Tuesday, January 25, 2011

ပျော်ရွှင်ခြင်းရဲ့ အဓိပါယ်

"ပျော်ရွှင်ခြင်းရဲ့ အဓိပ္ပါယ်"


တခါက လန်ဒန်ကကုမ္ပဏီကြီးတစ်ခုမှာ အသစ်ပြောင်းရွှေ့လာတဲ့ Marketing Director တစ်ယောက်ကို ကြိုဆိုပွဲ ကျင်းပကြတယ်။ အဲ့ဒီပွဲမှာ ခင်မင်ရင်းနှီးမှုကို တည်ဆောက်တဲ့အနေနဲ့  သူ့ဇနီးကို အားလုံးက "ရှင့်ကို သူ ပျော်ရွှင်အောင်ထားရဲ့လား၊ သူ့ကြောင့် တကယ်ပျော်ရွှင်ခဲ့လား" လို့  ၀ိုင်းမေးကြတယ် ။

အဲ့ဒီလို သူ့ဇနီးကို မေးတာကို ကြားသွားတဲ့ ခင်ပွန်းသည်က သူမအနားမှာမရှိပေမဲ့ ခပ်လှမ်းလှမ်းမှာပဲမို့ သူ့ဇနီး ဘယ်လို အဖြေပေးမယ်ဆိုတာကို အသေအချာသိနေတဲ့ ပုံနဲ့ ခပ်အေးအေးပဲရှိနေတယ် ။

"ဟင့်အင်း .. သူ ကျွန်မကို ပျော်ရွှင်အောင်မထားနိုင်ခဲ့ပါဘူ
း ၊ ကျွန်မပျော်ရွှင်နေတာလဲ သူ့ကြောင့်မဟုတ်ပါဘူး" ။

ရုတ်တရက် ဇနီးရဲ့ အဲ့ဒီအဖြေကို ကြားလိုက်ရတဲ့ ခင်ပွန်းဟာ အံ့သြတုန်လှုပ်ပြီး ကြက်သေသေသွားသလို ပတ်ဝန်းကျင်တခုလုံးလဲ မျှော်လင့်မထားတဲ့ အဖြေအတွက် ငြိမ်သက်တိတ်ဆိတ်သွားကြတယ် ။

နောက်တော့ သူ့ဇနီးက ..

" .......ဒီလိုပါ .. ကျွန်မပျော်ရွှင်နေတာ ကျွန်မကိုယ်တိုင်ကြောင့်ပါပဲ ။ အခြေအနေတိုင်းနဲ့ နေရသမျှအခိုက်အတန့်တိုင်းမှာ ကြုံလာသမျှကို ကျွန်မ ပျော်ရွှင်တတ်ဖို့ ကြိုးစားလေ့ကျင့်ထားတယ်။ ကျွန်မရဲ့ ပျော်ရွှင်မှုဟာ တကယ်လို့များ တခြားအရာ၊ တခြားသူတွေပေါ်မှာ မှီခိုနေခဲ့တယ်ဆိုရင် အဲ့ဒီအရာ၊ အဲ့ဒီသူတွေ ပြောင်းလဲသွားတဲ့အခါ ကျွန်မရဲ့အပျော်တွေလဲ ပျောက်ဆုံးပျက်စီးကုန်မှာပေါ့ ။ ကျွန်မ ဘ၀တလျှောက်လုံးမှာ ပျော်ပျော်နေ တတ်ဖို့ကိုပဲ ဆုံးဖြတ် ရွေးချယ်ပြီး ကျန်တဲ့အဖြစ်အပျက်တွေကိုတော့ အတွေ့အကြုံတစ်ခုအဖြစ်၊ အခြေအနေတစ်ခုအဖြစ် တွေးကြည့်ပြီး အဲ့ဒါနဲ့ လိုက်လျောညီထွေမှုရှိအောင် ကျင့်သုံးနေထိုင်ပါတယ် ။

.........ကျွန်မကို ပျော်ရွှင်စေဖို့ဆိုတာ ကျွန်မ ခင်ပွန်းရဲ့ တာဝန်မဟုတ်ပါဘူး။ သူ့မှာလဲ သူ့အခြေအနေ၊ သူ့အဖြစ်အပျက်တွေနဲ့သူ ။ ကျွန်မတို့ရဲ့ ချစ်ခြင်းတွေဟာ အဲ့ဒီအရာတွေနဲ့  ဘာမှ မပတ်သက်ဘူး။ ပြောင်းလဲနေတဲ့ အဖြစ်အပျက်တွေကို  ပြောင်းလဲမှုတွေအတိုင်း (ဒါမှမဟုတ်) ကျွန်မတို့နှစ်ယောက်ကို အတူတူလက်တွဲရင်ဆိုင်နိုင်စေတဲ့ အခြေအနေတစ်ခု အဖြစ် လက်ခံထားတယ် ။

......... ပျော်ရွှင်မှုဆိုတာ ဘ၀ကို ဆင်ခြင်သုံးသပ်ရင်း နေတတ်ရမဲ့ စိတ်သဘောထားပါ။ ကိုယ့်ရဲ့ ပျော်ရွှင်မှုဟာ ကိုယ့်ဆီမှာပဲ ရှိပါတယ် ။ တခြားသူ၊ တခြားအရာတွေပေါ်မှာ မမှီခိုပါဘူး" လို့ ပြန်ပြောခဲ့ပါတယ် ။

*Being happy is an attitude about life and each one of us must decide! Being happy depends on you.*


ကဲ .. ဒါလေးကို ဖတ်မိကြတဲ့ စာဖတ်သူအပေါင်းလဲ အမှီအခိုကင်းတဲ့ ပျော်ရွှင်မှုကို မိမိစိတ်မှာပဲ ရှာဖွေတွေ့ရှိနိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ် ။



by Cinderella
Ref: "Are you happy?"/ 1 of the incoming mails.



No comments:

Post a Comment