသခင်က သူတို့ကို ထာဝရချစ်သူ မဖြစ်နိုင်ဘူး၊ သူငယ်ချင်းတောင် လုပ်ဖို့မသင့်ဘူးလို့ ပြောခဲ့တယ်။ ဘယ်လောက်ပဲချစ်ချစ်၊ ဘယ်လိုပဲချစ်ချစ် ဒီတစ်သက်မှာ သူတို့နှစ်ယောက် အတူပေါင်းဖို့ဆိုတာ ဘယ်နည်းနဲ့မှ မဖြစ်နိုင်ခဲ့ဘူး။

ပင်လယ်ရေနဲ့ ဝန်းရံခံထားရတာကို ငါးမနှစ်သက်ခဲ့ဘူး။ ကောင်းကင်အမြင့်ပေါ် လွတ်လွတ်လပ်လပ် နေရတဲ့ခံစားမှုမျိုးကို သူတောင့်တခဲ့တယ်။ ကျယ်ပြန့်တဲ့ ကောင်းကင်မှာ ပျံဝဲရတာကို ငှက်ကမကြိုက်ခဲ့ဘူး။ ရေထဲလမ်းလျှောက်ပြီး ပင်လယ်ရေစွတ်စိုတာကို သူလိုချင်ခဲ့တယ်။

ငါးက ကြိုးစားပြီး ရေပေါ်ခုန်တက်တယ်။ သူတောင့်တတဲ့ ကောင်းကင်ပြာထက် ခုန်တက်တယ်။ ငှက်က ပင်လယ်ထဲ အရှိန်နဲ့ထိုးဆင်းတယ်။ ရေနဲ့ပိုရင်းနှီးတဲ့ ခံစားမှုမျိုးရအောင် ထိုးဆင်းတယ်။ ငါးက တစ်ကြိမ်ပြီးတစ်ကြိမ် ခုန်တယ်။ ဒါပေမယ့် ရေပေါ်ရောက်တာနဲ့ ပြန်ပြန်ပြုတ်ကျတယ်။ တစ်ခါက ကမ်းပေါ်ပြုတ်ကျခဲ့လို့ ဒီရေကြောင့် ပင်လယ်ထဲသူပြန်ရောက်သွားခဲ့တယ်။

ငှက်က ရေနဲ့နီးအောင် အကြိမ်ကြိမ်ကြိုးစားတယ်။ ဒါပေမယ့် ငှက်မွေးတွေက ရေထိတာနဲ့ စိုခဲ့ရတယ်။ သူငယ်ချင်းရဲ့ အကူအညီကြောင့် အန္တရာယ်က သူလွတ်ခဲ့တာလည်း အကြိမ်မနည်းခဲ့ဘူး။

ငါး လက်မလွတ်ခဲ့ဘူး။ ကောင်းကင်က သူ့ကိုလက်ပြညှို့ငင်နေတယ်လို့ သူထင်တယ်။
ငှက်လည်း လက်မလွတ်ခဲ့ဘူး။ ပင်လယ်ကမှ သူရဲ့နားခိုရာလို့ ထင်နေခဲ့တယ်။
ဒီလိုနဲ့ နီးစပ်ဖို့ သူတို့မပြတ်ကြိုးစားခဲ့တယ်။
ဒါပေမယ့် သူတို့ကနီးစပ်ဖို့ ကြိုးစားလေ၊ သေဆုံးဖို့နီးလေဖြစ်ခဲ့တယ်။

ငါးက ငှက်ကိုပြောတယ်....
"ကောင်းကင်ဟာ နင့်အတွက်ပါ။ ကောင်းကင်ပေါ်မှာပဲ နင်ပျံဝဲသင့်တယ်"

ငှက်က ငါးကိုပြောတယ်...
"ပင်လယ်ဟာ နင့်အတွက်ပါ။ ပင်လယ်ထဲမှာပဲ နင်ကူးခတ်သင့်တယ်"

"တကယ်လို့ ငှက်နဲ့ငါး ချစ်လို့ရတယ်ဆိုရင် ငါတို့ရဲ့အသိုက်ကို ဘယ်မှာလုပ်မလဲ"

ငါးက မျက်ရည်အဝဲသားနဲ့ပြောတော့ ငှက်က .....
"အင်း.. နင့်ကိုငါ အဖြေပေးမယ်" ဆိုပြီး နောက်ဆုံးအကြိမ်အဖြင့် ကောင်းကင်အမြင့်ပေါ် ပျံတက်သွားလိုက်တယ်။

ပြီးတော့ ပင်လယ်ပြင်ဆီ ထိုးဆင်းလိုက်တယ်။
သြော်... ငါးရှိရာဆီ ထိုးဆင်းသွားတယ်ဆိုရင် ပိုမှန်လိမ့်မယ်။
အဲဒီတခဏ ငါးက ပင်လယ်ထက်ဆီ အရှိန်နဲ့ခုန်တက်လိုက်တယ်။
သြော်... ငှက်ကို ကြိုဆိုဖို့ဆိုရင် ပိုမှန်လိမ့်မယ်။
ငှက်နဲ့ငါး တစ်ယောက်ကိုတစ်ယောက် ပွေ့ဖက်မိကြတဲ့တခဏ အရာအားလုံး ရပ်တန့်သွားခဲ့တယ်။

ဒီအဖြစ်အပျက်က ဘယ်နှစ်ရာစုက ဖြစ်ပျက်ခဲ့မှန်း လူတွေမသိခဲ့ကြဘူး။
ပြတိုက်တစ်ခုမှာ ငှက်နဲ့ငါး ပွေ့ဖက်နေတဲ့ ရုပ်ကြွင်းကို ချစ်သူနှစ်ဦးရပ်ကြည့်နေတယ်။
ဒီလိုရူးသွပ်တဲ့အချစ်က ငှက်နဲ့ငါးကို နာကျင်စေခဲ့တယ်။ ဒါပေမယ့် ဒီလိုနာကျင်မှုထဲမှာ ပျော်ရွှင်ခြင်း တစိတ်တဒေသပါခဲ့တယ်။

တကယ်လည်း သူတို့ပျော်ရွှင်ခဲ့ပါတယ်။
လူအများရဲ့ရင်ထဲမှာ သူတို့ဟာသိပ်ချစ်ကြသူအဖြစ် ထင်ကျန်ခဲ့လို့ပါပဲ...

မူရင်း-- http://www.duwenzhang.com/wenzhang/aiqingwenzhang/ganren/20070719/305.html

နိုင်းနိုင်းစနေ

နွေးထွေးတဲ့ လက်

Thanksgiving နေ့က သတင်းစာတစ်စောင်မှာ ပုံပြင်တစ်ပုဒ်ကိုဖော်ပြခဲ့တယ်။

ပုံပြင်က.. မူလတန်းကျောင်းတစ်ကျောင်းမှာ ဆရာမက ကလေးတွေကို ကျေးဇူးတင်သင့်တယ်လို့ ထင်တဲ့အရာတွေကို ပုံဆွဲစေခဲ့တယ်။ ကလေးတွေက များသောအားဖြင့် ဆင်းရဲမိသားစုကလာကြတဲ့အတွက် သူတို့ထင်တဲ့ ကျေးဇူးတင်သင့်တဲ့အရာတွေဟာ စားပွဲခုံပေါ်က စားကောင်းသောက်ဖွယ်တွေပဲဖြစ်မယ်လို့ ဆရာမကထင်ခဲ့တယ်။ ဥပမာ... သူတို့ဆွဲမယ့်ပုံတွေဟာ အငွေ့တစ်ထောင်းထောင်း ထနေတဲ့ ကြက်ဆင်တစ်ကောင်ပေါ့။ ဒါပေမယ့် “ဒေါက်ကလပ်”လို့ခေါ်တဲ့ ကျောင်းသားတစ်ဦးဆွဲထားတဲ့ ပုံကိုမြင်တော့ ဆရာမက အံ့အားသင့်သွားတယ်။ သူဆွဲတဲ့ပုံက လက်တစ်ဖက်ပုံပါ။

ဒါဟာ ဘယ်သူရဲ့လက်လဲ....? ကလေးတွေ အားလုံးလည်း သိချင်နေခဲ့ကြတယ်။
“ဒါဟာ ငါတို့ကို စားစရာတွေပေးတဲ့ ဘုရားသခင်ရဲ့လက် ဖြစ်နိုင်တယ်” လို့ ကလေးတစ်ယောက်က ထင်ကြေးပေးတယ်။
“လယ်သမားရဲ့လက် ဖြစ်မယ်။ သူဟာဒီလက်နဲ့ ကြက်တွေကိုမွေးခဲ့တယ်” နောက်တစ်ယောက်က ခန့်မှန်းပြန်တယ်။
ကလေးတွေက ဟိုထင် ဒီထင် ထင်ကြေးပေးကြပြီးနောက် ကိုယ့်နေရာ အသီးသီးကို ပြန်ပြီး ပုံတွေကို ဆက်ဆွဲနေခဲ့တယ်။ ဆရာမက ခါးကိုကိုင်းပြီး ..
“အဲဒါဘယ်သူ့ရဲ့ လက်လဲ” လို့ ဒေါက်ကလပ်ကို မေးလိုက်တယ်။
“ဒါ ဆရာမရဲ့လက်ပါ” သူ အလျှင်အမြန် ပြန်ဖြေတယ်။

ဒေါက်ကလပ်ဟာ အရပ်ပုသေးပြီး လူတကာမကြိုက်တဲ့ရုပ်မျိုးကို ပိုင်ဆိုင်ပါတယ်။ ဒါပေမယ့် ကျောင်းဆင်းတိုင်း ဆရာမက သူ့လက်ကို အမြဲသွားဆုပ်ကိုင်ခဲ့တယ်။ ကလေးတိုင်းရဲ့လက်ကို ဆရာမဆုပ်ကိုင်နေကျဆိုပေမယ့် သူ့အတွက် ဒီလို ပြုမူခံရခြင်းရဲ့အဓိပ္ပါယ်က ပိုလေးနက်နေခဲ့တယ်။

Thanksgivingနေ့ ဆိုတာ လူတွေက ကျွန်မတို့ကိုပေးတဲ့ ဒြပ်ဝတ္ထု ကြီးငယ်တွေပေါ်မှာမှုတည်တာ မဟုတ်ပါဘူး။ ဘယ်လောက်သေးငယ်တဲ့ တုန့်ပြန်မျိုးပဲဖြစ်ဖြစ် ဒီလိုနေ့ထူးကို အခွင့်အရေးယူပြီး ကျေးဇူးတင်ထိုက်သူကို ကျေးဇူးတင်ကြောင်း လှိုက်လှိုက်လှဲလှဲ ထုတ်ဖော်ပြသခြင်းပဲဖြစ်တယ်။

နိုင်းနိုင်းစနေ 

ဘဝကိုပြောင်းလဲခဲ့ တဲ့ လက်ဆောင်

Thompsonက ပဉ္စမတန်းပြ ဆရာမတစ်ဦးဖြစ်တယ်။ စာသင်သက်တမ်း ၂နှစ်မြောက်တဲ့နှစ်မှာ Teddyလို့ခေါ်တဲ့ ကျောင်းသားတစ်ဦး သူ့အခန်းထဲ ရောက်လာခဲ့တယ်။ ဆရာမ Thompson က Teddy ကို စတွေ့စမှာပဲ မနှစ်သက်ခဲ့ဘူး။ ညစ်တီးညစ်ပတ်နဲ့ Teddy ရဲ့ ပုံစံကလည်း နှစ်သက်စရာ မကောင်းခဲ့ပါဘူး။ Teddyရဲ့ ဆံပင်က မျက်စိဖုံးလောက်အောင် ရှည်တဲ့အပြင် ကိုယ်ပေါ်မှာလည်း အနံ့ဆိုးတစ်မျိုး ရှိနေခဲ့တယ်။ အဆင့်ကလည်း နောက်ဆုံးပိတ်မို့ နှစ်သက်အောင် ဆရာမ Thompson ဘယ်လိုပဲ ကြိုးစားခဲ့ပေမယ့် အချည်းနှီးသာဖြစ်ခဲ့တယ်။

အတန်းထဲမှာ သွက်သွက်လက်လက်ရှိတဲ့ ကျောင်းသားတွေကို ဆရာမ Thompson အားပေးတတ်ပေမယ့် Teddyလို စာမလိုက်နိုင်တဲ့ ကျောင်းသားမျိုးကိုတော့ မနှစ်သက်ခဲ့ဘူး။ Teddyရဲ့ လေ့ကျင့်ခန်းစာအုပ်ထဲက အမှားတွေကို မင်နီနဲ့ အားရပါးရ ခြစ်ရတာကို ဆရာမ Thompson အကျေနပ်ကြီး ကျေနပ်ခဲ့တယ်။

အချိန်တွေပြောင်းသွားတာနဲ့အမျှ စာအုပ်ထဲ မင်နီတွေက လျော့မသွားတဲ့အပြင် ပိုလို့များလာခဲ့တယ်။ Teddyကို သူ မနှစ်သက်တဲ့အကြောင်း ဆရာမ Thompson ထုတ်မပြောပေမယ့် Teddy ကို အနှိမ်ကျင့်၊ လှောင်ပြောင်ကြတဲ့ ကျောင်းသူ၊ ကျောင်းသားတွေရဲ့ အပြုအမူတွေက ဆရာမ Thompson ရဲ့ စိတ်သဘောထားကို ထင်ဟပ်နေသလိုပါပဲ။ သနားစရာ Teddyလေးက ဆရာမ သူ့ကို မနှစ်သက်ဘူးဆိုတာပဲ သိတယ်။ ဘာကြောင့် မနှစ်သက်မှန်း သူနားမလည်ခဲ့ဘူး။ Teddy ကို နားလည်အောင် ဆရာမ Thompson ကြိုးစားခဲ့ပေမယ့် အုပ်ထိန်းသူမရှိ၊ ဂရုစိုက်သူမဲ့တဲ့ ဒီအညစ်အစုတ်လေးကို မသိစိတ်ထဲကနေ ဘာကြောင့် မနှစ်သက်မှန်း သူကိုယ်တိုင်လည်း မသိခဲ့ဘူး။

ဒီလိုနဲ့ စာသင်ရက်တွေ တရွေ့ရွေ့ ကုန်ဆုံးသွားလို့ ခရစ္စမတ်ရာသီကို ရောက်လာခဲ့တယ်။ ပွဲတော်ရဲ့ဓလေ့ထုံးစံအတိုင်း ကျောင်းသားတွေက ဆရာမကို ခရစ္စမတ် လက်ဆောင်ပေးဖို့ စီစဉ်ခဲ့ကြတယ်။ ကျောင်းမပိတ်ခင် နောက်ဆုံးတစ်ရက်မှာ ကျောင်းသားအားလုံးက ကိုယ့်လက်ဆောင်ထုပ်ကို အခန်းထဲက ခရစ္စမတ်သစ်ပင်အောက်မှာ သွားထားပြီး ဆရာမ ဖောက်ကြည့်တာကို စောင့်နေခဲ့ကြတယ်။ လက်ဆောင်ထုပ်တစ်ခု ဖောက်တိုင်း အံ့သြဝမ်းသာတဲ့ အသံနဲ့အတူ လက်ဆောင်ပေးတဲ့ ကျောင်းသားကို ဆရာမ Thompson ကျေးဇူးတင်နေခဲ့တယ်။ လက်ဆောင်ထုပ်တွေကြားမှာ Teddy ရဲ့ လက်ဆောင်ထုပ်လေး ညှပ်နေခဲ့တယ်။ Teddy က လက်ဆောင်ကို ရိုးရိုးအညိုရောင် စက္ကူနဲ့ထုပ်ပြီး စက္ကူပေါ်မှာ ခရစ္စမတ် သစ်ပင်တစ်ပင် ဆွဲထားတယ်။ အနီရောင် ဘောလုံးတွေကို ကော်နဲ့ကပ်ပြီး သစ်ပင်ကို ရစ်ပတ်ထားလိုက်တယ်။ ပြီးတော့ အထုပ်ပေါ်မှာ ဆရာမ Thompson အတွက် မှ Teddy လို့ ရေးထားတယ်။

Teddy ရဲ့ လက်ဆောင်ထုပ်ကို ဆရာမ Thompson လှမ်းယူတဲ့အချိန် တစ်ခန်းလုံး တိတ်ဆိတ်သွားခဲ့တယ်။ ကျောင်းသားအားလုံး ဆရာမကို ဝိုင်းအုံပြီး အထဲက လက်ဆောင်ကို စောင့်ကြည့်နေခဲ့ကြတယ်။ ပထမဆုံးအကြိမ် ရှက်ရွံ့အားနာခြင်းကို ဆရာမ Thompson ခံစားမိခဲ့တယ်။ ထုပ်ထားတဲ့ နောက်ဆုံးစက္ကူကို ဖြည်လိုက်တာနဲ့ အထဲက ပစ္စည်းလေးနှစ်ခု စားပွဲပေါ် ပြုတ်ကျလာခဲ့တယ်။ တစ်ခုက ကျောက်သုံး,လေးလုံး ပြုတ်နေတဲ့ hand make ဖန်စိန်လက်ကောက်တစ်ခုဖြစ်ပြီး နောက်တစ်ခုက ပုလင်းတစ်ဝက်သာကျန်တဲ့ အပေါစားရေမွှေးပုလင်းဖြစ်တယ်။ ကျောင်းသားတွေစီကနေ အချင်းချင်း တွတ်ထိုးသံ၊ လှောင်ပြောင်ရယ်မောသံကို ဆရာမ Thompson ကြားလိုက်မိတယ်။ Teddy ရပ်နေတဲ့ဖက်ကိုကြည့်ဖို့ သူ ခွန်အားမဲ့နေခဲ့တယ်။ ဆရာမ Thompsonက လက်ကောက်ကို စိတ်မပါတပါဝတ်ပြီး နားရွက်နောက်ကို ရေမွှေး တစ်စက်၊ နှစ်စက် တို့လိုက်တယ်။ ပြီးတော့ တစ်ခြားလက်ဆောင်ထုပ်တွေကို ဖောက်ကြည့်နေခဲ့တယ်။

ကျောင်းဆင်းခေါင်းလောင်းသံ ကြားတော့ ဆရာမ Thompsonက ကျောင်းသားအားလုံးကို ခရစ္စမတ်မှာ ပျော်ရွှင်ဖို့၊ နောက်နှစ်မှာ ပြန်ဆုံဖို့ နှုတ်ဆက်လိုက်တယ်။ Teddy က အတန်းထဲက ချက်ချင်းမထွက်ဘဲ ကျောင်းသားအားလုံး ထွက်သွားတဲ့အထိ ဆရာမဘေးမှာ ငြိမ်ငြိမ်ကုပ်ကုပ် ရပ်စောင့်နေခဲ့တယ်။

"ဆရာမ.. ဆရာမ... ဆရာမ ကိုယ်ပေါ်က ရေမွှေးနံ့က ဟိုးတစ်ချိန် ကျွန်တော့်မေမေ ကိုယ်ပေါ်က ရေမွှေးနံ့နဲ့ အတူတူပဲ။ မေမေ့လက်ကောက်ကို ဆရာမဝတ်လိုက်တော့ အရမ်းလှသွားတယ်။ ဒီလက်ဆောင်တွေကို ဆရာမ နှစ်သက်ခဲ့လို့ ကျွန်တော်ဝမ်းသာမိပါတယ် ဆရာမ..."

စကားဆုံးတာနဲ့ အခန်းထဲကနေ Teddy လှစ်ခနဲ့ ထွက်သွားခဲ့တယ်။ ဆရာမ Thompson ကြမ်းပြင်ပေါ် ဒူးထောက်ချလိုက်မိတယ်။ စိတ်ထဲမှာလည်း ကလေးငယ်တစ်ဦးအပေါ် ဂရုစိုက်၊ ကြင်နာမှုတွေ သူတမင် ကင်းမဲ့ခဲ့မိတဲ့အတွက် ခွင့်လွှတ်ပေးဖို့ ဘုရားသခင်ထံ တောင်းဆိုနေမိတယ်။

ကျောင်းပိတ်ရက်ကုန်လို့ ကျောင်းပြန်ဖွင့်ချိန်မှာ ဆရာမ Thompsonက အရင်ပြုခဲ့မိတဲ့ ဂရုမစိုက်မှုတွေအတွက် Teddy ကို အချိန်ပို သင်ကြားမှုတွေ လုပ်ခဲ့တယ်။ Teddy ရဲ့ ကြိုးစားမှုက တခြားကျောင်းသားနဲ့ တဖြေးဖြေး ရင်ဘောင်တန်းလာနိုင်ခဲ့တယ်။ ပဉ္စမတန်းကို Teddy ရှောရှောရှုရှု ဖြတ်ကျော်ခဲ့ပါတယ်။

ဒါပေမယ့် ဇာတ်လမ်းက ဒီမှာတင် ရပ်မသွားခဲ့ပါဘူး။ နောက်တစ်နှစ် စာသစ်နှစ်မှာ ဖခင်နဲ့အတူ တစ်ခြားနယ်ကို Teddy ပြောင်းသွားခဲ့တယ်။ Teddy ရဲ့ ကြိုးစားမှုက ဘယ်ဘာသာရပ်ကိုမဆို လိုက်နိုင်တဲ့ အရည်အချင်းရှိပြီလို့ ဆရာမ Thompson ယုံကြည်ခဲ့တယ်။

ဒီလိုနဲ့ ၇နှစ်ကြာပြီးတဲ့ နေ့တစ်နေ့မှာ Teddy ဆီက ပထမဆုံး စာတစ်စောင်ကို ဆရာမ Thompson လက်ခံရခဲ့တယ်။ စာထဲမှာ စာတိုလေးနှစ်ကြောင်းပဲ ရေးထားတယ်။

"ဆရာမ Thompson ... ဆရာမကို သိစေချင်တဲ့ ဆန္ဒနဲ့ပါ။ ဒုတိယအဆင့်နဲ့ ရှေ့လမှာ ကျွန်တော် ကျောင်းပြီးတော့မယ်ဆိုတဲ့အကြောင်း ဆရာမကို အရင်ဆုံးသိစေချင်ပါတယ်"

စာဖတ်ပြီး Teddy အတွက် ကတ်တစ်ကတ်၊ ခဲတံတစ်ချောင်းနဲ့ ဖောင်တိန်တစ်ချောင်းကို လက်ဆောင်အဖြင့် ဆရာမ Thompson ပေးပို့ခဲ့တယ်။

နောက် ၄နှစ်အကြာမှာ Teddy ဆီက ဒုတိယမြောက် စာတစ်စောင်ကို ဆရာမ Thompson ရခဲ့ပြန်တယ်။ စာထဲမှာ ရိုးရိုးရှင်းရှင်း စာတိုလေး သုံးကြောင်းပဲ ပါခဲ့ပါတယ်။

"ဆရာမ Thompson... ဆရာမကို အရင်ဦးဆုံး သိစေချင်ပါတယ်။ ပထမအဆင့်နဲ့ ကျွန်တော် အောင်မြင်ခဲ့တဲ့အကြောင်း တက္ကသိုလ်က အခုပဲ ကျွန်တော့်ကို အကြောင်းကြားစာ ပို့လာခဲ့ပါတယ်။ တက္ကသိုလ် စာသင်နှစ် ၄နှစ်ကို ဖြတ်သန်းရတာ အင်မတန် ခက်ခဲပါတယ်။ ဒါပေမယ့် ကျွန်တော်ပြီးဆုံးအောင် သင်ယူခဲ့ပါတယ်"

စာဖတ်ပြီး Teddy အတွက် ကတ်တစ်ကတ်နဲ့ ရှပ်အင်္ကျီလက်မောင်းမှာ တပ်တဲ့ ကြယ်သီးချိန်းကြိုးတစ်ခုကို လက်ဆောင်အဖြင့် ဆရာမ Thompson ပေးပို့ခဲ့တယ်။

နောက် ၄နှစ်အကြာမှာ တတိယမြောက်စာကို ဆရာမ Thompson ရခဲ့ပြန်တယ်။

"ဆရာမ Thompson... ဆရာမကို အရင်ဦးဆုံး သိစေချင်ပါတယ်။ ဒီနေ့ကစပြီး ကျွန်တော် ဒေါက်တာ Teddy ဖြစ်သွားပါပြီ။ နောက်ပြီး ဇူလိုင် ၂၇ ရက်နေ့မှာ ကျွန်တော် မင်္ဂလာပွဲကျင်းပပါမယ်။ ကျွန်တော့်မင်္ဂလာပွဲကို တက်ရောက်ပြီး ကျွန်တော့်အမေနေရာမှာ ဆရာမ လာထိုင်ပါ။ မနှစ်က ကျွန်တော်အဖေ ဆုံးသွားခဲ့ပါတယ်။ ဆရာမက ကျွန်တော့်ရဲ့တစ်ဦးတည်းသော ဆွေမျိုးရင်းချာဖြစ်ပါတယ်"

စာကို ကိုင်ပြီး ဆရာမ Thompson အချိန်အကြာကြီး တိတ်ဆိတ်နေမိတယ်။ ဒီကျောင်းသားဆရာဝန်ကို ဘာလက်ဆောင်နဲ့ လက်ဖွဲ့ရမယ်မှန်း သူစဉ်းစား မရခဲ့ဘူး။ ဖောင်တိန်ကို ရုတ်တရက် ကောက်ကိုင်ပြီး Teddyအတွက် စာတစ်စောင် သူရေးလိုက်တယ်။

"Dear Teddy

အောင်မြင်မှုအတွက် ဂုဏ်ယူပါတယ်။ မင်း အောင်မြင်ခဲ့ပါပြီ။ ကိုယ်တိုင် ကြိုးစားမှုနဲ့ မင်းအောင်မြင်ခဲ့ပါပြီ။ မင်းရဲ့ဘေးမှာ တစ်ချိန်တခါက ဆရာမလို လူပေါင်းများစွာရှိခဲ့လည်း၊ မင်းကို အလေးအနက်ထားပြီး ဂရုစိုက်တဲ့သူ မရှိခဲ့လည်း မင်းအောင်မြင်ခဲ့ပါတယ်။ ဒီအောင်မြင်မှုက မင်းနဲ့ပဲ ဆိုင်ပါတယ်။ ဘုရားကျောင်းက ခေါင်းလောင်းမြည်တာနဲ့ မင်းရဲ့ မင်္ဂလာပွဲမှာ ဆရာမ ရှိနေပါ့မယ်။ ဘုရားသခင်က သင့်ကို ကောင်းချီးပေးပါစေ...

ဆရာမ Thompson"


မူရင်း.... http://web.nchu.edu.tw/~madonna2/article/a11.htm

နိုင်းနိုင်းစနေ

အချစ်ဆိုတာ

အချစ်ဆိုတာ လက်ထဲဆုပ်ကိုင်ထားတဲ့ သဲနဲ့တူတယ်။ တင်းတင်းဆုပ်ကိုင်လေ လက်ကြားထဲက လျှောကျလေ..

အချစ်ဆိုတာ ကြွေထည်နဲ့တူတယ်။ အလွယ်တကူ ကွဲအက်နိုင်တယ်။ ဂရုတစိုက်နဲ့ သာသာလေးကိုင်တွယ်ရတယ်။

အချစ်ဆိုတာ ကော်ဖီနဲ့တူတယ်။ ခါးတယ်၊ ဖန်တယ်၊ ချိုတယ်။ များများသောက်ရင် စိတ်လှုပ်ရှားပြီး အိပ်ရေးပျက်တယ်။

အချစ်ဆိုတာ ဥယျာဉ်ခြံနဲ့တူတယ်။ ဥယျာဉ်ခြံထဲမှာ နှင်းဆီပန်းရှိတယ်။ ရှားဇောင်းပင်ရှိတယ်။

အချစ်ဆိုတာ လမင်းကြီးနဲ့တူတယ်။ ဝိုင်းစက်တဲ့ လပြည့်ရက်ရှိသလို၊ ကွေးကောက်တခြမ်းပဲ့တဲ့ လကွယ်ရက်လည်းရှိတယ်။

အချစ်ဆိုတာ စကားလုံးမပါတဲ့ ကျမ်းစာတစ်အုပ်နဲ့တူတယ်။ စိတ်ပါဝင်စားနဲ့ နှစ်ယောက်အတူဖတ်ရူမှ နားလည်နိုင်တယ်။
.

Tuesday, December 6, 2011

သင်သိသလား?

သင်သိလား?

(1) ကျွန်တော်တို့ အားလုံး နှာချေ တဲ့အခါမှာ မျက်လုံးဖွင့်ပြီး ဘယ်လိုမှ
ချေလို့မရပါဘူးခင်ဗျာ

(2) လင်းပိုင်တွေဟာ အိပ်တဲ့အခါမှာ မျက်လုံးတစ်ဖက်ဖွင့်ပြီး အိပ်ကျပါတယ်

(3) နှစ်စဉ်တိုင်း နှစ်စဉ်တိုင်းမှာ မြွေကိုက်ခံရလို့ သေဆုံးတဲ့ လူအရေအတွက်ထက်
ပျားတုပ်ခံရလို့ သေဆုံးတဲ့ လူအရေအတွက်က ပိုများပါတယ်

(4) ညာသန်လူတွေဟာ ဘယ်သန်လူတွေထက် ပျမ်းမျှအားဖြင့် ကိုးနှစ် ပိုအသက်ရှည်ကြပါတယ်

(5) ကျွန်တော်တို့အားလုံး Queen Elizabeth I ကို မသိရင်တောင်
ကြားဖူးကြမှာပါ ဘုရင်မကြီးဟာ
လိုအပ်သည် ဖြစ်စေ မလိုအပ်သည်ဖြစ်စေ သုံးလမှာ တစ်ကြိမ်သာ ရေချိုးပါတယ်တယ်။

(6) နာဇီခေါင်းဆောင်ဟစ်တလာဟာ သက်သတ်လွတ်စားသူဖြစ်ပြီး သူ့မှာ Testis (ဝှေးစေ့)
တစ်လုံးသာ ရှိပါတယ်

(7) ပိုလာ ၀က်ဝံတွေဟာ ပင်ဂွင်းငှက် 86 ကောင်ကို တစ်ထိုင်တည်း စားနိုင်ပါတယ်

(8) ဂေါက်သီးတစ်လုံးရဲ့ မျက်နှာပြင်ပေါ်မှာ အစက်အပြောက်( အချိုင့်)ပေါင်း
336 ရှိပါတယ်

(9) သင် နှာချေတဲ့အခါမှာ ပါးစပ်နှင့်နှာခေါင်းအား ပိတ်ဆို့မှု မဖြစ်စေရန်
ဂရုစိုက်ပါ
အဘယ်ကြောင့်ဆိုသော် သင့်မျက်လုံးများ ကွဲထွက်သွားနိုင်သောကြောင့်ဖြစ်သည်

(10) ပိုးဟပ်တစ်ကောင်အား ခေါင်းဖြတ်လိုက်မည်ဆိုပါက ဆယ့်ငါးရက်တိုင် ဆက်လက်
အသက်ရှင်နေနိုင်ပါသည်၊၊ ထိုသို့သေဆုံးသွားခြင်းမှာလည်း ဆယ့်ငါးရက်တိုင်
အစာမစားရသောကြောင့်သာဖြစ်ပါသည်

(11) ကမ္ဘာပေါ်မှာရှိတဲ့ လူတွေအားလုံး ဘေးချင်းယှဉ်ပြီးတန်းစီလိုက်ရင်
ကမ္ဘာကို အပတ် 60
ပတ်မိ မှာဖြစ်ပါတယ်

(12) လူ့ခန္ဓာကိုယ်မှာ အသန်မာဆုံးသော ကြွက်သားကတော့ လျှာ ဖြစ်ပါတယ်

(13) ရေဘ၀ဲ တွေမှာ နှလုံးသား သုံးခု ပါရှိပါတယ်

(14) နေ ကနေ ကမ္ဘာကို အလင်းတန်းကျရောက်ရန်အချိန် 8 မိနစ် လိုအပ်ပါတယ်
အဲဒါဟာ ဘာကိုဆိုလိုသလဲဆိုတော့ သင်ဟာ နေ၀င်သွားတာကိုမြင်လိုက်ရတဲ့
ဲ့ အချိန်မှာလွန်ခဲ့တဲ့ 8 မိနစ်ကတည်းက နေ၀င်ပြီးသွားပါပြီ

(15) လူတွေစားသုံးနေကြတဲ့ အစားအစာတွေထဲမှာ တစ်ခုထဲသောမပုပ်မသိုးနိုင်တဲ့ အစားအစာ
ကတော့ ပျားရည်ဖြစ်ပါတယ်၊၊

________________________________
(16) အင်္ဂလိပ်စကားလုံးတွေထဲမှာ သရ(vowels)မပါဘဲ အရှည်ဆုံးသော စကားလုံးမှာ
twyndylly ngs ဖြစ်ပြီး အမွှာစုံတွဲများ လို့အဓိပွါယ်ရပါတယ်

(17) ၀က်တွေဟာ သူတို့ရဲ့ ရုပ်ပိုင်းဆိုင်ရာဖွဲ့စည်းတည်ဆောက်ပုံအရ ကောင်းကင်ကို
မော့ကြည့်ဖို့ မဖြစ်နိုင်ပါဘူး၊၊

(18) မေလ မှာမွေးတဲ့ကလေးတွေဟာ အခြားလမှာမွေးတဲ့ ကလေးတွေထက် ပျမ်းမျှအားဖြင့်
200 grams ပိုလေးပါတယ်

(19) အက်စ်ကီးမိုး လူမျိုးတွေမှာ ဆီးနှင်း(snow)လို့အဓိပွါယ်ရတဲ့
စကားလုံးပေါင်း တစ်ရာကျော်
ရှိပြီး (hello)ဟလို ဟူသောနှုတ်ခွန်းဆက်စကားလုံး မရှိပေ၊၊

(20) ကမ္ဘာပေါ်တွင်ရှိသောလူဦးရေကို အယောက်တစ်ရာထိ အချိုးကျစွာ ချုံ့လိုက်မည်ဆိုပါက
အာရှတိုက်မှ 57 ယောက်၊ ဥရောပတိုက်မှ 21 ယောက်၊ အမေရိကတိုက်မှ 14 ယောက် နှင့်
အာဖရိကတိုက်မှ 8 ယောက် စီရှိမှာဖြစ်ပါတယ်၊၊ထိုအထဲမှ တစ်ယောက်တည်းကသာလျှင်
ကွန်ပြူတာတစ်စုံကိုပိုင်ဆိုင်မှာဖြစ်ပါတယ်၊၊

(21) ကျွန်တော်တို့ရဲ့ မျက်လုံးအရွယ်အစားဟာ မွေးသည်မှ သေသည်ထိ တရွယ်တည်း
ဖြစ်ပြီး ၊ နှာခေါင်းနှင့် နားရွက်မှာမူ ကြီးထွားမှုနုန်း ရပ်တန့်သွားခြင်းမရှိပေ

(22) အကယ်၍သင်သည် မိုးကြိုးပစ်ခံရပါက အပူချိန် 28000 ဒီဂရီ စင်တီဂရိတ်
ဖြင့်လောင်ကျွမ်း
ခံရမည်ဖြစ်ပြီး ထိုအပူချိန်မှာ နေမျက်နှာပြင်ထက်ပိုမိုသော အပူချိန်ဖြစ်သည်

(23) ကမ္ဘာပေါ်ရှိ ငှက်များအားလုံးထဲမှ အပြာရောင်ကို
မြင်နိုင်သောတစ်ခုတည်းသော ငှက်မှာ
ဇီးကွက်ဖြစ်သည်

(24) ပုံမှန်အားဖြင့် တနေ့တာအတောအတွင်း အမျိုးသားများသည် စကားလုံး 2000 ကျော်
ပြောပြီးချိန်တွင် အမျိုးသမီးများမှာ စကားလုံးပေါင်း 7000 ကျော်ပြောပြီးဖြစ်ပေသည်၊၊
(သြော်... မိန်းမ မိန်းမ )

(25) ပျားကောင်များသည် ပျားရည် တစ်ပေါင် ရရှိရန် ပန်းပွင့်ပေါင်း 2000
ကျော် ဖြတ်သန်း
နားရောက်ရပြီး ခရီးမိုင်ပေါင်း 55000 ကျော် ပျံသန်းရပေသည်၊၊

(26) ခုန်ပေါက်ခြင်း(jumping) မပြုလုပ်နိုင်တဲ့ တစ်ခုတည်းသော နို့တိုက်သတ္တ၀ါကတော့
ဆင်ဖြစ်ပါတယ်

(27) ဂေါက်ရိုက်ကစားခြင်းကို လွန်ခဲ့သောနှစ်ပေါင်းများစွာက စကော့တလန်ပြည်မှ စတင်
တီထွင်ခဲ့တယ်လို့ဆိုပါတယ်၊၊သူတို့ဟာ အဲ့ဒီ ကစားနည်းကို " Gentlemen Only
Ladies Forbidden " လို့ သတ်မှတ်ထားရာကနေ အင်္ဂလိပ်တွေက GOLF ဆိုပြီး စတင်
ကစားကြတာ ဖြစ်ပါတယ်၊၊also call Game Of Lazy Fallows

(28) ခြဘုရင်မတစ်ကောင်ဟာ နှစ်ပေါင်း ငါးဆယ်တိုင်အသက်ရှင်နေနိုင်ပြီး
နေ့စဉ် ခြကောင်ရေ
သုံးသောင်းထိ မွေးဖွားပေးနိုင်ပါတယ်၊၊

(29) သင်နှင့်အတူ မွေးနေ့တစ်နေ့တည်း ကျရောက်နေသူပေါင်းမှာ 10,000,000 (ဆယ်သန်း)
ဖြစ်ပါတယ်

(30) ပိုးဟပ်များ လုံးဝမစားသော တစ်ခုတည်းသောအစားအစာမှာ သခွားသီး ဖြစ်ပါတယ်

Sunday, December 4, 2011

ဒူးအထိပါ ဟာသ

(၁)
တစ်နေ့မှ မိန်းကလေးတစ်ယောက်က တက္ကစီငှားဖို့ ဖုန်းဆက်သတဲ့။
မိန်းကလေး .... ဟလို ကျွန်မ +++ လမ်းထိပ်မှာပါ။တက္ကစီတစ်စီး လွတ်ပေးလို့ရမလား?
တက္ကစီသမား .... ဟုတ်ကဲ့.. ခင်ဗျား ဘာအဝတ်အစား ဝတ်ထားသလဲ?
မိန်းကလေး ... အဖြူရောင်အင်္ကျီနဲ့ အပြာရောင်စကပ်ပါ
တက္ကစီသမား ... ဘယ်အထိလဲ? (ဘယ်အထိ ပို့ရမလဲ?)
မိန်းကလေး... ဒူးအထိပါ
တက္ကစီသမား... =!=

(၂)
ဆရာဝန်က ညည အိပ်မပျော်တဲ့ မောင်မောင်ကို တစ်ကနေ တစ်ထောင်အထိရေပြီး အိပ်ကြည့်ပါလို့ အကြံပေးတယ်။ နောက်တစ်ရက်မှာ မျက်ကွင်းညိုကြီးနဲ့ ဆေးခန်းကို မောင်မောင်ပြန်ရောက်လာတယ်။
ဆရာဝန်.... ဘယ်လိုဖြစ်တာလဲ?
မောင်မောင်... ညက ကျွန်တော် ၇၅ဝအထိပဲရေပြီး ဆက်မရေနိုင်တော့လို့ ကော်ဖီတစ်ခွက် ထသောက်ပြီး တစ်ထောင်အထိ ရေလိုက်တယ်။

(၃)
သားသမီးတွေက အမေများနေ့ကိုပဲ အမှတ်ရကြပြီး အဖေများနေ့ကို မေ့နေကြလို့ ဖခင်တစ်ဦးက စိတ်ပျက်အားငယ်နေမိတယ်။ တစ်ခါက ၈ ရက် ၈ လ အဖေများနေ့မှာ ဖခင်က အိမ်သားတွေနဲ့ ညနေစာအတူစားနေတယ်။
အဲဒီအချိန်မှာ သားငယ်က ရုတ်တရက်ထပြီး ရေခဲသေတ္တာကို သွားဖွင့်တယ်။ ရေခဲသေတ္တာထဲ တစ်ခုခုယူဟန်နဲ့ အဖေကို လှမ်းမေးလိုက်တယ်။ သား.... ဖေဖေ .. ဒီနေ့ ဘာနေ့လဲ သိလား?
ဖခင်ရင်ထဲ ထိတ်ခနဲ့ဝမ်းသာသွားတယ်။ အဖေများနေ့မှာ သူ့ကိုတစ်ခုခု အံ့သြအောင် သားလုပ်တော့မယ်အထင်နဲ့ အားရဝမ်းသာ.. "ဒီနေ့ ၈ ရက် ၈ လလေ" လို့ ပြန်ပြောလိုက်တယ်။ သားဆီက စိတ်ပျက်လက်ပျက် ပြန်ကြားလိုက်ရတဲ့ အသံက
"ဟာကွာ.... ဒီနွားနို့ ဒိတ်လွန်သွားပြီ" ဟူတည်း။
(ဒီဟာကတော့  ဟာသဆိုတာထက် သတိမူသင့်တဲ့အဖေများနေ့ကို အမှတ်ရစေတယ်လို့ကျွန်တော်ထင်ပါတယ်)