Monday, August 22, 2011
BF ဆိုတာဘာလဲ့ ?
ကောင်လေးတစ်ယောက်က ကောင်မလေးတစ်ယောက်ကို ပြောတယ် "ငါက နင့်ရဲ့BFပါ"တဲ့။
ကောင်လေးရဲ့အပြောကို နားမလည်တဲ့ကောင်မလေးက အပြစ်ကင်းတဲ့မျက်နှာနဲ့မေးတယ်။
"BF ဆိုတာဘာလဲ?"
ကောင်လေးက ပြုံးပြုံးရယ်ရယ်နဲ့ "BF ဆိုတာ best friendပါ" လို့ပြောတယ်။
အဲဒီနောက် အရွယ်ရောက်လာကြတဲ့ ကောင်လေးနဲ့ကောင်မလေး ချစ်သူတွေ ဖြစ်သွားကြတယ်။
အဲဒီမှာ ကောင်လေးက ကောင်မလေးကိုထပ်ပြောတယ် "ငါက နင့်ရဲ့ BF ပါ"တဲ့။
ကောင်မလေးက မခို့တရိုနဲ့ မေးတယ်။
"BF ဆိုတာဘာလဲ?"
ကောင်လေးက ကောင်မလေးမေးစေ့ကို ကြင်ကြင်နာနာကိုင်ပြီး ဖြေတယ်။
"BF ဆိုတာ boy friendပါ" တဲ့။
အဲဒီနောက် နှစ်အတန်ငယ်အကြာမှာ သူတို့လက်ထပ်ကြတယ်။ ချစ်စရာကလေးလေးမွေးခဲ့တယ်။ အဲဒီမှာ ယောက်ျားဖြစ်သူက ဇနီးကို ပြုံးပြုံးလေးပြောပြန်တယ် "ငါက နင့်ရဲ့BFပါ"တဲ့။ ဇနီးက ပန်းကန်တွေသိမ်းနေရာက ကြင်ကြင်နာနာနဲ့ ပြန်မေးတယ် "BF ဆိုတာဘာလဲ?"
ယောက်ျားက ကလေးမျက်နှာကိုကြည့်ပြီး ဝမ်းသာပျော်ရွှင်တဲ့အသံနဲ့ ပြောတယ်။
"BF ဆိုတာ baby's fatherပါ" တဲ့။
အဲဒီနောက် သူတို့တဖြေးဖြေး အိုမင်းခဲ့ကြတယ်။
ဇနီးမောင်နှံနှစ်ဦး အိမ်ရှေ့ကုလားထိုင်မှာထိုင်ပြီး ညနေဆည်းဆာအလှကို ရှုစားနေခဲ့တယ်။
အဲဒီမှာ အဘိုးအိုက အဘွားအိုကို "အဘွားကြီး.. အဘွားကြီး ငါက နင့်ရဲ့BFပါ" လို့ပြောတယ်။
မျက်နှာတစ်ခုလုံးပေါ် အရစ်အကြောင်းတွေပေါ်တဲ့အထိ အဘွားအိုပြုံးပြီး ပြန်မေးတယ်။
"BF ဆိုတာ ဘာလဲ အဘိုးကြီးရယ်...."
အဘိုးအိုက ကောင်းကင်ထက်က ညနေဆည်းဆာအလှကို မော့ကြည့်ပြီး အိုမင်းရင့်ရော်တဲ့အသံနဲ့ ပြန်ဖြေတယ်။
"BF ဆိုတာ Be foreverပါအဘွားကြီးရယ်..." တဲ့
Friday, August 19, 2011
ဘီလ် ဂိတ် ဘယ် လောက် ချမ်း သာ သလဲ့ ?
  • ၁) ဘီလ်ဂိတ်ရဲ့ တစ်စက္ကန့် ဝင်ငွေဟာ အမေရိကန်ဒေါ်လာ ၂၅ဝ ဖြစ်တယ်။ တစ်နေ့ဝင်ငွေက သန်း၂ဝကျော် ဖြစ်တယ်။ တကယ်လို့ သူ့ပိုက်ဆံအိတ်ကနေ ဒေါ်လာ၁ထောင် ကျသွားရင်တောင် ဘီလ်ဂိတ် ကောက်ချင်မှကောက်ပါလိမ့်မယ်။ ဘာဖြစ်လို့လဲဆိုတော့ သူခါးကိုင်းပြီး ကောက်လိုက်တဲ့ အချိန်၎စက္ကန့်ရဲ့ ဝင်ငွေဟာ အဲဒီငွေနဲ့ ညီမျှလိုပဲဖြစ်တယ်။
    ၂) အမေရိကန် အစိုးရတင်နေတဲ့ အကြွေးက 5.62 trillion dollars ဖြစ်တယ်။ ဘီလ်ဂိတ်ကို အဲဒီအကြွေးတွေ ဆပ်ခိုင်းဖို့ရာ အချိန်(၁ဝ)နှစ်ပဲ လိုပါလိမ့်မယ်။
    ၃) ဘီလ်ဂိတ်ရဲ့ ချမ်းသာမှုဟာ အမေရိကန်အစိုးရစုထားတဲ့ ရွှေတန်ဖိုးရဲ့ ၃ဆဖြစ်တယ်။ ကမ္ဘာပေါ်မှာရှိတဲ့ လူဦးရေတိုင်း လူတစ်ဦးကို ဒေါ်လာ၁၅ကျပ်နှုန်း ဝေခဲ့ရင်တောင် ဘီလ်ဂိတ်မှာ လက်ကျန်ငွေ ဒေါ်လာ ၅ သန်း ကျန်ခဲ့နိုင်ပါသေးတယ်။
    ၄) မိုက်ကယ်ဂျော်ဒန်က ကမ္ဘာ့ဝင်ငွေအကောင်းဆုံး အားကစားသမားဖြစ်တယ်။ ဂျော်ဒန်ဟာ သူ့တစ်နှစ်ဝင်ငွေ သန်း၃ဝကို မစားမသောက်ဘဲ စုခဲ့ရင်တောင် နောင်နှစ်ပေါင်း (၂၇၇)နှစ်စုမှ ဘီလ်ကိတ်ရဲ့ လက်ရှိချမ်းသာမှုနဲ့ ညီမျှမှာဖြစ်တယ်။
    ၅) ဘီလ်ဂိတ်ဟာ နိုင်ငံတစ်နိုင်ငံ ဖြစ်ခဲ့တယ်ဆိုရင် သူဟာ နံပါတ် (၃၇)မြောက် အချမ်းသားဆုံးနိုင်ငံ ဖြစ်တယ်။ ဒါမှမဟုတ် ကုမ္ပဏီတစ်ခု ဖြစ်ခဲ့တယ်ဆိုရင် နံပါတ်(၁၃)မြောက် အမေရိကန်ရဲ့ အကြီးဆုံးကုမ္ပဏီဖြစ်တဲ့ IBM ထက်တောင်ကြီးပါတယ်။
    ၆) ဘီလ်ကိတ်ရဲ့ ပိုင်ဆိုင်မှုအားလုံးကို ကျပ်တစ်ဒေါ်လာအဖြင့်လဲပြီး ရသမျှ ကျပ်တစ်ဒေါ်လာကို အထပ်ထပ် ထပ်လိုက်ရင် လကမ္ဘာကို အသွားအပြန် ၁၈ခေါက် ရနိုင်ပါတယ်။ ဒီကျပ်တစ်ဒေါ်လာကို ၇၁၃ ဘော်ရင်းဂျက်၊ ၇၄၇ လေယာဉ်နဲ့ မအိပ်မနေ နှစ်ပေါင်း ၁၄ဝဝ ကြာအထိ တင်ယူသယ်ဆောင်မှ ရနိုင်ပါလိမ့်မယ်။
    ၇) ဘီလ်ဂိတ်အသက်(၄ဝ) ရှိပါပြီ။ အမေရိကန်ယောက်ျားတွေရဲ့ သက်တမ်းနဲ့ တွက်ချက်မယ်ဆိုရင် နောက်ထပ် ၃၅နှစ် သူအသက်ရှင် နိုင်ပါသေးတယ်။ သူ့ဝင်ငွေထဲက တစ်နေ့ကို ၆၇သိန်းသုံးမှ သူမသေခင် သူ့ငွေတွေကုန်မှာဖြစ်ပါတယ်။
    ၈) တကယ်လို့ ကွန်ပြူတာ သုံးနေသူတွေရဲ့ဝင်းဒိုး တစ်ခါဟမ်းသွားတိုင်း သူ့ကုမ္ပဏီကို ၁ဒေါ်လာ အလျှော်တောင်းကြရင် သုံးနှစ်အတွင်းမှာ ဘီလ်ဂိတ် ဆင်းရဲသွားနိုင်ပါတယ်။
  • ဆင် ကလေး နှင့်  သံကြိုး
  • ဂျမ်ဘိုဟာ ဆပ်ကပ်တစ်ခုက ဆင်ပေါက်ကလေးတစ်ကောင်ဖြစ်တယ်။ သူ့မိဘတွေကလည်း အဲဒီဆပ်ကပ်ရဲ့ အသုံးတော်ဟောင်း တွေဖြစ်တယ်။ ဆင်ပေါက်လေး ဂျမ်ဘိုဟာ ငယ်ရွယ်သူပီပီ အဆော့သန်ပြီး နေရာတကာ စပ်စပ်စုစုနဲ့ လျှောက်သွားနေတတ်လို့ ဆပ်ကပ်ထဲက လူတွေက သူ့ကို သံကြိုးသေးလေးနဲ့ တိုင်မှာချည်နှောင်ထားလိုက်တယ်။ ဒီလိုချည်နှောင်ခံရတာကို ဂျမ်ဘိုက နည်းနည်းမှကျင့်သားမရခဲ့လို့ အချည်နှောင်ခံစမှာ သံကြိုးကလွတ်အောင် သူရုန်းခဲ့တယ်။ သူ့ရဲ့သေးငယ်တဲ့အားနဲ့ ကြိုးကိုပြတ်အောင် မရုန်းနိုင်ခဲ့တော့ ကြိုးမီရာ နေရာလောက်မှာပဲ သူလှုပ်ရှားခဲ့ရတယ်။
    ရက်အနည်းငယ်ကြာတော့ သံကြိုးကလွတ်အောင် သူကြိုးစားပြန်တယ်။ မအောင်မြင်ခဲ့ပြန်ဘူး။ တစ်ရက်ပြီး တစ်ရက်၊ တစ်ကြိမ်ပြီး တစ်ကြိမ် သံကြိုးကလွတ်အောင် သူအမျိုးမျိုး ကြိုးစားခဲ့တယ်။ ဒါပေမယ့် မအောင်မြင်ခဲ့ဘူး။ ကြာတော့လွတ်ဖို့ သူမကြိုးစားတော့ဘူး။ သူ့မိဘတွေကို ကြည့်တော့လည်း သံကြိုးတွေနဲ့ ချုပ်နှောင်ခံထားရတာကိုတွေ့တော့ ဒီလို ချည်နှောင်ခံရတဲ့ဘ၀ကို သူကျင့်သားရလာခဲ့တယ်။
    ဂျမ်ဘိုဟာ တဖြေးဖြေး ကြီးပြင်းလာခဲ့တယ်။ သူ့ရဲ့အင်အားဟာ ခြေထောက်မှာချည်ထားတဲ့သံကြိုးကို နှာတမှုတ်စာနဲ့တောင် ဖြတ်နိုင်ပါပြီ။ ဒါပေမယ့် အဲဒီသံကြိုးကိုဖြတ်ဖို့ သူမတွေးမိတော့ဘူး။ ဒီသံကြိုးဟာ ဘယ်လိုမှဖြတ်လို့ မရနိုင်ဘူးဆိုတဲ့အတွေးက သူ့ရဲ့နှလုံးထဲ၊ မှတ်ဥာဏ်ထဲမှာ ငယ်ငယ်လေးကတည်းက အရိုးစွဲနေခဲ့လို့ဖြစ်တယ်။
    ဒီလိုနဲ့ တစ်မျိုးဆက်ပြီး တစ်မျိုးဆက် ဆပ်ကပ်ထဲက ဆင်ကြီးတွေဟာ မြင်ရတဲ့သံကြိုးသေးလေးနဲ့ ခြေထောက်ကို ချုပ်နှောင်ခံရပြီး မမြင်ရတဲ့ သံကြိုးကြီးနဲ့ စိတ်ဓာတ်ကိုချုပ်နှောင်ခံခဲ့ကြရတယ်။ အဲဒီ အချုပ်အနှောင်ခံ ဘ၀လေးထဲမှာပဲ သူတို့ဟာ ကျင်လည်နေခဲ့ကြတော့တယ်။
    အချိန်တွေဟာ မပြတ်ပြောင်းလဲနေပါတယ်။ ဟိုတုန်းက မလုပ်နိုင်ခဲ့တာကို ဒီနေ့မှာ လုပ်လို့ရရင်လည်း ရသွားနိုင်မယ်။ ဟိုတုန်းက လုပ်နိုင်ခဲ့တာကို ဒီနေ့မှာ ခက်ရင်လည်း ခက်သွားနိုင်တယ်။ ဘာပဲဖြစ်ဖြစ် အဓိက က စိတ်ထဲမှာ မပြောင်းလဲတဲ့ အယူအဆတွေကို အရိုးစွဲပြီး ချန်မထားမိခဲ့ဖို့ပဲလိုတယ်။ ကျွန်မတို့ဟာ ဆင်ကလေး ဂျမ်ဘိုလို အချုပ်အနှောင်ခံဘ၀မှာ ကျင့်သားရ ကျင်လည်နေခဲ့ကြပြီလား... ?
    original post from: http://www.youthwant.com.tw
    နိုင်းနိုင်း စနေ
  • မိတ် ဆွေ သူငယ် ချင်း
    နာမည်ကြီး စကောတလန် စာရေးဆရာတစ်ဖြစ်လဲ ဟာသမင်းသား Roterက ပရိသတ်ကို "ဘေးကလူနဲ့ ခင်ဗျားတို့ ပုခုံးချင်းယှဉ်ပြီး ထိုင်နေတာ ၂ နာရီလောက် ရှိနေပြီ။ တစ်ယောက်နဲ့တစ်ယောက် စကားတစ်ခွန်းမှ မပြောကြပါလား?" လို့ ပြောလိုက်တယ်။ သူ့စကားကြောင့် ပရိသတ်တွေ ရယ်မောခဲ့သလို လူတစ်ချို့က ကိုယ့်ဘေးမှာ ထိုင်နေသူတွေကို ထနှုတ်ဆက်ကြတော့တယ်။
    ဒီလောက်ပဲ လွယ်ကူရိုးရှင်း ခဲ့ပါတယ်... ဘေးမှာရှိနေတဲ့သူက ကိုယ့်ရဲ့စကားလေးတစ်ခွန်း၊ အပြုံးလေးတစ်ပွင့်နဲ့ ကိုယ့် "သူငယ်ချင်း" ဖြစ်လာနိုင်ပါတယ်။ ဒါပေမယ့် ကျွန်တော်တို့တစ်တွေက တစ်ခါတလေ ကိုယ့်ကို အထင်ကြီးမှု၊ လူတန်းစား၊ လူမျိုးခွဲခြားမှုကြောင့် သူငယ်ချင်းကောင်းတွေကို လက်လွတ်ခဲ့ရတယ်။
    တစ်ခါက နှင်းမုန်တိုင်းကျပြီးနောက် ကားတွေသွားလာလို့ မရအောင် နှင်းတွေ ပိတ်ဆို့နေခဲ့တယ်။ ကျွန်တော်တို့နေတဲ့တိုက်က လောင်စာကုန်သွားတဲ့အပြင် ဆိုင်ကလူတွေ အစားအစာ လာမပို့နိုင်ခဲ့ဘူး။ ရေမရှိ၊ မီးမလာဖြစ်ခဲ့ရတယ်။ အဲဒီမှာ တစ်ခါမှ မခေါ်မပြောခဲ့ဖူးကြတဲ့ အိမ်နီးချင်းတွေက အချင်းချင်း အိမ်တံခါးခေါက်ပြီး စားစရာတွေ ပေးဝေလဲလှယ်ကြတယ်။ အိမ်တစ်အိမ်က လူစုပြီး ကပွဲလုပ်ခဲ့လို့ ကျွန်တော်တို့တစ်အိမ်လုံးလည်း အဲဒီကပွဲမှာ ပါဝင်ခဲ့ကြတယ်။ အသက် ၁၁နှစ်ကနေ အသက် ၇၅နှစ်ထိ အဲဒီပွဲမှာ ပါခဲ့ကြတယ်။ ကျွန်တော်တို့တိုက်ရဲ့ လုံခြုံရေးမှူး စန္ဒားယားတီးတတ်မှန်း အဲဒီအချိန်ကျမှာ ကျွန်တော်တို့ သိခဲ့ရတယ်။
    တကယ်လို့ ခါတိုင်းလည်း ဒီလိုပဲ မိတ်ဆွေစုဝေးပွဲတွေရှိရင် အရမ်းကောင်းမယ်လို့ ကျွန်တော်တွေးမိတယ်။ အဲဒီလိုဆိုရင် ကျွန်တော်တို့နေတဲ့ တိုက်ကြီးက ပျော်စရာတွေနဲ့ နေ့တိုင်းပြည့်နေလိမ့်မယ်။
    လူတွေနဲ့ မိုင်ပေါင်းများစွာ ဝေးကွာအောင် သင်ခရီးထွက်နိုင်ပါတယ်။ ဒါပေမယ့် လူတွေကြားမှာ နေရတဲ့အပျော်ကို သင်ခံစားရမှာ မဟုတ်ဘူး။ လူတွေရဲ့ အတွင်းစိတ်ကို သင်မမြင်ရင် လောကကြီးကိုလည်း သင်ရှာတွေ့မှာ မဟုတ်ဘူး။ အရောင်းဝန်ထမ်း၊ လမ်းပေါ်မှာ တာဝန်ကျသူ၊ ဘတ်စကားမောင်းသူ၊ ဓာတ်လှေကားစောင့်၊ ဖိနပ်သုတ်တဲ့ ကလေးငယ် ... စတဲ့ လူတွေက အရည်အချင်းရှိတဲ့ လူတွေဖြစ်တယ်။ လူတိုင်းမှာ ပြည့်ဝတဲ့ စိတ်ဓာတ်တွေရှိကြတယ်။ ဒါပေမယ့် ကျွန်တော်တို့ လူအများစုက တသတ်မှတ်တည်းဖြစ်တဲ့ ဘဝထဲမှာပဲ နစ်မွန်းချင်ကြတယ်။ နေ့တိုင်း ဒီအပေါင်းအသင်း၊ ဒီမိတ်ဆွေတွေနဲ့ အပ်ကြောင်းထပ်နေတာတွေပဲ ပြောချင်ခဲ့ကြတယ်။ တကယ်တော့ သူစိမ်းနဲ့ အထူးသဖြင့် လုပ်ငန်းမတူသူတွေနဲ့ စကားပြောကြည့်ခြင်းအားဖြင့် သူတို့ဆီကနေ ကိုယ်မသိတဲ့ အတွေ့အကြုံသစ်၊ ခံစားမှုအသစ်ကို ရနိုင်ပါတယ်။ တောရွာက လယ်သမား၊ ဝေးခေါင်တဲ့အရပ်က ဓာတ်ဆီဖြည့်သမား၊ ကလေးပွေ့ထားတဲ့ အမျိုးသမီးတစ်ဦးဟာလည်း ကျွန်တော်တို့စိတ်ကို ပျော်ရွှင်အောင် လုပ်ဆောင်နိုင်စွမ်းရှိပါတယ်။
    တစ်ခြားသူအတွက် ဘာများပေးနိုင်မလဲ? ဘာများ လုပ်ပေးနိုင်မလဲလို့ ကျွန်တော်တို့အမြဲ ရေရွတ်ကြတယ်။ မပေးနိုင် မလုပ်နိုင်ချင် နေပါစေ.. အနည်းဆုံးတော့ တစ်ပါးသူရဲ့ ခံစားချက်ကို ကျွန်တော်တို့ လက်ခံနားလည်ပေးနိုင်ပါတယ်။ အပြင်ပန်းပဲ မဟုတ်ဘဲ လူတစ်ယောက်ကို ကျွန်တော်တို့ ဂရုတစိုက် ရှိခဲ့မယ်ဆိုရင် သူ့မျက်လုံးထဲကနေတောင် သူ့အတွင်းစိတ် အခက်အခဲကို တွေ့နိုင်ပါတယ်။ တကယ်လို့ ကားဂိတ်မှာ မျက်ရည်တွေနဲ့ ရပ်နေတဲ့ အမျိုးသမီးတစ်ဦး၊ နာကျင်ရိပ်ဖုံးနေတဲ့ မျက်လုံးတစ်စုံနဲ့ ကလေးငယ်၊ ဒါမှမဟုတ် ဘယ်သွားရမှန်း မသိဘဲ လမ်းပျောက်နေတဲ့ ခရီးသည်တစ်ဦးကို တွေ့ခဲ့ပြီး ကူညီဖို့ မမေးမြန်းခဲ့ရင် ကျွန်တော်တို့ ကိုယ့်ကိုခွင့်မလွှတ်သင့်ပါဘူး။
    ကျွန်တော်သိတဲ့ အမျိုးသမီးတစ်ဦးက ရထားစီးပြီး အနောက်အရပ်ကို ခရီးထွက်ခဲ့တယ်။ လမ်းခုလပ် ရွာတစ်ရွာမှာ ရထားရပ်လို့ အညောင်းပြေ သူလမ်းဆင်းလျှောက်ခဲ့တယ်။ အဲဒီအချိန်မှာပဲ အရှေ့အရပ်က ရထားတစ်စီး ဘူတာထဲဝင်လာခဲ့တယ်။ ရထားနှစ်စီး တစ်ပြိုင်တည်း ရပ်နားမိချိန်ဖြစ်တာကြောင့် လမ်းဆင်းလျှောက်တဲ့ ခရီးသည်တွေ ပိုများခဲ့တယ်။ သူလမ်းလျှောက်နေတုန်း ရှေ့တည့်တည့်မှာ အပြုံးနဲ့လျှောက်လာတဲ့ အမျိုးသားတစ်ဦးကို တွေ့လိုက်တယ်။ သူတို့ မိတ်ဆက်ကြတယ်၊ စကားတွေပြောဖြစ်ခဲ့ကြတယ်။ ရထားထွက်ဖို့ ဥသြဆွဲတော့ အမျိုးသားက "ကျွန်တော်တို့ နောက်ထပ်တွေ့နိုင်မယ် မထင်ဘူး" လို့ ပြောပြီး လက်ဆွဲနှုတ်ဆက်လိုက်တယ်။ ပြီးတော့ ရထားတစ်စီးထဲပေါ် သူတို့တက်ခဲ့ကြတယ်။
    နှစ်အတော်ကြာတဲ့အထိ သူတို့အဆက်အသွယ် ရှိခဲ့ကြတယ်။ တစ်ခြားတစ်ယောက် ကွယ်လွန်သွားချိန်ထိပါပဲ။ သူတို့နှစ်ယောက်ရဲ့ လိုအင်က ချစ်သူရည်းစား မဟုတ်ကြဘဲ အဖိုးတန်တဲ့ သူငယ်ချင်းကောင်းပဲ ဖြစ်တယ်။
    သင့်ဘဝမှာ တစ်ခြားလူ မိတ်ဆက်ပေးပြီးမှ ခင်မင်လာရတဲ့ သူငယ်ချင်း ဘယ်နှယောက် ရှိသလဲ?
    ကျွန်တော့်ဘဝမှာ ကျွန်တော်မှတ်မိသလောက် ကမ်းစပ်တစ်နေရာမှာ Baldနဲ့ကျွန်တော် ခင်မင်ခဲ့တယ်။ သူရေထဲက တက်လာတဲ့အချိန် ကျွန်တော်ရေထဲဆင်းမယ့်အချိန်မှာ ရင်းနှီးခဲ့တာဖြစ်တယ်။ နယူးယောက်က စားသောက်ဆိုင်တစ်ခုမှာ Albert နဲ့ကျွန်တော် ခင်မင်ခဲ့တယ်။ ကျွန်တော်နှစ်သက်တဲ့ စာစောင်တစ်စောင်ကို သူဖတ်နေချိန်မှာ ရင်းနှီးခဲ့တာဖြစ်တယ်။ Grand Canyon မှာ ဂျော်ဒန်နဲ့ကျွန်တော် ခင်မင်ခဲ့တယ်။ အံ့သြစရာ ရှုခင်းတွေကိုကြည့်ရင်း တစ်ယောက်ယောက်ကို အလျှင်စလို သူပြောပြချင်နေတဲ့ အချိန်မှာ ရင်းနှီးခဲ့တာဖြစ်တယ်။
    သန်းပေါင်းများစွာသော လူတွေရဲ့ ခံစားချက်က တစ်ယောက်နဲ့တစ်ယောက် မတူကြပါဘူး။ တစ်ချို့က အထီးကျန်တယ်၊ တစ်ချို့က မျှော်လင့်ချက်ကို ပွေ့ဖက်ထားတယ်။ တစ်ချို့က စိတ်ဆင်းရဲနေတယ်။ လူ့ဘဝခရီးလမ်းမှာ ဒီလိုခံစားချက်ရှိတဲ့ လူတွေအတွက် အပေါင်းအဖော် မိတ်ဆွေဆိုတာ လိုလာတယ်။ သူငယ်ချင်း လိုလာတယ်။
    အစကတော့ သူစိမ်းတွေပါပဲ... တစ်ယောက်ယောက်က လက်အရင်ဆန့်ထုတ်တာနဲ့ သူငယ်ချင်းဆိုတာ ဖြစ်လာခဲ့ပါတယ်။
    ယောင်္ကျား မိန်းမ တို့  ၏ ကမ္ဘာ့ မြေပုံ
    မိန်းကလေး
    ၁၈နှစ်က ၂၀နှစ်ထိ မိန်းကလေးတွေဟာ အာဖရိကနဲ့တူတယ်။
    တချို့ တဝက်ဖွံ့ဖြိုးပြီး တချို့က တောရိုင်းမြေဖြစ်တယ်။ သဘာဝတွေနဲ့ ပြည့်နှက်နေချိန်ဖြစ်တယ်။
    ၂ဝနှစ်က ၃ဝနှစ်ထိ မိန်းကလေးတွေဟာ အမေရိကားနဲ့တူတယ်။
    လူတွေကို အာရုံစိုက်စေတယ်။ ဆွဲဆောင်စေတယ်။
    ၃ဝနှစ်က ၃၅နှစ်ထိ မိန်းကလေးတွေဟာ အိန္ဒိယနိုင်ငံနဲ့တူတယ်။
    စိတ်အားထက်သန်ပေမယ့် ပျင်းရိတယ်။
    ၃၅နှစ်က ၄ဝနှစ်ထိ မိန်းကလေးတွေဟာ ပြင်သစ်နိုင်ငံနဲ့တူတယ်။
    အသက်အရွယ် အတွေ့အကြုံတွေနဲ့ ရင့်ကျက်တည်ငြိမ်တယ်။
    ၄၀နှစ်က ၅ဝနှစ်ထိ မိန်းကလေးတွေဟာ ယူဂိုစလားဗီးယားနဲ့တူတယ်။
    အတိတ်အတွက် ပေးဆပ်ခြင်း ကာလအပိုင်းအခြားမှာရှိတယ်။
    ၅ဝနှစ်က ၆ဝနှစ်ထိ မိန်းကလေးတွေဟာ Siberia နိုင်ငံနဲ့တူတယ်။
    အိုမင်းပြီး ခြောက်ကပ်တယ်။
    ၆ဝနှစ်က ၇ဝနှစ်ထိ မိန်းကလေးတွေဟာ မွန်ဂိုရီးယားနဲ့တူတယ်။
    ဂန္တဝင်မြောက်သမိုင်းတွေသာ ကျန်ရစ်တယ်။
    ၇ဝနှစ်အထက် မိန်းကလေးတွေဟာ အာဖဂန်နစ္စတန်နဲ့တူတယ်။
    သွားရောက်လည်ပတ်သူတွေ မရှိတော့ဘူး။
    ယောက်ျားလေး
    ၂ဝနှစ်မတိုင်ခင် ယောက်ျားလေးတွေဟာ ဂွန်ဂို (Congo)နဲ့တူတယ်။
    အကန့်အသတ်မရှိတဲ့ စွမ်းရည်တွေနဲ့ အရာရာမှာ တက်ကြွတယ်။
    ၂ဝနှစ်က ၃ဝနှစ်ထိ ယောက်ျားလေးတွေဟာ တောင်အမေရိကနဲ့တူတယ်။
    သဘာဝသံယဇာတတွေ ပေါများပေမယ့် မဖွံ့ဖြိုး မတိုးတက်ဘူး။
    ၃ဝနှစ်က ၄ဝနှစ်ထိ ယောက်ျားလေးတွေဟာ တောင်အာဖရိကနဲ့တူတယ်။
    ဖွံ့ဖြိုးတိုးတက်လာပေမယ့် ပြည်တွင်းစစ်က မပြတ်ဘူး။
    အတွေ့အကြုံများပြီး လန်းဆန်းမှုနည်းလာတယ်။ တဖြေးဖြေး ယုတ်လျော့လာတယ်။
    ၅ဝနှစ်က ၆ဝနှစ်ထိ ယောက်ျားလေးတွေဟာ မြောက်ဥရောပနဲ့တူတယ်။
    တက်ကြွမှုတွေ တဖြေးဖြေးကျဆင်းပြီး တချို့နေရာတွေဟာ အေးစက်တဲ့အပိုင်းကို ရောက်နေပါပြီ။
    ၇ဝနှစ်အထက် ယောက်ျားလေးတွေဟာ အီရတ်နဲ့တူတယ်။
    စိတ်သွားတိုင်း ကိုယ်မပါနိုင်တော့ဘူး။
    အင်တာနက်ပေါ် ဖတ်မိတာလေး ဘာသာပြန်မျှဝေပါတယ်။ ပြုံးဖို့ သက်သက်ပါ...း)
    နိုင်းနိုင်းစနေ
    သဘော ထား ပြည့် ဝ တယ်ဆို တာ
    ဒေါနှင့်မောနှင့် ကျောင်းကပြန်လာသော သားကိုတွေ့သော် ဖခင်ကမေးသည်။
    “သား....ဘာဖြစ်လာတာလဲ”
    “သားကို မခံနိုင်အောင် ၀ိုင်းစကြလို့”
    “ဘယ်လိုစလိုက်လို့ ဒီလောက် ဒေါသထွက်နေရတာလဲ”
    “သားကို...ဂျပုတဲ့..ဖက်တီးပုတ်တဲ့... မျိုးမစစ်တဲ့.. သား ဒေါသဖြစ်မိတယ်.. ဒါပေမယ့် သူတို့နဲ့ ရန်မဖြစ်ခဲ့ပါဘူး......သား သဘောထားပြည့်ဝပါတယ်”
    “သား....သဘောထား တကယ်ပြည့်ဝရဲ့လား”
    ဖခင်က ပြောပြောဆိုဆို ဇလုံတစ်လုံးကိုယူ သားလက်ကိုဆွဲပြီး ပင်လယ်ဖက်သို့ ထွက်လာခဲ့သည်။ ကမ်းခြေရောက်သော် ဇလုံကိုရေအပြည့် ဖြည့်ပြီး သားရှေ့တွင် ဇလုံထဲသို့ ကျောက်ခဲတစ်လုံး ပစ်ထည့်လိုက်သည်။ ထိုအခါ ဇလုံထဲရှိရေများက အပြင်သို့ ဖိတ်စင်ကျလာသည်။ တဖန် ဖခင်က အတန်ငယ်ကြီးသော ကျောက်ခဲတစ်တုံးကိုယူပြီး ပင်လယ်ထဲသို့ ပစ်ထည့်လိုက်သည်။ ပင်လယ်ရေပြင်မှာ လှိုင်းကြက်ခွပ်ကလေးများ ဖြစ်ပေါ်လာပြီး တခဏအတွင်း ငြိမ်သက်သွားခဲ့ပြန်သည်။ ထိုနောက် ဖခင်က သားဖက်သို့လှည့်ပြီး “သား..စိတ်သဘောထား တကယ်ပြည့်ဝသလား! တခြားလူက သားစိတ်ထဲ ကျောက်ခဲသေးသေးလေးတစ်လုံး ပစ်ထည့်လိုက်တာနဲ့ ဘာဖြစ်လို့ ဇလုံထဲက ရေလို အပြင်ကို လျှံကျလာရတာလဲ”ဟု ပြောလိုက်လေသည်။
    လေ လာပြီ
    ဝါးပင်တွေ လေတိုက်ခံရလို့ ယိုင်ကုန်ကြတယ်
    လေ ငြိမ်ပြီ
    ဝါးပင်တွေ ပြန်ထောင်မတ်လာကြတယ်။
    တိမ် လာပြီ
    ကြည်လင်တဲ့ ကန်ရေပြင်ကို တိမ်ဖုံးသွားတယ်
    တိမ် ပြယ်ပြီ
    ကန်ရေပြင်ဟာ ကြည်လင်လို့ လာပြန်တယ်။
    လေတိုက်ခံရတိုင်း ဝါး ပြန်မထောင်မတ်နိုင်တော့တာ မဟုတ်ဘူး။
    တိမ်ဖုံးခံရတိုင်း ကန်ရေပြင် မကြည်လင်နိုင်တော့တာ မဟုတ်ဘူး။
    စိတ်သဘောထား ပြည့်ဝတဲ့လူဆိုတာ....
    တခြားလူရဲ့ရိုင်းပြတဲ့ စကားတစ်ခွန်းကြောင့် သူ့စိတ်ကို လှိုင်းမုန်တိုင်းမထန်စေဘူး။
    တခြားလူရဲ့ရိုင်းပြတဲ့ အပြုအမှုကြောင့် သူ့စိတ်ကို အမုန်းရန်ညိုးတွေ မဖုံးလွှမ်းသွားစေပါဘူး။
    နိုင်းနိုင်းစနေ
    ပုံပြင်လေးတွေပြောကြမယ်။
    (၁)
    တစ်ခါက ဘုန်းကြီးနှစ်ပါးဟာ တောထဲတရားအားထုတ်ဖို့ သွားပါသတဲ့။ လမ်းခရီးမှာ ချောင်းတစ်ချောင်းတွေ့ပြီး ချောင်းကမ်းစပ်မှာ အဝတ်အစား သပ်သပ်ရပ်ရပ်ဝတ်ထားတဲ့ မိန်းကလေးတစ်ယောက်ကိုတွေ့သတဲ့။ ရေက မတိမ်တဲ့အတွက် ချောင်းကူးရင် သူ့အဝတ်အစားတွေ စိုကုန်မှာစိုးလို့ မိန်းကလေးက စိတ်ညစ်နေသတဲ့။ ဘုန်းကြီးတစ်ပါးဟာ မပြောမဆို မိန်းကလေးကို ထမ်းပြီးချောင်းကို ကူးခဲ့တယ်။ တစ်ဖက်ကမ်းရောက်တော့ မိန်းကလေးကိုချပြီး ခရီးဆက်ပြန်သတဲ့။
    ခရီးဆက်ပြီး တစ်နာရီ အကြာမှာ နောက်ဘုန်းကြီးတစ်ပါးက မအောင့်နိုင်ဘဲ မေးသတဲ့။
    “ဘုန်းကြီးဆိုတာ ဒကာမတွေနဲ့ နီးနီးကပ်ကပ် မနေသင့်ဘူး။ အခုနားက ကိုယ်တော်ရဲ့အပြုအမူဟာ အပြစ်ကြီးတစ်ခုကို ကျူးလွန်ခဲ့သလိုပဲ”
    အမေးခံရတဲ့ ဘုန်းကြီးက ပြန်ဖြေပါတယ်။
    “လွန်ခဲ့တဲ့ တစ်နာရီကတည်းက သူ့ကို ကမ်းစပ်မှာ ချပေးခဲ့ပြီးပြီ။ ကိုယ်တော်က ဘာဖြစ်လို့ သူ့ကို အခုထက်ထိ ထမ်းထားရသေးလဲ” တဲ့။
    (၂)
    နွေဆိုရင် ကန်ရေတွေခမ်းကြတယ်။ တံငါတွေက ရေနည်းရင် ငါး၊ ပုဇွန်တွေဖမ်းရလွယ်လို့ ငါး၊ ပုဇွန်တွေကို ဖမ်းကြတယ်။ ဒါပေမဲ့ ငါးရံ့လေးတွေက တံငါသည်တွေရဲ့လက်ကလွတ်အောင် ကြိုးစားကြတယ်။ နွေဝင်ပြီဆိုတာနဲ့ ငါးရံ့တွေဟာ ရွှံထဲတိုးဝင်ကြတယ်။ ရွှံထဲမှာ ခိုနေကြတယ်။ ငါးဟာရွှံနဲ့ရောနေတော့ တံငါတွေမတွေ့ကြလို့ အသက်ချမ်းသာရာ ရခဲ့ကြတယ်။ မိုးဝင်ပြီဆိုမှ ငါးဟာ ရွှံထဲကနေ ပြန်ထွက်လာတော့တယ်။ သေးငယ်တဲ့ငါးလေးကတောင် သဘာဝကို အမှီပြုပြီး အသက်ရှင်ဖို့ ကြိုးစားတတ်ကြတယ်။ သတ္တ၀ါထဲမှာ အသိဥာဏ်အရှိ ဆုံးဆိုတဲ့ လူတွေကတော့....
    တခါတလေ လူ့ဘဝမှာလဲကျလို့ ဒူးပြဲသွားရင် တစ်ယောက်ယောက်လာထူမှ ထတတ်ကြတယ်။ လက်ဝှေ့သမားနဲ့ နဘမ်းသမားတွေက ဘယ်လောက်ပဲ ပစ်လဲကျသွားပါစေ ထူပေးလို့ မရဘူး။ အချိန်(၁ဝ) စက္ကန့်အတွင်းမှာ ရှိသမျှခွန်အားနဲ့ လဲကျရာက ထလာရတယ်။ ထလာနိုင်မှ ပြိုင်ပွဲဆက်ဝင်လို့ ရမယ်။ ထလာမှ အနိုင်ကို ယူလို့ရမယ်။ လဲကျပြီး ပြန်မထလာရင်တော့ အခွင့်အရေးဆိုတာလဲ မရှိနိုင်တော့ဘူးပေါ့။
    လဲကျသွားတာ ရှက်စရာ မဟုတ်ဘူး။ လဲကျပြီး ပြန်မထတာကမှ ရှက်စရာကောင်းတယ်။
    (၃)
    သီလရှင်တစ်ပါးနဲ့ သားသတ်ရောင်းတဲ့ လူတစ်ဦးက အိမ်နီးချင်း မိတ်ဆွေတွေ ဖြစ်ကြတယ်။ သီလရှင်က မနက်တိုင်း စောစောထပြီး ဘုရားစာရွတ် မေတ္တာပို့သလို သားသတ်သူလည်း မနက်စောစောထပြီး သားသတ်လေ့ရှိတယ်။ မနက်တိုင်း စောစောထတာချင်း တူနေတာကြောင့် တစ်ဦးကိုတစ်ဦး အလုပ်အကိုင် မပျက်အောင် တစ်ယောက်မနှိုးရင် တစ်ယောက်ကနှိုးဖို့ တိုင်ပင်ခဲ့ကြတယ်။
    အဲဒီလိုနဲ့ နှစ်တွေကြာပြီး နှစ်ဦးစလုံး ရှေ့ဆင့်နောက်ဆင့် ကွယ်လွန်ခဲ့ကြတယ်။ သီလရှင်က ငရဲပြည်ရောက်ပြီး သားသတ်သူက နိဗ္ဗာန်ဘုံကို ရောက်သွားခဲ့တယ်။
    “Why? ဘာဇာကြောင့်လဲ”
    သားသတ်သူက မနက်တိုင်း သီလရှင်ကို ဘုရားစာရွတ် ကုသိုလ်လုပ်ဖို့ နှိုးခဲ့တယ်။ သီလရှင်က မနက်တိုင်း သားသတ်သူကို သူတစ်ပါးအသက်သတ်ဖို့ နှိုးခဲ့လို့ပါပဲ။
    “ကိုယ်လုပ်တဲ့ အလုပ်တိုင်းဟာ ကိုယ့်အထင်မှာတော့ မှန်နေတာပဲ။ ဒါပေမဲ့ အမြဲတမ်းတော့ မမှန်နိုင်ပါဘူး”
    (၄)
    အုတ်နံရံစီနေတဲ့ ပန်းရံသမားသုံးယောက်ကို လူတစ်ယောက်က “ဘာလုပ်နေသလဲ!” လို့ မေးတယ်။
    အမေးခံရတဲ့ ပထမပန်းရံသမားက “ခင်ဗျား မမြင်ဘူးလား. ကျုပ် အုတ်စီနေတာဗျာ” လို့ ဒေါနဲ့ ပြန်ဖြေလိုက်တယ်။
    ဒုတိယပန်းရံသမားက “လှပတဲ့ တိုက်တစ်လုံးကို ကျွန်တော်ဆောက်နေပါတယ်” လို့ ပြန်ဖြေတယ်။
    လေချွန်ပြီး အလုပ်လုပ်နေတဲ့ တတိယပန်းရံသမားက “လှပတဲ့ မြို့တစ်မြို့ကို ကျွန်တော်တည်နေပါတယ်” လို့ ပြန်ဖြေတယ်။
    တူညီတဲ့ အလုပ်တစ်ခု၊ ပင်ပန်းတာချင်း အတူတူ တချို့က ပျော်ရွှင်တဲ့စိတ်နဲ့ ရင်ဆိုင်ကြတယ်။ အရာရာကို အကောင်းမြင်တတ်သူ၊ ပျော်ရွှင်စိတ်ရှိသူက သူတစ်ပါးထက် အမြဲစိတ်ချမ်းသာနေမှာ ဧကန်မလွဲပါပဲ။
     နိုင်း နိုင်း စနေ