Tuesday, January 25, 2011

ညီမျှတဲ့ တောင်းဆိုချက်

 "ညီမျှတဲ့ တောင်းဆိုချက်"

လောကမှာ အမှီခိုခိုကင်းကင်း ရပ်တည်နေနိုင်တဲ့မိန်းများ၊ ယုံကြည်ချက်တစ်ခုနဲ့ ခိုင်ခိုင်မာမာ ရပ်တည်နိုင်သူများကို အပျိုကြီး ဆိုတဲ့ (တခါတလေလဲ သာမန်ခေါ်ဆိုခြင်း၊ တခါတလေလဲ အဖြစ်မရှိသယောင် ဟားတိုက်လိုခြင်း သဘောဖြင့်) နာမ်စားသတ်မှတ်ခေါ်ဆိုခံရသူများစာရင်းတွင် ကျွန်မလဲ အပါအဝင်ဖြစ်ခဲ့ရာ ထိုအကြောင်းနှင့် ပတ်သက်ပြီး တခုတ်တရမဟုတ်သော်ငြား အမှတ်တမဲ့  ပြောပြချင်စရာ ရခဲ့ပြီ။

တခါက လူတစ်ယောက်က သူနဲ့ရင်းနှီးတဲ့အမျိုးသမီးတစ်ယောက်ကို “ဘယ်လိုလက်တွဲဖော်မျိုးကို လိုချင်ပါသလဲ”  မေးမြန်းတဲ့အခါ ထို အမျိုးသမီးက “ရှင် တကယ်သိချင်တာလား” လို့ ပြန်ပြောပြီး သူ့ကို ဒီလို အဖြေပေးခဲ့တယ် ။

ကိုယ့်အစွမ်းအစ၊ ကိုယ့်အရည်အချင်းနဲ့ကိုယ် ရပ်တည်ရှင်သန်နေနိုင်ပြီဖြစ်တဲ့ ကျွန်မအသက်အရွယ်နဲ့ ကျွန်မဘဝမှာ ကျွန်မကို ချဉ်းကပ်လာတဲ့ ယောက်ျားတစ်ယောက်ကို မေးချင်တဲ့ မေးခွန်းက “ကျွန်မကိုယ်တိုင်မလုပ်နိုင်လောက်တဲ့အရာတွေကို သူဘယ်လို ကျွန်မရှေ့ကရပ်တည်စွမ်းဆောင်ပေးနိုင်မလဲ၊ ကျွန်မရဲ့ဘဝထဲကို သူဘာတွေ ယူလာပေးနိုင်သလဲ” ဆိုတာပဲ ။

သူမစကားကို ကြားတော့ ငွေ ကိုများပြောသလားဆိုပြီး ရုတ်တရက်စဉ်းစားမိတဲ့ သူ့ရဲ့အတွေးကို သဘောပေါက်ဟန်ရှိတဲ့ အမျိုးသမီးက ချက်ချင်းပဲ စကားဆက်တယ် ။

“ကျွန်မဆိုလိုတာ ပိုက်ဆံမဟုတ်ဘူး ။  ဘဝမှာ ကြုံလာရသမျှအနေအထားတိုင်းကို အကောင်းဆုံးဖြစ်အောင် ရင်ဆိုင်ဖြေရှင်းနိုင်တဲ့ ယောက်ျားတစ်ယောက်ကို ပြောတာပါ။”

… သူဟာ ကျွန်မကို စိတ်ဓါတ်ခွန်အားတွေ ဖြည့်ဆည်းပေးနိုင်သူဖြစ်ရမယ် ။ ရိုးရိုးအေးအေးဆိုတာကို အခြေအနေတိုင်းမှာ ကျွန်မ လက်မခံနိုင်ပါဘူး ။
… သူဟာ ငွေရေးကြေးရေး ပြသနာတွေမှာ အတတ်နိုင်ဆုံး အကောင်းဆုံးဖြစ်အောင် ဖြေရှင်းနိုင်သူ ဖြစ်ရမယ် ။ အိမ်ထောင်တစ်ခုမှာ မလိုအပ်တဲ့ ငွေရေးကြေးရေး အကျပ်အတည်းတွေ ကျွန်မ မခံစားချင်ဘူး။
… သူဟာ မိန်းမတစ်ယောက်အနေနဲ့ ကျွန်မတွေ့ကြုံခံစားရသမျှကို မျှဝေနားလည်ပေးနိုင်သူ ဖြစ်ရမယ် ။ ကျွန်မကို ပျော့ညံ့သူတစ်ယောက်မဖြစ်စေအောင် ဖေးမရင်း သူကိုယ်တိုင် ကျွန်မရှေ့က မားမားမတ်မတ် ရပ်တည်နိုင်သူဖြစ်ရမယ် ။
.. သူဟာ လူမှုဆက်ဆံရေးကောင်းသူအဖြစ် လူပုံအလယ်မှာ ဝင့်ကြွားစေချင်တယ်။ ဒါပေမဲ့ မုသားစကားတွေ၊ လောင်းကစားတွေနဲ့ အသောက်အစားမကင်းသူတစ်ယောက်ကိုတော့ စိတ်ဓါတ်ကြံခိုင်သူ တစ်ယောက်အဖြစ် ကျွန်မ လက်မခံပါဘူး ။
… သူဟာ မိသားစုကို ခင်တွယ်တတ်သူတစ်ယောက် ဖြစ်ရမယ် ။ သူ့ကို အားကိုးသူတွေအတွက် ခေါင်းဆောင်သဖွယ်၊ လေးစားထိုက်သူသဖွယ်၊ တရားပြသူသဖွယ် ဦးဆောင်နိုင်သူ ဖြစ်ရမယ် ။
… သူဟာ ကျွန်မရဲ့ ရိုသေထိုက်သူု ဖြစ်ရမယ် ။ ကျွန်မ လေးစားလိုက်နာနိုင်လောက်တဲ့ အရည်အချင်းတွေကို ပြည့်စုံမှပဲ ကျွန်မရဲ့ ဂါရဝတရားနဲ့ ထိုက်တန်သူဖြစ်မယ် ။
… သူဟာ သူ့ကိုယ်သူ ဂရုတစိုက် ထိန်းသိမ်းဆုံးမနိုင်သူ ဖြစ်ရမယ် ။ သူ့ကိုယ်သူတောင် ဂရုမစိုက်၊ မထိန်းသိမ်းနိုင်တဲ့ ယောက်ျားတစ်ယောက်အတွက် သူ့ရဲ့ အဆုံးအမတွေကို ကျွန်မ လိုက်နာရိုသေ နိုင်မှာမဟုတ်ဘူး ။
… နောက်ဆုံးပြောရရင် ကျွန်မက သူ့ကို ရှာဖွေနေမှာ မဟုတ်ဘူး ။ သူက ကျွန်မကို ရှာဖွေတွေ့ရှိသွားတဲ့အခါ သူ့ရဲ့ ကြင်ဖော်အဖြစ် အလိုလို မှတ်မိလက်ခံသွားလိမ့်မယ် ။

အမျိုးသမီးရဲ့ စကားအဆုံးမှာ မေးမိတဲ့သူက ပြောတယ် ။ “ခင်ဗျားတောင်းတာတွေ သိပ်များလွန်းတယ်” တဲ့ ..

အဲ့ဒီတော့ အမျိုးသမီးကလဲ ပြန်ပြောတယ် ။ “ဟုတ်ပါတယ် ။ ကျွန်မလဲ ကျွန်မတောင်းထားတဲ့အရာတွေနဲ့ ထပ်ထူထပ်မျှ တန်ဖိုးရှိတဲ့မိန်းမတစ်ယောက်မို့ပါ။”

He said, “You are asking a lot.” She replied, “I’m worth a lot.”

No comments:

Post a Comment