Monday, January 31, 2011

မြည်းတိုင်း ဥာဏ်နည်း သလား

မြည်းတိုင်းဥာဏ်နည်းသလား

          ရှေးတုန်းကပုံပြင်တစ်ခုအဆိုအရ၊
          တစ်ခါတုန်းက လယ်သမားတစ်ယောက်မှာ မြည်းကြီးတစ်ကောင်ရှိတယ်။ မြည်းကအသက်ကြီးတော့ ငယ်ရွယ်တဲ့သူများလို ဖျတ်ဖျတ်လတ်လတ် သွက်သွက်လက်လက်မရှိဘူး။ တစ်ခုခုလုပ်နေရင် နောက်တစ်ခုကို သတိမထားမိတတ်ဘူး။ သိပ်ရှုပ်ရှုပ်ထွေးထွေးတွေ သူ့ကိုလာပြောရင်လည်း “ဟေ့ ငါ့ကိုနှစ်ခုသုံးခု တစ်ပြိုင် တည်း လာမပြောကြနဲ့ကွာ ငါအဲဒီလိုမရဘူး” လို့တောင်းပန်လေ့ရှိတယ်။
          ဒီမြည်းကြီး တစ်နေ့မှာ သူ့သခင်လယ်သမားခြံထဲက ရေတွင်းတစ်တွင်းထဲလိမ့်ကျတယ်။ ရေတွင်းန ဘေးမှာ အကာအရံအတားအဆီးမရှိဘူး။ သို့သော် ဟိုအရင်ကတည်းက ရှိလာတာဖြစ်တော့ အားလုံးက သိကြတယ်၊ မြည်းကြီးလည်းသိတယ်၊ သို့သော် အဲဒီနေ့ကတော့ သူနမော်နမဲ့နဲ့ ရေတွင်းနှုတ်ခမ်းစပ် နင်းမိ တယ်၊ သိလိုက်ပေမယ့်ထိန်းမရတော့ဘူး၊ ခြေချော်ပြီး တွင်းထဲကျသွားတယ်။
          ရေတွင်းကခပ်နက်နက်။
          တွင်းထဲကျသွားတဲ့ မြည်းကိုဘယ်လိုဆယ်မလဲ စဉ်းစားတော့ လယ်သမားစဉ်းစားမရဘူး၊ လူဆိုရင် တော့ လှေကားချပေးလိုက်ရင် ကိုယ့်ဘာသာချိတ်တက်လာခဲ့ဆိုရင် ကိစ္စပြီးတယ်။ ဒဏ်ရာအနာတရဖြစ်သွားလို့ သူ့ဘာသာတက်မလာနိုင်ဘူးဆိုရင်လည်း လှေကားနှစ်စင်းလောက်ချ လူနှစ်ယောက်သုံးယောက် လောက်ဆင်းပြီး ကြိုးနဲ့ချည်၊ သိုင်းယူ၊ ပိုးယူ၊ တွဲယူ စသည်ဖြင့် လုပ်လို့ရနိုင်တယ်။
          မြည်းကျတော့ လှေကားအတိုင်းချိတ်တက်လာခဲ့ပါလို့ ပြောလည်းမဖြစ်။ လူတွေ သွားထမ်းပိုးဖို့ကျတော့ လည်း မြေပြင်ပေါ်မှာတောင် မြည်းတစ်ကောင်းလုံးဆို လူလေးငါးယောက်မနည်းထမ်းပိုးရမှာ။ ပြီး ရေတွင်းက ကျဉ်းကျဉ်းလေး ဘယ်လိုမှစဉ်းစားမရ။
          အဲသည်တုန်း မြည်းကတော့ ဘေးဒုက္ခရောက်နေတဲ့ သတ္တ၀ါတို့ထုံးစံအတိုင်း အော်တာပေါ့။ မြည်းအော် သံတဗြဲဗြဲက နဂိုပုံမှန်အတိုင်းတောင် အတော်စိတ်ညစ်တာ။ ရေတွင်းထဲကျလို့ ထိတ်လန့်နာကျင်နေတဲ့ မြည်း အဆက်မပြတ်အော်နေတော့ ဘေးလူတွေလည်းစိတ်ညစ်။ ပိုင်ရှင်လယ်သမားလည်းအကြီးအကျယ် စိတ်မချမ်း မသာဖြစ်တာပေါ့။
          အဲဒါနဲ့ ကျပ်ကျပ် စဉ်းစားတယ်။
          ဘယ်လိုကယ်မလဲ။
          ဒါပေမယ့် စဉ်းစားမရဘူး။ ကယ်ဖို့နည်းလမ်းမရှိဘူး။ မြည်းကလည်း အဆက်မပြတ်အော်နေတယ်၊ ကြားရတာ သနားလည်း သနားစရာ၊ စိတ်လည်းညစ်စရာ၊ အဲဒီတော့ စဉ်းစားတယ်။ မြည်းကြီးက ခိုင်းလာတာ ကြာပြီ အိုလည်း အိုလှပြီဆိုတော့ အလုပ်ကောင်းကောင်း မလုပ်နိုင်တော့ဘူး၊ အော်နေတာလည်း သနားစရာ မကယ်နိုင်တော့တဲ့ အတူတူ တစ်နည်းနည်းနဲ့ မြန်မြန် ချုပ်ငြိမ်းသွားရင် သူသက်သာမယ်၊ ချုပ်ငြိမ်းခွင့်ပေးလိုက် တာ အဆိုးထဲမှာ သက်သာတဲ့ အဆိုးဖြစ်လိမ့်မယ်။
          အလားတူပဲ ရေတွင်းကြီးကလည်း သုံးလာတာသူ့မိဘလက်ထက်ကတည်းကပဲ။ အခုသိပ်မကောင်းချင် တော့ဘူး၊ တွင်းနံရံတွေက ပဲ့ချင်ပြိုချင်နေပြီ။ အသစ်တူးမလို့ စဉ်းစားနေတာ မတူးဖြစ်သေးလို့၊ ခုတော့ မထူး တော့ပါဘူး၊ ရေတွင်းရောမြည်းကြီးပါတစ်ခါတည်း အနားပေးလိုက်တာကောင်းမယ်၊ အဲသည်လိုစဉ်းစားပြီး အိမ်နီးချင်းတွေကို အကူအညီတောင်းတယ်။
          “ကျွန်တော့်မြည်းကြီး မကယ်နိုင်တော့မယ့်အတူတူ ရေတွင်းထဲ တစ်ခါတည်းမြေမြုတ်သင်္ဂြိုဟ်လိုက် တော့မယ်ဗျာ၊ ရေတွင်းကြီးလည်းဟောင်းပြီဆိုတော  ဖို့ပစ်လိုက်တဲ့သဘောပါပဲ။ အဲဒီတော့ မြည်းကြီးအော်သံ မြန်မြန်တိတ်သွားအောင် ၀ိုင်းကူကြပါဗျာ” ဆိုတော့ အားလုံးက သဘောပေါက်တယ်၊ လက်မြန်ခြေမြန်ဝိုင်းလုပ် ကြတယ်။
          ဘာလုပ်ကြသလဲ။
          မလှမ်းမကမ်းမှာရှိတဲ့ အမှိုက်သရိုက်နဲ့ မြေဆွေးပုံကို ဂေါ်ပြားတွေနဲ့ ထိုးကော်သယ်ယူလာပြီး ရေတွင်း ထဲ ချကြတာပေါ့၊ အဲဒါကို မြည်းကြီးကလည်း ချက်ချင်းသဘောပေါက်တယ်။ ဟာ….. ငါ့ကို မကယ်ဘဲ မြေကြီးနဲ့ ဖို့သတ်နေကြပါလား ဆိုပြီး စောစောကထက် ကျယ်လောင်တဲ့အသံနဲ့ အကြီးအကျယ် ထပ်အော်တော့တာပဲ၊ စောစောကတည်းက သူဥာဏ်မီသလောက် စဉ်းစားပြီးသွားပြီ ရေတွင်းထဲက ငါ့ကိုကယ်ဖို့မလွယ်ဘူးလို့ သူတွေး မိပြီး တုန်လှုပ်ချောက်ချားနေခဲ့တာ။ အခုတော့ လွတ်လမ်းမရှိတော့ဘူးဆိုတာ သေချာသွားပြီဆိုပြီး သူသွေးရူး သွေးတန်းဖြစ်သွားတာ။
          ဒါပေမယ့် သေဖို့သေချာနေတဲ့အချိန်မှာ သူ့ခေါင်းထဲ ဥာဏ်တစ်ချက်လက်သွားတယ်။
          သူလွတ်မြောက်ရာလမ်းကို အသေပိတ်ဆို့တားဆီးနေတဲ့ အဲဒီလူတွေတွေဟာ သူ့အတွက်လွတ်မြောက် ရာလမ်းကို သူတို့ဘာသာ မထင်မှတ်ဘဲ ဖန်တီးပေးနေကြပါကလားလို့ သူတွေးမိလိုက်တာဖြစ်တယ်။
          စောစောတုန်းက အပေါ်ကမြေစိုင်မြေခဲတွေ အမှိုက်သရိုက်တွေ ကျလာတဲ့အချိန်မှာ သူရုန်းရင်းဆန် ခတ်လုပ်တယ်။ အခုတော့ မလုပ်တော့ဘူး။ ငြိမ်ပြီးရပ်နေတယ်၊ ပြီးတော့မှ သူ့ကိုယ်ပေါ်ကျလာတာတွေကို ဘေးကိုခါချတယ်။ ရေခဲမှာမြေကြီးနဲ့အမှိုက်တွေ များလာပြီးတက်ရပ်လို့ရတဲ့ အနေအထားဖြစ်လာတဲ့အခါ မာနေ တဲ့နေရာကိုတက်ရပ်တယ်၊ နောက်ထပ်ကျလာတာတွေကို ခါချတယ်၊ နေရာရွှေ့ပြီးရပ်တယ်၊ ဒီလိုနဲ့ သူက တဖြည်းဖြည်းချင်း နည်းနည်းစီပိုပိုမြင့်လာတယ်။
          အပေါ်ကအမှိုက်နဲ့မြေကြီးတွေ သွန်ချနေတဲ့လူတွေက အတော်လေးကြာမှ မြည်းရဲ့စိတ်ကူးစိတ်သန်း ကိုရိပ်မိသွားတယ်။ အဲဒီအခါ သူတို့လည်းအစီအစဉ်ပြောင်းသွားတယ်။
          မြေကြီးကို မြေမြှုပ်ဖို့ကြိုးစားနေရာက သူနင်းတက်ရတာ ပိုအဆင်ပြေအောင်ကြည့်ပြီး ချပေးတယ်။
          အဲဒီလိုနဲ့ မြည်းကြီးဟာ ရေတွင်းနှုတ်ခမ်းနား တဖြည်းဖြည်းရောက်လာပြီး နောက်ဆုံးမှာ အပေါ်ကိုလှမ်း တက်သွားနိုင်ခဲ့တယ်။ ပုံပြင်တွေထဲမှာရော အပြင်လက်တွေ့ဘ၀မှာပါ လူတွေက မြည်းဆိုတာကိုစဉ်းစားဥာဏ် နည်းတဲ့သတ္တ၀ါလို့ မှတ်ယူလေ့ရှိတယ်။ တကယ့်အဖြစ်အပျက်ကို အခြေခံပြီး ပေါ်ပေါက်လာခဲ့တယ်လို့ ယူဆရတဲ့ အခုပုံပြင်ထဲက မြည်းကြီးကတော့ ဥာဏ်မနည်းရုံတင်မက လူတွေနည်းလမ်းရှာမရလို့ လက်မြှောက် အရှုံးပေးထားတဲ့ အချိန်မှာ သမားရိုးကျ စဉ်းစားနည်းမဟုတ်တဲ့ ဖောက်ထွက်ဖြန့်ထွက်တွေးတတ်တဲ့ဥာဏ်နဲ့ အဖြေရှာတွေ့ပြီး သူ့အသက်ကို သူကယ်တင်သွားနိုင်ခဲ့တယ်။
          လောကကြီးမှာပြဿနာ အခက်အခဲကြုံတိုင်း အရှုံးပေးလက်မှိုင်ချမနေနဲ့၊ ကိုယ့်ကိုနှောင့်ယှက် ဟန့်တား နေတဲ့ ခလုပ်ကန်သင်းတွေကို ရှေ့သို့လှမ်းတက်ရာမှာ အသုံးပြုမယ့် ခြေနင်းတုံးတွေအဖြစ် ပြောင်းလဲပစ်လိုက် စမ်းပါ ဆိုတဲ့ ပညာရှိတွေရဲ့ အားပေးတိုက်တွန်းစကားအတိုင်း မြည်းကြီးက လက်တွေ့လုပ်ပြလိုက်တာပါပဲ။

ဖေမြင့်

No comments:

Post a Comment