Tuesday, January 25, 2011

ဖားကလေးတွေအတွက်ခေါ်တဲ့ မိုး

တောကျောင်းဆရာ ရဲ့ blog လေးထဲက အက်ဆေးလေးပါ.....

ဖားကလေးတွေအတွက် ခေါ်တဲ့မိုး

By လေးညို့ရှင် • June 2, 2010 • 2 Comments
Charles_Warren_Eaton_Grez-sur-Loing_1886
- Grez-sur-Loing (1886) by Charles Warren Eaton (1857- 1937)
၁) တွင်းထဲကဖားသူငယ်လေးများ အပြင်ထွက်လာစေရန် မည်သို့ပြုရမည်ကို လူတော်တော် များများ မသိသလို သူလည်းမသိပါ။
၂) အချို့ကရုပ်(ကာယ)ကို အားကိုးပြီး အချို့ကစကားလုံးများ(အသိဉာဏ်)ကို အားကိုးသည်။
၃) အသိဉာဏ်သမားများက စကားလုံးများဖြင့် ပစ်ပေါက်လျှင် ရုပ်သမားများ အပြုံးမပျက်သော် ညား ရုပ်သမားကလက်သီးဖြင့် ပစ်ပေါက်လျှင် အသိဉာဏ်သမားများလည်း မနေသာပါ။ ထိုကိစ္စ မှာ အလွန်ပင် တရားမမျှတသော သဘာဝတရားကြီး၏ စီရင်ချက်ဖြစ်ပါသည်။
၎) ဘာမျှမသိသူများက စကားလုံးများကို မတုန့်ပြန်ခြင်း (နာရကောင်းမှန်းမသိခြင်း)မှာ ဘာမျှ မသိခြင်းကြောင့် ဖြစ်ပါသည်။ (ဆိုလိုသည်မှာ သည်းခံနိုင်စွမ်းရှိလှ၍ မဟုတ်ပါ၊ အနာကြီးရောဂါ
ဖြစ်နေသော အကွက်နေရာလို ထုံနေ၍ အပ်နှင်ထိုးခြင်းကို မသိခြင်းမျိုးသာပါ) ပါဠိလိုမှတ် ချင်လျှင် အန္ဓပုထုစဉ်ဟု ခေါ်ပါသည်။
၅) စိုသောလက် မခြောက်စေသူများ ရေမပြတ်လောင်းပေးကြပါ။ အမှန်တရားသည် ကျေးဇူး တရားနှင့်သော် လည်းကောင်း၊ ခင်မင်မှုနှင့်သော်လည်းကောင်း သီးခြားရပ်တည်နေ၏။ (ခဏ ရပ်၍ စဉ်းစားကြည့်ပါ၊သီးခြားရပ်တည်နေပါသည်။) တစ်ခါတစ်ရံ ခြောက်သောလက်နှင့် နေရ တာ ပိုကောင်းပါသည်။ “စိုသောလက် မခြောက်စေနဲ့”ဟူသော ဆုံးမစကားလိုလို ဘာလိုလို စကားမှာ ကောက်စိုက်ရာမှ ပြန်လာသော မိန်းမများကို ပဲညှစ်ဆက်ခိုင်းချင်၍ ထွင်ထားသော မြေပိုင်ရှင်ကြီးတစ်ဦးဦး၏ အဆိုအမိန့် ဖြစ်နိုင်သည် ဆိုလျှင် သင်ငြင်းမည်လား။
၆) Knowledge Base Society ဆိုသောအရာမှာ အလွန်တန်ဖိုးရှိသော အရာဖြစ်ကြောင်း ၀ိဘဇ္ဖ ၀ါဒ အစိတ်သားလောက် သုံး၍တွေးလိုက်မှ ပိုမိုပေါ်လွင်လာပါသည်။ “ပထမလှိုင်းပေါ်မှာ ဖြတ် ပြေးနေတဲ့ ဒုတိယလှိုင်းပေါ်က တတိယလှိုင်းအမည်ခံ သတ္တ၀ါများက စောင့်ကြည့်ခြင်း”ဆိုသော စကားမှာ သင်ထင်နေသလောက် လေးနက်လှသည် မဟုတ်ပါ။ လယ်ကွင်းထဲဖြတ်မောင်း နေ သော လယ်ထွန်စက်ကို အင်ဂျင်နီယာ ကျောင်းသားကြီးများက ဒိုင်နာကားခေါင်မိုးပေါ်က လှမ်း ကြည့် ခြင်း မဖြစ်နိုင်ဘူးလား။ တတိယကမ္ဘာထဲမှာ သင်နေရသည်ကို မမေ့ပါနှင့်။
၇) ” မတတ်သာတော့တဲ့အခါ စားချင်လည်း စားကြပေါ့။ ဒါပေမယ့် ရယ်မစားနဲ့၊ငိုစား” ဆိုသော ဦးအောင်သင်းကြီး၏ ဆုံးမစကားကို ကြားဖူးဟန်တူသည့် ကလေးတစ်ယောက်ကတော့ တ၀ါး ၀ါးငိုရင်း ထမင်းဇလုံကို နှိုက်နေပါပြီ။ ကြားဖူးဟန်လုံးလုံးမရှိသည့် မူလတန်းမှ မဟာတန်းအထိ တာဝန်ယူ သင်ကြားနေသောသူများကတော့ ကျူရှင်တွင်တွင် ပြနေကြ၏။ မငိုသည့် အပြင် ပြုံးပြုံး,ပြုံးပြုံးနှင့် ဖြစ်သည်။ ပြုန်းပြုန်း,ပြုန်းပြုန်း (သို့မဟုတ်) သုဉ်းသုဉ်း,သုဉ်းသုဉ်း ဟုလည်း ဆိုချင်ပါသည်။ စကားလုံး သတ်ပုံသုံးမျိုးစလုံးမှာ ဤ၀ါကျတွင် တစ်မျိုးစီကောင်းကြ၏။
ပါတိတ်အကျီင်္များနှင့်လူများမှာ လေအေးစက်တပ်ထားသော အခန်းထဲတွင် မီးလှုံနေကြသည်ဟု ဆိုလျှင် သင်အံ့သြမည်မထင်ပါ။ လောဘဆိုတာ တစ်ကယ်တော့ မီးတစ်မျိုးပဲ မဟုတ်လား။ သူ တို့ မီးလှုံပြီးလျှင် “ရေငုပ်၊တုံးခုန်၊ ဇယ်ခတ်” တော့လုပ်ဖို့ ကျန်ပါသေးသည်။ ဆောက်လုပ်ရေး အေအီးဖြစ်ကာစ မိန်းကလေးတစ်ယောက်၏ အလုပ်သမားများရှေ့တွင် “ဂျိန်း”ကနဲ ဆောင့်ပိတ် လိုက်သော ကားတံခါးသံမှ ပြည့်တန်ဆာမိန်းကလေးတစ်ဦး၏ တည်းခိုခန်းတံခါး ဆောင့်ပိတ် လိုက်သံနှင့် “ဖရီကွင်စီ” ခေါ်သည့်အရာ ကွာ,မကွာ ကို အော်စီလိုတကုပ်နှင့် မတိုင်းပါနှင့်။ နှလုံး သားနှင့် တိုင်းချင်လျှင်တော့ ကန့်ကွက်ရန်မရှိပါ။
၈) “ကျွန်တော်တို့၏ ပထမအရွယ်သည် ခန်းမနောက်ခံမြက်ခင်းပြင်မှ ဖျတ်ခနဲအလင်းတစ်ချက် လက်ခြင်း၌နိဂုံးကမ္ပတ် အဆုံးသတ်ကြသည် “ဆိုသော ၀ါကျ (အချို့က ၀တ်ကျာ့ဟု အသံထွက် မှမှန်တယ်ဆိုလား)ကို ဘိုလိုပြန်ရေးချင်လျှင် ဦးထွန်းငြိမ်း အဘိဓာန် လို,မလိုကို ဆရာမြသန်း တင့်က ရှင်းပြပါလိမ့်မည်။”စာဖတ်တယ်ဆိုတာ လက်တွေ့အသုံးချဖို့” ဟု ယုံကြည်ထားသူများ (ခံယူထားသူများ) အတွက် ဦးကြီးပု၏ ဟင်းချက်နည်း (၅၀၀) စာအုပ် တစ်အုပ်စီပေးလိုက်လျှင် အလွန်အသုံးတည့်ပါလိမ့်မည်။
ဂျက်လန်ဒန်၊ မာယာကော့စကီးနှင့် ကမူးတို့ မုတ်ဆိတ်မွှေးမထားခြင်းမှာ လီယိုတော်စတွိုင်း နှင့်  ဘားနပ်ရှောကိုတော်လှန်လို၍ မဟုတ်ကြောင်း အားလုံးသိပြီးဖြစ်သော်လည်း စာပေဟော ပြောပွဲ၊ စာကြည့်တိုက်၊ သုတေသနလုပ်ငန်း များနှင့် စာနယ်ဇင်းတို့၏ ရည်ရွယ်ချက်ကို အား လုံး နားလည်ဖို့မလွယ်ပါ။ (တွင်းထဲက ဖားကလေးတွေအတွက်ပို၍မလွယ်ပါ) “ပေါင်မုန့်နှင့် ၀ိုင်”ကို တမ်းတခဲ့သော အိုမာခရမ်ကြီးသာခေတ်မီလာလျှင်”စာနယ်ဇင်းလွတ်လပ်ခွင့်နှင့်ဝိုင်”ကို တမ်းတပါလိမ့်မည်။ ပေါင်မုန့်အစား ကိတ်မုန့်စားပါလားဟု လာ၍ချွေးသိပ်နေလျှင်လည်း အောင်မြင်လိမ့်မည် မဟုတ်ကြောင်း မေရီအင်တွိုင်းနက်တို့ အုပ်စုနှင့်တွေ့လျှင်ပြောလိုက်ကြပါ။
၉) “ဗုဒ္ဓဘာသာများသည် အနေန္တော-အနန္တဂိုဏ်းဝင် အာစရိယများအား ပူဇော်ခြင်းကို နှစ်ခြိုက် စွာ လက်ခံသည်” ဟူသော အဆိုကိုဖတ်ကြည့်ပြီး ”အာစရိယများအား ပူဇော်ခြင်းကိုပိတ်ပင် ကန့် ကွက်သူများသည် ဗုဒ္ဓဘာသာများ မဟုတ်နိုင်” ဟု ဒုတိယနှစ် ယုတ္တိဗေဒ ကျောင်းသား တစ်ဦးကဆိုပါသည်။ ထိုကောက်ချက်မှား သည်ဆိုလျှင် ယုတ္တိနည်းကျတွေးပုံက မှားခြင်းမ ဟုတ်ပဲ ထိုကျောင်းသားကလေး၏ ပတ်ဝန်းကျင်လေ့လာမှုညံ့ဖျင်းခြင်းသာ ဖြစ်ပါမည်။ “ကျေးဇူး တင်စကား” ပြောခွင့်မရသည့် “ကျေးဇူးပူဇော်ပွဲ”ဟု ဆိုလျှင် သင်တို့က ဟိုတစ်ခေတ်တုန်းက တက္ကသိုလ်ပုံပြင်များထဲတွင် အိပ်ပျော်နေသူများပီပီ အဂါင်္မစုံဟု ကဲ့ရဲ့ကြမည်ဖြစ်သော်လည်း အားလုံးမှာ ပျော်တပြုံးပြုံးဖြင့်ဆင်နွှဲပြီးသွားပါပြီ။ ထိုကိစ္စကိုနားမလည်၍ စာရေးဆရာကြီးတစ်ဦး အား မေးကြည့်ရာ “အဂါင်္မစုံတာတွေကိုကြိုက်တာ အခုမှမဟုတ်ပါဘူး။ နိပါတ်တော်တွေထဲမှာကို အခိုင်အခန့်ရှိတယ်။ မဟာပဒုမ ဇာတ်တော်ထဲက ပေါင်တိုကြီးကောင်းစားတာ ကြည့်ပါလား”ဟု ဆို၏။ ကန့်လန့်ဖြတ်မင်ရောင်စုံများ၏ အရှိန်မကုန်သေးတာ ဖြစ်ပါသည်။
“တစ်ချို့က ညံ့မှကြိုက်တယ်” ဆိုသောစကားကို မည်သည့် တွေးခေါ်ပညာရှင်က စသုံးခဲ့မှန်း မ သိရတာ အလွန်နာပါသည်။ “ကျေးဇူးတင်စကား ကြောက်သူများ” ကို ဗန်ဂိုးဆွဲတာလား၊ ရေနာ ဆွဲသလား၊ ရစ်(ခ်ျ)မွန့် ဆွဲသလား၊ အောင်စိုးဆွဲသလား သူမသိပါ။ ခပ်ညံ့ညံ့ ကော်မာရှယ် သ မားလေးတစ်ဦးက လက်မနေနိုင်၊ခြေမနေနိုင်ဖြင့် ဆွဲလိုက်တာလည်း ဖြစ်နိုင်ပါသည်။ ဘာပဲဖြစ် ဖြစ် ခေတ်ပြိုင်ခံစားမှုပေးနိုင်၍ ကမ္ဘာကျော်သွားနိုင်ပါသည်။
၁၀) ရုပ်ရှင်-ရုပ်ရှင်ဟု အော်နေကြသော ဒါရိုက်တာအမည်ခံ သူဌေးပေါက်စလေးများ (နတ်ရေ ကန်ထဲက တက်လာသော သူဌေးပေါက်စလေးများ) အနေဖြင့် ပူဒေါ့(ရှ်)ကင်နှင့် အိန်းစတိန်း တို့ကိုမသိခြင်းသည် သူတို့ရိုက်သော ခပ်ညံ့ညံ့ လူပြိန်းကြိုက် ကားကလေးများမှ ရသောဝင် ငွေကို နေ့မအား၊ ညမအား ရေတွက်နေရ၍ဖြစ်နိုင်ပါသည်။
ဒေါက်တာနော်ဗန်မက်သွန်း၊ ဒေါက်တာချေဂွေဗားရားနှင့် ဒေါက်တာအဲလ်ဘတ်ရွိက်ဇာ တို့ကို မသိသော ဂျီပီအောင်မြင်နေသည့် ဆရာဝန်လေးတစ်ဦးသည် “ဆေးကုတဲ့ဆရာဝန်ထက် လူထု ကို အသိပညာပေးသောဆရာဝန်က ပိုကောင်းတယ်၊ သုတေသနလုပ်တဲ့ ဆရာဝန်ကတော့ အ ကောင်းဆုံးဖြစ်တယ်”ဆိုသော အယူအဆကို ကြားဖူးရန် အလားအလာမရှိပါ။
အင်္ဂလိပ်စာလေ့လာနေတယ် ဆိုသူကလေးများကတဲ့ရော၊ အများစုမှာ “ဟောင်းဒူယူဒူး” က မတက်ပဲ တွင်းကလေးထဲမှာ နေခဲ့ကြတာ နှစ်အတော်ကြာလောက်ပါပြီ။ ပေါ်ပြူလာဖြစ်တိုင်း (အများစုလုပ်ကြတာမြင်တိုင်း) လိုက်လုပ်၍မကောင်းပါ။ လေဆိပ်မှာ၊ ဘူတာရုံမှာ၊ တည်းခိုခန်း မှာ၊မွေးနေ့ပါတီမှာ ပြောလေ့ရှိသော စကားလေးဆယ်ခွန်း လောက်ကို အလွတ်ကျက်ပြီး ပြော လေ့ရှိသူများသည် လူရာဝင်ချင်ရှာလွန်းသော ခပ်ညံ့ညံ့များသာ ဖြစ်သည်ဟုဆိုလျှင် သင်ကန့် ကွက် စရာရှိပါသလား။ အင်္ဂလိပ်မဂ္ဂဇင်းတွေတောင် ဖတ်နိုင်နေပြီဆိုသော သူတစ်ယောက်က Gone With The Wind နှင့် The Class လောက်တောင် မကြားဖူးခြင်းမှာ နားမပါ၍တော့
မဟုတ်ပါ။ နားပိတ်ထားခြင်းသာ ဟုတ်တန်ပါသည်။
အရပ်ဘုရားပွဲ စတိတ်ရှိုးပွဲများတွင် လူပြိန်းကြိုက် သီချင်းလေးငါးဆယ်ပုဒ်လောက် တက်တီး နိုင် အောင် လေ့ကျင့်ထားပြီး ဂီတ-ဂီတ ဟုအော်နေသူများ၏ အသံနှင့် မိုးဦးကျဖား လက်တက် များအော်သံတို့အနက် မည်သည့်အသံက ပို၍ဒုက္ခပေးကြောင်း သုတေသနမပြုရသေးပါ။ မိုး ဇက်မသိ၊ ဘီသိုဗင်မသိ၊ ချိုင်ကော့စကီးမသိ၊ ဦးပြုံးချိုမသိ၊ မြို့မငြိမ်းမသိ၊ မောင်သစ်မင်းမသိ၊ ကိုမောင်မောင်(အဉ္ဖလီ) မသိ၊ ကိုနေ၀င်းမသိ၊ သုခမိန်လှိုင်မသိ၊ မြင့်မိုးအောင်မသိ၊ ကေအေတီ မသိ၊ ဆင်ဖိုနီဆိုတာမသိ၊ ဆိုနာတာဆိုတာမသိ၊ ဘာဆိုဘာမျှ မသိသူများသည် မသိကြောင်းကို ၀န်ခံလိုခြင်းမရှိ၍ ဘယ်တော့မှ သိလာတော့မှာ မဟုတ်ပါ။ (ဤနေရာတွင် ‘မသိ’ဆိုသည်မှာ ဖန်တီးသူတို့၏ ဘ၀ဖြတ်သန်းမှု၊ လေ့လာခဲ့ရသော စာပေများနှင့် သမိုင်းများ၊ ဂီတအပေါ် ထားသော သဘောထား၊ အနုပညာစံ အတိမ်အနက်၊ စွန့်လွှတ်ပေးဆပ်ခဲ့ရမှု၊ နာကျင်ခဲ့ရမှု…. စ သည်တို့ကို ဆိုလိုသည်။ နာမည်လောက်တော့ အလွန်ကျက်ထား၍ ပြောနိုင်လောက်၏ တစ်ချို့ လည်း နာမည်လောက်ပင် မသိပါ။ ထူးဆန်းလွန်း၍ ရုံသွင်းပြသင့်သည်။)
ဆိုင်းဘုတ်ကလေးမျိုးစုံရေးပြီး သွားကြားမှာအသားစညှပ်နေသောသူ တစ်ဦးသည် “ဂျက်ဆန် ပေါ့လော့က်၊ ခင်မောင်ရင်နှင့် မောင်ဒီ”လို ဖြစ်မလာခြင်းသည် အနုပညာပါရမီ မပါသော ကြောင့်” ဟု ကြံဖန်ခွင့်လွှတ်လျှင် ရနိုင်သော်လည်း “ဂျက်ဆန်ပေါ့လော့က်၊ ခင်မောင်ရင်နှင့် မောင်ဒီ” ဆိုသည့် အမည်များကို ကြားပင်မကြားဖူးပါဟု ဆိုလာလျှင်တော့ တော်တော်စဉ်းစား စရာ ဖြစ်လာပါပြီ။
ဂီတဖြစ်ဖြစ်၊ ရုပ်ရှင်ဖြစ်ဖြစ်၊ ပန်းချီဖြစ်ဖြစ် ဘယ်အနုပညာပစ္စည်းမဆို စာမဖတ်တဲ့သူတွေ ဖန်တီး ထားတဲ့အရာဆို လူပြိန်းကြိုက် ခပ်ညံ့ညံ့တွေပဲ ထွက်လာမှာပဲ ဆိုတာ ဘယ်သူပြောသွား မှန်း စဉ်းစားမရသေးပါ။ “ပိတ်ထားသောစိတ်”ဟု စာအုပ်တစ်အုပ် ထုတ်လျှင်တော့ သူတို့ကို ရှေ့ဆုံးကနေရာပေးမှ တော်ပါလိမ့်မည်။
၁၁) “ဘာသာရေးဖတ်တဲ့သူအချင်းချင်း ဆုံရင် ဘာသာရေးအကြောင်း တမေ့တမော ပြောကြ တယ်။ ဒဿန ဖတ်တဲ့သူချင်း၊ ရသစာပေဖတ်တဲ့သူချင်း၊ ကဗျာတွေကို ရင်ခုန်တဲ့သူအချင်းချင်း ဆုံကြ တွေ့ကြရင်လည်း အဲဒီလိုပါပဲ။ ဒါပေမယ့် သိုင်းစာအုပ်ဖတ်တဲ့သူအချင်းချင်း ဆုံတော့ သိုင်းကွက်တွေအကြောင်း ဘာလို့မပြောကြတာလဲ”ဆိုသော မေးခွန်းတစ်ခုကို သူငယ်ချင်း တစ်ဦးကမေးတော့ သူမဖြေနိုင်ပါ။ သင်ရော ထိုမေးခွန်းကို ကိုယ့်ဘာသာမေးကြည့်ရင် ဖြေနိုင် ပါ့မလား။ အမျိုးအစားနိမ့်တဲ့ ကွန်ပြူတာထဲကို အဆင့်မြင့်ဆော့(ဖ်)၀ဲတွေ ထည့်လို့မရတာ သဘာဝပဲဟု ပြီးစလွယ်မပြောပါနှင့်။ ဗီဇညံ့ခဲ့ကြတာလား။ ပတ်ဝန်းကျင် ညံ့ခဲ့ကြတာလား။
ရုပ်ပြဖတ်သူများသည် ဘယ်တော့မှ ကာတွန်းမဖတ်ပါ။ ကာတွန်းသည် အဆင့်မြင့် အနုပညာ ပစ္စည်းဖြစ်၏ တော်ရုံပါရမီဖြင့် ကာတွန်းတစ်ကွက်ကို သဘောကျ နှစ်ခြိုက်လို့မရပါ။ သင် မယုံလျှင် ထိုသူများကို အော်ပီကျယ်၏ ကာတွန်းစာအုပ်တစ်အုပ် ပေးကြည့်ပါလား။
၁၂) တွင်းထဲကဖားကလေးများ တစ်ခါတလေ လောက်ဖြစ်ဖြစ် အပြင်ထွက်လာစေရန် မိုးက လေး တစ်ပြိုက်၊ နှစ်ပြိုက်ကတော့ ရွာဖို့လိုပါပြီ။
ရာသီဥတုကောင်းလာလျှင် တွင်းကလေး၏ အပြင်လောကသို့ ထွက်ပြီးလေ့လာဖို့ ဖားကလေး တွေကိုယ်တိုင်က “ဖွင့်ထားသောစိတ်” ရှိနေဖို့လိုနေသေးကြောင်းကိုလည်း သူအခုတော့ သ ဘောပေါက်စပြုလာပြီ ဖြစ်၏
မိမိနေထိုင်သော တွင်းဝကလေးကို မိုးကောင်ကင်ဟု ထင်နေခြင်းမှာရံဖန်ရံခါစိတ်သက်သာစရာ ဖြစ်နိုင် သော်လည်း အဖြေမဟုတ်ပါ။
လေးညို့ရှင်

No comments:

Post a Comment