Saturday, February 19, 2011

နှလုံးသားနဲ့ နားထောင်ကြည့် ပါ။

Jason ... ကျောင်းမှာ ရန်ပွဲဟေ့ဆိုရင် သွားမကြည့်နဲ့ Jason ပါပြီးသား။ လမ်းထဲမှာ ရန်ဖြစ်ပြန်ပြီဆိုရင် လူဆိုး ခေါင်းဆောင် Jason .. မိဘနှစ်ပါး ကျောင်းမှာ ခဏခဏ မျက်နှာငယ်စေသူဆိုရင် Jason .. သူ့ရဲ့ ရီပို့ကဒ် တွေသည် အမြဲ C နဲ့ D ။ အတန်းထဲမှ ခဏခဏ မောင်းထုတ်ခံရပြီး ADD ( Attention Deficit Disorder) စိတ်ကစဥ့်ကလျားဖြစ်တတ်၍ အာရုံစူးစိုက်မှုအားနည်းသူအဖြစ် တရားမ၀င် သတ်မှတ်ခြင်းခံထားရသူ ။

တစ်ခုသော တနင်္ဂနွေနေ့မှာတော့ မိသားစု အပန်းဖြေရာ Country Club တစ်ခုမှာ Jason ရဲ့ ဆရာမနဲ့ သူ့မိဘတွေနဲ့ အမှတ်မထင် တွေ့ကြတော့ Jason လိမ္မာနေတာကို ၀မ်းသာကြောင်း၊ အားလုံးသော ဆရာ၊ ဆရာမတွေလဲ ကျေနပ်နေကြောင်း သူ့ဆရာမက ရွှန်းရွှန်းဝေ အောင်ပြောတော့ သူ့အဖေက " ဆရာမ ပြောတာ တခြား Jason ဖြစ်လိမ့်မယ်၊ ကျနော်တို့ရဲ့ Jason ကတော့ ကမ္ဘာပေါ်မှာ အသုံးမကျဆုံး လူသားပဲ။ သူ့ကြောင့် ကျနော်တို့ စိတ်အနှောက်အယှက် ဖြစ်ပေါင်းများပြီ" လို့ ပြန်ပြောလိုက်တယ်။

ဆရာမလဲ ပြန်သွားရော သူ့အမေက "သူ အခုတလော ပြောင်းလဲလာတာတော့ အမှန်ပဲ ယောက်ျားရေ။ မနက်ဆိုလဲ ကျောင်းကို အစောကြီးသွားပြီး ညဆို မိုးချုပ်မှပြန်ပြန်ရောက်လာတယ်။ အိမ်မှာလဲ သိပ် ပြဿနာ မရှာဘူး။ တစ်ခုခုတော့ တစ်ခုခုပဲ .." လို့ သူ့အဖေကို ပြောလိုက်တယ်။

နောက်တစ်ပတ် Jason ရီပို့ကဒ်ရတော့ 4As and 3Bs ရတော့ သူ့အဖေနဲ့ အမေ ဘယ်လိုမှ မယုံနိုင်တော့ဘူး။ ကျောင်းကို လိုက်ပြီး ကျောင်းအုပ်ကြီးနဲ့ သွားတွေ့ပြီး Jason ညာတာလားလို့ စုံစမ်းကြတော့ ဆရာကြီးက " သူ မညာပါဘူး။ အဲ့ဒီ grade တွေက သူအမှန်ရတာပါ။ အခု ကျောင်းမှာ အသစ်ခန့်ထားတဲ့ Counselor အသစ်ကြောင့် သူ တော်တော် ပြောင်းလဲသွားတယ်။ ခင်ဗျားတို့လဲ အဲ့ဒီ Counselor နဲ့ တွေ့သွားသင့်တယ်" လို့ ပြောတာနဲ့ .. သူ့အဖေနဲ့ အမေလဲ သွားတွေ့ကြတယ်။

Counselor ရှိတဲ့ အခန်းကိုရောက်တော့ သူတို့ ရောက်နေကြောင်း သူမ သတိထားမိဖို့ရာ တော်တော်အချိန် စောင့်လိုက်ရတယ်။ နောက် သူတို့ရောက်နေမှန်း သူမ သတိထားမိသွားတဲ့ အခါ .. ချက်ချင်းပဲ မတ်တပ်ထရပ်ပြီး လက်ဟန်ခြေဟန်နဲ့ နှုတ်ဆက်တယ်။ Jason အဖေက နားမလည်လို့ သူ့သားကို .. "ဘာတုံး" ဆိုတဲ့ ပုံစံနဲ့ ... မေးတော့ .. Jason က " Sign Language " လေ လို့ ပြန်ဖြေလိုက်တယ်။

အဲ့တော့ သူ့အဖေက " ဘာလဲ .. သူက နားမကြားဘူးလား" လို့ ပြန်မေးတော့ .. Jason က " အဲ့ဒါ သူရဲ့ အားသာချက်ပဲ ဖေဖေ။ သူက တခြားသူတွေထက် ပိုကြားတယ်။ ဘာလို့လဲဆိုတော့ သူက သားကို အလေး အနက်ထားပြီး ဂရုတစိုက်နားထောင်ပေးတယ်လေ" တဲ့ ..

No comments:

Post a Comment