Saturday, May 7, 2011

မောင်းထု သံ


မောင်းထုသံ

.
တစ်ခါက လူငယ်နှစ်ဦးသည် ရွာမှနေ၍ မြို့သို့ တက်ပြီး အလုပ် လုပ်ခဲ့သည်။ ကြိုးကြိုးစားစားနှင့် ငွေကြေး အမြောက်အမြား စုဆောင်းမိပြီး အသက်ရလာသောအခါ ရွာသို့ပြန်ပြီး အခြေချရန် ဆုံးဖြတ်လိုက်ကြသည်။ ထို့နောက် နှစ်ဦးသား ရွာသို့ ပြန်လာကြရာ လမ်းတွင် ၀တ်စုံဖြူ ၀တ်ထားသော အဘိုးအိုတစ်ဦးကို ထူးဆန်းစွာ တွေ့လိုက်သည်။ အဘိုးအိုသည် ကြေးမောင်းတစ်ခုကို ကိုင်ဆောင်ထားပြီး သူတို့အား ရပ်စောင့်နေခဲ့သည်။ အနားသို့ရောက်သော် အဘိုးအိုအား . . .“ဘာလုပ်နေတာလဲ အဘိုး” ဟု မေးလိုက်ကြသည်။

အဘိုးအိုက “အဘိုးဟာ လူတွေရဲ့ ဘ၀ နောက်ဆုံးမောင်းကို ထုပေးတဲ့လူဖြစ်တယ်။ မောင်ရင်တို့နှစ်ယောက်ဟာ အသက်ရှင်ခွင့်(၃)ရက်သာ ကျန်တော့တဲ့လူတွေ ဖြစ်တဲ့အတွက် (၃)ရက်မြှောက်တဲ့ ညနေမှာ မောင့်ရင်တို့ အိမ်ရှေ့မှာ အဘိုးမောင်းလာထုရမယ်။ မောင်းသံကြားတာနဲ့ မောင်ရင်တို့ဟာ သေဆုံးကြရလိမ့်မယ်” ဟု ပြောပြီး ပျောက်ကွယ်သွားလေသည်။

ထိုလူနှစ်ဦးမှာ အံသြတုန်လှုပ်စွာ ကျန်ရစ်ခဲ့သည်။ အချိန်တွေ ပေးဆပ်ပြီး ပင်ပင်ပန်းပန်းနှင့် အလုပ်လုပ်ပြီး စုဆောင်းထားသော ငွေကြေးများဖြင့် ဘ၀ကို ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းမည်ဟု စိတ်ကူးခဲ့သမျှ ကြက်ပျောက်ငှက်ပျောက် ပျောက်ခဲ့ရသည်။ သူတို့၏ အသက်ရှင်ခွင့်မှာ (၃)ရက်သာ ကျန်တော့သည်။

သူတို့သည် စိတ်မချမ်းမသာဖြင့် နေအိမ်သို့ အသီးသီးပြန်သွားကြသည်။ ပထမတစ်ဦးမှာ ထိုနေ့မှ စ၍ မအိပ်မစား တမှိုင်မှိုင်နှင့် သူ့ ငွေကြေးများကိုသာ နှာမြောတသ တွက်ချက် နေတော့သည်။ “ အသက်ရှင်ခွင့် (၃)ရက်သာ ကျန်တော့တယ်.. ဘယ်လိုလုပ်မလဲ” မည်သည့်အလုပ်မျှ မလုပ်နိုင်ဘဲ စိတ်ဓာတ်ကျကာ အဘိုးအို၏ မောင်းသံကိုသာ စောင့်မျှော်နေခဲ့သည်။ (၃)ရက်မြှောက်သောနေ့တွင် လူမှာ လေထုတ်ထားသော ပူစီဖောင်းကဲ့သို့ ခွန်အားများ ဆုတ်ယုတ်နေခဲ့သည်။ ထိုညနေတွင် အဘိုးအိုမှာ ပြောထားသည့် အတိုင်း သူ၏ အိမ်ရှေ့သို့ ရောက်လာခဲ့သည်။ ကြေးမောင်းကို “ဒူ...” ဟု ထုလိုက်သည့် အသံကို ကြားသည်နှင့် တပြိုင်နက် ထိုလူမှာ ဘုံးခနဲ လဲကျ သေဆုံးသွားလေတော့သည်။

ဒုတိယလူမှာမူ “အသက်ရှင်ခွင့်က (၃)ရက်ပဲ ကျန်တော့တယ်။ ဒီငွေတွေ နှမြောဖို့ကောင်းတယ်။ ငယ်စဉ်ကတည်းက ရွာကို ခွဲသွားတဲ့အတွက် ဒီရွာကို ဘာမှ အကျိုး မဆောင်ပေးခဲ့ဖူးဘူး။ ငါဟာ သေရတော့မဲ့အတူတူ ငွေတွေကို ရွာနဲ့ ဆင်းရဲတဲ့ ရွာသားတွေအတွက် တခုခု လုပ်ပေးခဲ့သင့်တယ်” ဟုတွေးမိ သည်။ထိုနောက် ငွေကြေးအချို့ကို လိုအပ်သော ဆင်းရဲသူများအား ခွဲဝေပေးပြီး ကျန်ငွေအချို့ကို ရွာလမ်းများအား ပြုပြင်ခြင်း၊ တံတားများ ဆောက်ခြင်းဖြင့် ကောင်းမှုပြုလုပ်ခဲ့သည်။ တတ်အားတရွေ့ ကိုယ်တိုင်ပါဝင် လုပ်အားပေးခဲ့သဖြင့် မအားမလပ် ဖြစ်နေခဲ့သောကြောင့် (၃)ရက်မြှောက် မောင်းထုသံကို သူမေ့လျော့နေခဲ့သည်။

ဤသို့ဖြင့် (၃)ရက် မြှောက်သော နေ့တွင် ရွာသားများက ကျေးဇူးတင် ၀မ်းသာသောကြောင့် သူ့အိမ်ရှေ့တွင် အိုးစည်ဗုံမောင်းများ၊ မီးရှူး မီးပန်းများဖြင့် လာရောက် ဂုဏ်ပြုကြသည်။ ပြောဆိုထားသည့်အတိုင်း ထိုနေ့ညနေတွင် အဘိုးအိုမှာ သူ၏ နေအိမ်ရှေ့သို့ ရောက်လာပြီး မောင်းထုခဲ့သည်။ သို့သော် ဆူညံနေသော ဗုံသံများ၊ မီးရှူးများကြားတွင် ထိုမောင်းထုသံကို သူ သတိမထားမိခဲ့ချေ။ (၃)ရက်လွန်သွားပြီးမှ အဘိုးအိုပြောခဲ့သော စကားများကို သူအမှတ်ရလာမိသည်။ ဂတိပျက်ပြီး အဘိုးအို ရောက်မလာခဲ့ဟု သူထင်လိုက်သည်။

လူတစ်ဦးသည် မျှော်လင့်ချက် ကင်းမဲ့နေသော အခြေအနေသို့ ရောက်သော် ဖြစ်သမျှ အကြောင်း အကောင်းချည်းဟု မြင်ကာ မျက်စိရှေ့မှောက်တွင် ဖြစ်လာသမျှကို ခံယူနိုင်ခဲ့လျှင် ဘယ်နေ့ မောင်းထုသံကို ကြားရမလဲ ဟု စိုးရိမ်ပူပန်နေစရာ မလိုတော့။ ထိုကဲ့သို ခံယူခြင်းမှာ ကင်းမဲ့နေသော မျှော်လင့်ချက်အတွက် အပြောင်းအလဲ တစ်ခုဟု သတ်မှတ်ခဲ့လျှင် ထိုမောင်းသံကိုလဲ ဂရုတစိုက် စောင့်မျှော် နားထောင်ရန် မလိုပေ။

အလွယ်ဆုံး ဥပမာတစ်ခုပေးရသော် သင်တွင် သံပရာသီး တစ်လုံးရှိသည် ဆိုပါစို့။ ထိုချဉ်သော သံပရာသီးအား ချိုသော သံပရာရည်အဖြစ် သင် ပြောင်းလဲနိုင် လိုက်ခြင်းပင်ဖြစ်သည်။

No comments:

Post a Comment