Showing posts with label အလွမ်းအဆွေး၊ ခံစားချက်များ. Show all posts
Showing posts with label အလွမ်းအဆွေး၊ ခံစားချက်များ. Show all posts
Saturday, April 9, 2011
အမေချွေးသိပ်ဖို့သားအရိပ်လေးဖြစ်ပါရစေ
  • အား မင်းဒဿ ရေးသားပါသည် ဧပြီ 6, 2011 at 8:35pm
နှစ်သစ်ကူးတော့မယ်နော် အမေ ပြောပြောနေတဲ့စကားလေးတွေ နားထဲကမထွက်ဖူးအမေရယ် ငါ့သားလေး အသက်တစ်နှစ်ကြီးပြီတဲ့
အရင်က အမေ့ရင်ခွင်မှာခိုဝင်လို့ ပျော်ခဲ့ရတဲ့ နေ့ရက်တွေ ပြန်တွေးနေရင်း သားငိုမိနေတုန်းပဲအမေ ။ နယ်မြေခြားမှာ အမေ့ကိုစွန့်ခွါလို့ ဘ၀တစ်ခုတွက် နဖူးကချွေးခြေမကျ အောင် ပင်ပန်းနေခဲ့ပေမဲ့ ညအိပ်ရာဝင်တိုင်း အမေ့ကိုတမ်းတလို့ ရှိခိုး ရတဲ့အချိန်ဟာ သားတွက်ဘာနဲ့မတူတဲ့
အားအင်တွေ ပြန်ရခဲ့သလိုပဲ အမေရယ် ။ အလုပ်ကပြန်လာလို့ ၀မ်းပန်းတသာ အိမ်ကိုရောက်လို့ အမေလို့အော်ခေါ်ရင် ထွက်ကြိုတတ်တဲ့ အမေလည်း ရှိမနေတော့ တခါတလေသား အရမ်းဝမ်းနည်းမိတယ်၊ အမေနဲ့ဝေးလေ အမေနားမှာ မရှိခဲ့တဲ့အချိန်တွေကို သားအရမ်းနှမြောမိတယ်။
ဖြစ်နိုင်ရင် သားအဲ့ဒီအချိန်တွေကို ပြန်လိုချင်နေတယ်အမေရယ်။ သားလေ ခု စဉ်းစားနေတာ သားငယ်ငယ်တုန်းက အမေရိုက်လို့ ငိုခဲ့ရတယ် ။ အမေလုံးဝမချော့ခဲ့ဖူးနော်။အေ
မကရက်စက်တယ်လို့ထင်ခဲ့ပေမဲ့ ညအိပ်တော့ သားနဖူးကို ဖွဖွလေး နမ်းလို့ ကြိတ်ငိုခဲ့တာ သားသိခဲ့ရတယ်လေ။
သူများသားသမီးနဲ့ယှဉ် ရင် သားကို အောက်မကျအောင် မျက်နှာမငယ်အောင် နေပူထဲမှာ မိန်းမတန်မဲ့ ယောက်ျားသားတွေနဲ့ တန်းတူ ရှာဖွေကျွေးမွေးခဲ့တဲ့အမေ ။ လူလားမြောက်လာတော့လည်း ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်တည်နိုင်အောင် ပြုစုပျိုးထောင်ပေးခဲ့တဲ့ အမေ ။
အမေ့မေတ္တာ အမေ့စေတနာတွေက ဘာနဲ့မှ နှိုင်းယှဉ်လို့ မရနိုင်ဘူးအမေရယ် ။ အမေကို အရမ်းချစ်တယ် အမေရယ် ။ သားလေ ခုအမေဆုံးမသလို လူဝင်ဆန့်အောင်နေတယ် လိမ္မာယဉ်ကျေးအောင်နေတယ် ။ အမေ စိတ်ချပါ အမေပင်ပန်းခဲ့သမျှတွေချွေးသိပ်
နားခိုဖို့ သားတစ်လှည့် အမေ့တွက် အရိပ်တစ်ခု ဖြစ်ရပါစေမယ် အမေရယ် ။
( နယ်ခြားမြေခြား တိုင်းတစ်ပါးမှာ ချစ်ရဲ့ နဲ့ စွန့်ခွါ လို့ မိဘတွက် အလုပ်လုပ်နေကြတဲ့ သူငယ်ချင်းများ နဲ ကျန်သော မိဘချစ်တတ်သောမည်သူမဆို ခံစားနိုင်သည် ။)
Wednesday, March 30, 2011
အမေအဖြစ်မှစွန်းလွှတ်သူ
ကျွန်တော် အမေ့ကိုမုန်းတယ်… အမေဟာ သူများတွေရဲ့ အမေနဲ့မတူဘူး…. မျက်လုံးတစ်ဘက်ပဲရှိတယ်…. ရုပ်ဆိုးလိုက်တာ… အရမ်းကို ရှက်ဖို့ ကောင်းတာပဲ… ဆိုင်လေး သေးသေး ၊ စုတ်ပြတ်ပြတ်လေးမှာ အမေက ဟင်းသီး ဟင်းရွက်လေးတွေ ရောင်းတယ်။ ဒီလို ဆင်းဆင်းရဲရဲ ဈေးရောင်းနေတဲ့ အမေ့ကိုကြည့်ပြီး ကျွန်တော် ရှက်တယ်…. အမေ့ကြောင့် လူတွေက ကျွန်တော်တို့ကို အထင်သေးကြတယ်လို့ ကျွန်တော်ထင်တယ်… သူများ အမေတွေလို ဘာလို့များ အမေဟာ ချမ်းသာအောင် မလုပ်သလဲ ဆိုတာ ကျွန်တော်ဖြင့် နားကို မလည်နိုင်ပါဘူး…. ဒါကြောင့် အမေ့ကို ကျွန်တော် မချစ်ဘူး.. မုန်းတယ်…
ဒီနေ့ ကျွန်တော်တို့ မူလတန်းကျောင်းမှာ အားကစား ပြိုင်ပွဲတွေလုပ်တယ်…. ကျောင်းသား မိဘတွေကို ဖိတ်တယ်… ကျွန်တော် အမေ့ကို မလာစေချင်ဘူး… ဒါပေမယ့် အမေက ကျောင်းကို ရောက်လာတယ်… အမေ ဘယ်လိုများ လုပ်လိုက်တာလဲ.. လူတွေကြားမှာ ကျွန်တော့်ကို အရှက် လာခွဲတယ်…. ရှက်စရာ ကောင်းလိုက်တာ.. အခုတော့ ကျွန်တော့် အမေဟာ ရုပ်ဆိုးဆိုးနဲ့ မျက်လုံးတစ်ဖက်ထဲ ရှိတဲ့သူဆိုတာ ကျောင်းကသူငယ်ချင်းတွေ အကုန် သိကုန်ပြီ ကျွန်တော် အမေ့ကို ခါးခါးသီးသီး ကြည့်မိတယ်… ပြီးတော့ ကျောင်းထဲကနေ ပြေးထွက်ခဲ့မိတယ်…
နောက်တစ်နေ့ ကျောင်းတက်တော့ အတန်းဖော်တွေက ကျွန်တော့ကို ၀ိုင်းပြီး
“မင်းအမေက မျက်လုံး တစ်ဘက်တည်း ရှိတယ်နော်” လို့ စကြတယ်.. အော်ဟစ် နောက်ပြောင်ကြတယ်…
ကျွန်တော် ဒေါသလဲထွက် ရှက်လဲ ရှက်မိတယ်…. အမေ့ကို ကမ္ဘာမြေကြီးပေါ်ကနေ ပျောက်ကွယ်သွားပါစေလို့ကို ဆုတောင်းမိတယ်… သူများ အမေတွေလို ကြည့်ကောင်းတဲ့ ရုပ်ရည်လဲ မရှိဘူး.. သူများအမေတွေလို ပိုက်ဆံလဲ မချမ်းသာဘူး.. ကျွန်တော် အမေ့ကို အရမ်းမုန်းတာပဲ..
အိမ်ပြန်ရောက်တော့ ကျွန်တော် အမေ့ကိုမေးတယ်..
“အမေ့မျက်လုံးတစ်ဘက်က ဘယ်ရောက်သွားတာလဲ.. အမေက သူများအမေတွေလိုလဲ မလှဘူး…. ရုပ်ကဆိုး၊ ဆင်းကလဲ ဆင်းရဲသေးတယ်….. အမေဟာ ကျွန်တော့ကို အရှက်ခွဲဖို့ သက်သက်များ အသက်ရှင်နေတာလား… အမေဘာကြောင့် မြန်မြန်မသေတာလဲ” လို့ ရက်ရက် စက်စက် ကျွန်တော် ပြောပစ်လိုက်တယ်။
အမေက ဘာမှကို ပြန်မပြောဘူး…. ၀မ်းနည်းတဲ့ မျက်နှာလေးနဲ့ တိတ်တိတ် ဆိတ်ဆိတ်ပဲ လုပ်စရာရှိတာကို လုပ်နေခဲ့တယ်… ကျွန်တော် နည်းနည်းတော့ စိတ်မကောင်း ဖြစ်သွားမိတယ်… အမေ့ကို အဲလို ပြောလိုက်မိလို့.. ဒါပေမယ့် တစ်ချိန်တည်းမှာပဲ အဲလို ပြောလိုက်ရတာကိုလည်း ကျေနပ်သွားမိတယ်… ကျွန်တော် တစ်ချိန်လုံး အမေ့ကို ပြောချင်ခဲ့တဲ့ စကားကို ပြောလိုက်ရလို့လေ…
အဲဒီည…. ကျွန်တော် တစ်ရေးနိုးလားတော့ ရေဆာတာနဲ့ ရေသောက်ဖို့ ထမင်းစားခန်းထဲကိုအသွား တိတ်တိတ်လေး ငိုကြွေးနေတဲ့ အမေ့ကို ကျွန်တော် တွေ့လိုက်တယ်.. ကျွန်တော် နိုးသွားမှာစိုးလို့ အသံမထွက်ရှာဘဲ တိုးတိုးလေး ငိုနေတဲ့ အမေ…..။ အမေ့ကို ကျွန်တော် တစ်ချက်ကြည့်ပြီး အမြန်ဆုံး ပြန်ထွက်လာခဲ့တယ်…
တကယ်တော့ နေ့လည်က အမေ့ကို ကျွန်တော်ပြောလိုက်မိတဲ့စကားကြောင့် ကျွန်တော် ကိုယ်တိုင်လည်း အသည်းနှလုံးထောင့် တစ်နေရာမှာလဲ တဆစ်ဆစ်နဲ့ ကိုက်ခဲ နေသလိုပါဘဲ… ဒါပေမယ့် အရုပ်ဆိုးလှတဲ့ မျက်လုံး တစ်ဖက်တည်းနဲ့ ငိုနေတဲ့ အမေ့ကို ကျွန်တော် မုန်းတယ်…
ဒီတော့…. ကျွန်တော် ဆုံးဖြတ်ချက် ချလိုက်မိတယ်…. ခုချိန်ကစပြီး ငါ့ခြေထောက်ပေါ်ငါ ရပ်တည်နိုင်အောင် ကြိုးစားတော့မယ်… ငါ့ဘ၀ကို အောင်မြင်အောင် လုပ်မယ်.. ငါအမေ့ကို မုန်းတယ်.. ပြီးတော့ ဒီ စုတ်ပြတ် ဆိုးဝါးလှတဲ့ ဆင်းရဲခြင်းကို ငါမုန်းတယ်.. ဒီကနေငါလွတ်အောင် ရုန်းမယ်.. အမေ့ဆီကနေ….. ပြီးတော့ ဆင်းရဲခြင်း ဆီကနေ…..
အမေ့အိမ်ကနေ ထွက်လာပြီး.. ဆိုးလ်မြို့မှာ ကျွန်တော် ပြင်းပြင်းထန်ထန် ကြိုးစားတယ်.. ကျွန်တော့်ဘ၀အတွက်……. ရှေ့ခြေလှမ်းတွေအတွက်…… ရည်မှန်းချက် အပြည့်နဲ့ပေါ့ အထက်တန်း အောင်တော့ ဆိုးလ်တက္ကသိုလ်ကြီးမှာ ပညာသင်ခွင့်ရတယ်… ကျွန်တော် ကိုယ့်ကိုယ်ကို ယုံကြည်ချက်တွေ ပိုပြီး ပြင်းထန်လာတယ်၊ ခိုင်မာလာတယ်..
ကျောင်းပြီးတော့ ကျွန်တော်အိမ်ထောင်ပြုတယ်…. စီးပွားရေးလဲ အဆင်ပြေတော့ ကိုယ်ပိုင်အိမ်နဲ့ ဘာနဲ့ ဖြစ်လာတယ်.. သားသမီးတွေရလာတယ်.. ခုတော့ ကျွန်တော့် ဘ၀မှာ ပျော်ရွှင်သာယာတဲ့ အိမ်ထောင်နဲ့၊ အောင်မြင်တဲ့ လူတစ်ယောက်အဖြစ် ရပ်တည်နေပြီ… ဒီမှာနေရတာ ကျွန်တော် သဘောကျတယ်.. ကျွန်တော်ဘ၀ရဲ့ အတိတ်၊ ရုပ်ဆိုးလှတဲ့ ကျွန်တော့အမေ၊ ဆင်းရဲလွန်းတဲ့ ကျွန်တော့်ငယ်ဘ၀ အဲဒါတွေကို သတိရစရာ ပြန်အမှတ် ရစရာ ဘာမှလဲ မရှိတော့ဘူး… ကျွန်တော်ရဲ့ အတိတ်တွေ အားလုံးကို မေ့ထားပြီး ခုလက်ရှိဘ၀မှာ ကျွန်တော် ပျော်နေပြီ…. ကျေနပ်နေပြီ…
ကျွန်တော် ဘ၀ကို အကျေနပ်ကြီး ကျေနပ်ပြီး ပျော်ရွှင်နေတုန်း လုံးဝ ဘယ်တုန်းကမှ မမျှော်လင့်ထားတဲ့ သူတစ်ယောက် ကျွန်တော့်ရှေ့ကို ရောက်လာတယ်…..
“ဘုရားရေ…..အမေပါလား”
“ခုချိန်ထိ မျက်လုံးတစ်ဘက်ပျက်ကြီးနဲ့ ရှိနေတုန်း… ဆိုးလိုက်တာဗျာ..”
ကောင်းကင်ကြီး တစ်ခုလုံး ကျွန်တော့ရှေ့ကို ပြိုကျလာသလိုဘဲ…. ကျွန်တော့သမီးလေးက မျက်လုံး တစ်ဖက်တည်းနဲ့ ရုပ်ဆိုးလှတဲ့ အမေ့ကိုမြင်တော့ လန့်အော်ပြီးအိမ်ထဲကို ပြေးဝင်သွားတယ်.. ကျွန်တော် ဒေါသတွေ ဒီရေလို တက်လာတယ်…
“ခင်ဗျားဘယ်သူလဲ.. ခင်ဗျားကို ကျုပ်မသိပါလား .. ခင်ဗျားက ကျုပ် အိမ်ကို ဘာကိစ္စနဲ့ လာရတာလဲ.. ကျုပ်သမီးလေး ခင်ဗျားရဲ့ ရုပ်ကြီးကို မြင်ပြီး လန့်သွားပြီ…. သွား….. ခင်ဗျား ခုချက်ခြင်း ကျုပ်အိမ်က ထွက်သွား”
ကျွန်တော် မသိဟန်ဆောင်ပြီး တကယ့်ကို မမှတ်မိသလိုနဲ့ အမေ့ကို ပြောပစ်လိုက်တယ်..
“အို…. ၀မ်းနည်းပါတယ်ရှင်…. ကျွန်မ အိမ်လိပ်စာ မှားပြီး ၀င်လာမိတာပါ…”
အမေက တိုးတိုးတိတ်တိတ်လေးဘဲ ပြန်ဖြေပြီး ကျွန်တော့်မျက်စိရှေ့ကနေတစ်ရွေ့ရွေ့နဲ့ ပျောက်ကွယ်သွားတယ်.. တော်ပါသေးရဲ့.. ဘုရား မ လို့.. အမေ ကျွန်တော့်ကို မမှတ်မိဘူး.. ကျွန်တော့်စိတ်တွေ အတော် သက်သာရာ ရသွားတယ်.. ကိုယ့်ကိုယ်ကို ပြောမိတယ်..
“ငါနောက်ကို သတိထားစရာ မလိုတော့ဘူး… ငါ့ဘ၀တစ်လျှောက်လုံး ဒီအကြောင်းတွေ ထပ်ပေါ်လာတော့မှာ မဟုတ်တော့ဘူး”
တစ်နေ့….. ကျွန်တော့်ဇာတိဖြစ်တဲ့ ငယ်ငယ်ကနေခဲ့တဲ့ ကျောင်းကနေ ကျောင်းသားဟောင်းတွေ ပြန်လည်တွေ့ဆုံပွဲ လုပ်မယ့် ဖိတ်စာလေး ရောက်လာတယ်။ မသွားချင်ပေမယ့် ကျွန်တော် သွားရဦးမယ်… ကျွန်တော့မိန်းမကို အမှန်အတိုင်းမပြောဘဲ စီးပွားရေးကိစ္စနဲ့ ခရီးထွက်စရာ ရှိတယ်လို့ ကျွန်တော် လိမ်လိုက်တယ်… ကျွန်တော့ရဲ့ ဆင်းရဲတဲ့ ငယ်ဘ၀အကြောင်း ကျွန်တော့်မိန်းမကို ဘယ်တုန်းကမှ မပြောခဲ့ဖူးဘူးလေ…
တွေ့ဆုံပွဲပြီးတော့ ကျွန်တော် ငယ်ငယ်ကနေခဲ့တဲ့ အိမ်လေးကို ကြည့်ဖို့ ထွက်လာခဲ့တယ်။ အိမ်လို့သာ ခေါ်တာပါ အိမ်နဲ့တောင် မတူပါဘူး။ အမိုးအကာမလုံတဲ့ တဲကုတ်လေးပါ။ ဘာရယ်မဟုတ်ပါဘူး.. စပ်စုချင်တဲ့ စိတ်ကလေးနဲ့ အိမ်ကလေးက ဘယ်လိုများ ဖြစ်နေမှာပါလိမ့် ဆိုပြီး ကြည့်ချင်တာနဲ့ ထွက်လာတာ….
ဒီမှာဘဲ.. ကျွန်တော့်အမေကို အေးစက်စိုစွတ်နေတဲ့ မြေပြင်ပေါ်မှာ လဲကျနေတာ တွေ့လိုက်ရတယ်… ဒါပေမယ့် ကျွန်တော် မျက်ရည်ကျဖို့ မပြောနဲ့ ၀မ်းနည်းတဲ့ စိတ်နည်းနည်းလေးတောင် မဖြစ်မိဘူး… အမေ့လက်ထဲမှာ စာရွက်ပိုင်းလေးတစ်ခုကို တွေ့ရတယ်… ကျွန်တော်ယူကြည့်လိုက်တော့ အမေရဲ့ မပီမသ မလှမပ လက်ရေးလေးတွေနဲ့ ကျွန်တော့်အတွက် ရေးထားတဲ့စာမှန်း သိလိုက်ရတယ်…
သားလေးရေ…
အမေ မကျန်းမမာ ဖြစ်နေတာကြာပါပြီ….. အမေမသေခင် သားလေးဖတ်ဖို့ ဒီစာလေး ရေးထားခဲ့ချင်လို့ပါ… အမေ နေရတော့မယ် မထင်ပါဘူးကွယ် …. သားလေးရှိတဲ့ ဆိုးလ်ကိုလဲ နောက်တစ်ကြိမ် ဘယ်တော့မှ အမေ ရောက်နိုင်တော့မှာ မဟုတ်ပါဘူး…. သားလေးကို အမေ့ဆီတစ်ခေါက်လောက် လာလည်စေချင်လိုက်တာကွယ်…. အမေလေ သားလေးကို အရမ်းလွမ်းလို့ပါ.. တွေ့ချင်လွန်းလို့ပါ… ကျောင်းသားဟောင်းတွေ ပြန်လည်တွေ့ဆုံပွဲကို သားလေး လာမယ် ကြားတော့ အမေ ၀မ်းသာလိုက်တာ.. ဒါပေမယ့် ကျောင်းကို အမေမလာဖို့ ဆုံးဖြတ်ထားပါတယ် အဲဒါက သားလေးအတွက်ပါကွယ်… အမေ့မှာက မျက်စိတစ်ဖက်ထဲ ရှိတာကိုး…. ဒီအတွက်နဲ့ သားကို အရှက်ရစေတာ အမေ ၀မ်းနည်းပါတယ် သားရယ်… အမေ ပြောပြပါ့မယ် သားရယ်… အမှန်တော့ သားငယ်ငယ်တုန်းက ဆော့ကစားရင်း မတော်တဆဖြစ်ပြီး သားမျက်စိတစ်ဖက် ပျက်စီး သွားခဲ့တယ်… အမေတစ်ယောက်အနေနဲ့ မျက်စိတစ်ဖက် မရှိတော့တဲ့သားကို ဘယ်လိုလုပ် ကြည့်ရက် နိုင်ပါ့မလဲကွယ်… သားကြီးလာရင် မျက်စိတစ်ဘက်တည်းနဲ့ လူတွေကြား ဘယ်လိုများ နေမလဲလို့ တွေးကြည့်တိုင်း စိတ်ဆင်းရဲမိတယ်… ယူကျုံးမရ ဖြစ်ရတယ်…. ကြီးလာရင် ငါ့သားလေး ရှက်မယ်ဆိုတာ အမေသိတယ်…. အမေက အသက်ကြီးပြီ.. သားက လူ့ဘ၀ကို အရှည်ကြီး လျှောက်လှမ်းရဦးမှာလေ… ဒါကြောင့် အမေ့ရဲ့ မျက်စိတစ်ဘက် သားကို ပေးလိုက်တာပါ… အမေ့ရဲ့ မျက်လုံးနဲ့ လောကကြီးကို ငါ့သားလေး ကောင်းကောင်းမွန်မွန် ပြန်မြင်လာနိုင်တဲ့အတွက် သားကိုကြည့်ပြီး အမေ၀မ်းသာမိတယ်.. ဂုဏ်ယူမိတယ်…. ဒီအတွက် အမေဘယ်တော့မှ စိတ်မကောင်း မဖြစ်ပါဘူး.. ၀မ်းလဲမနည်းခဲ့ပါဘူး.. ငယ်ငယ်က အမေ့ကို သားလေး စိတ်ဆိုးခဲ့ဖူးတယ်.. စိတ်ဆိုးပြီး အမေ့ကို ပြောခဲ့ ဆိုခဲ့တာတွေ အမေ သားကို ဘယ်တော့မှ ဗွေမယူခဲ့ပါဘူး ငါ့သားလေး ငါ့ကို ချစ်လို့ ပြောတာဘဲလို့ အမေတွေးခဲ့ပါတယ်.. အမေသားကို ချစ်တယ် သားရယ်…. သားဟာ အမေ့ရဲ့ ဘ၀၊ အမေရဲ့ ကမ္ဘာပါကွယ်……..
အိုး.. ကျွန်တော့်အသည်းတွေ ကွဲကုန်ပါပြီ။ အမေရယ်…. သားကိုခွင့်မလွှတ်ပါနဲ့… ဘယ်တော့မှ သားမိုက်ကို ခွင့်မလွှတ်ပါနဲ့…..
ကျွန်တော် ရှိုက်ကြီးတငင် ငိုကြွေးနေမိပါပြီ…. ကျွန်တော် သိပ်မုန်းခဲ့တဲ့ မျက်လုံး တစ်ဖက်တည်းရှိခဲ့တဲ့ အမေဟာ ကျွန်တော့အတွက် သူ့မျက်လုံးကို စွန့်လွှတ်ခဲ့တယ်ဆိုတာ အမေသေမှ ကျွန်တော် သိလိုက်ရပါပြီ…. ကျွန်တော့်အတွက် ပေးဆပ်အနစ်နာခံပြီး ချစ်သွားတဲ့ အမေ့ရဲ့မေတ္တာကို ဘယ်တုန်းကမှ မသိတတ် နားမလည် တတ်ခဲ့တဲ့ ကျွန်တော်… ဘယ်တုန်းကမှ မငိုခဲ့ဖူးတဲ့ ကျွန်တော်… လူမိုက်ကြီး၊ ခုတော့ မဆုံးနိုင်တဲ့ မျက်ရည်တွေနဲ့ အမေ့အတွက် ငိုကြွေးနေမိပါပြီ…
ကျွန်တော့်လို မိဘကျေးဇူး မသိတတ်တဲ့သား.. မိဘစေတနာကို နားမလည်တဲ့ သားမျိုး၊ မိဘသေမှ နောင်တရတဲ့ သားမျိုး ဘယ်တော့မှ မဖြစ်ကြပါစေနဲ့ဗျာ….
အလင်းရဲ့ဒိုင်ယာရီမှ
Monday, February 7, 2011
အချစ်
  • အချစ်ကြောင့် အသည်းကွဲတာ မဆန်းပါဘူး။ အချစ်ကြောင့် ဘ၀ ပျက်သွားရတာသာ ဆန်းတာပါ။
  • ငါ့ဦးနောက်က ငါ့ကိုအမိန့်ပေးနေတယ်၊ ငါ့နှလုံးသားရဲ့အလိုကို ငါ့ဦးနောက်က ခွင့်မပြုဘူး။ မိန်းမ တစ်ယောက်ကို လွယ်လွယ်နဲ့ ဖြစ်သလို မယူရဘူး၊ အိမ်ထောင်တစ်ခုကို တည်ဆောက် တော့မယ်ဆိုရင် ကျကျနန ပြင်ဆင်ပြီးမှ တည်ဆောက် သင့်တယ်တဲ့။
  • လောက၌ အချစ်ဆုံးအရာသည် ဒုက္ခအပေးဆုံး။ ချစ်စရာ တစ်ခုရှိလျှင် ဒုက္ခတစ်ခု၊ ချစ်စရာများလျှင် ဒုက္ခများ၏၊ ချစ်စရာ မရှိတော့လျှင် ဒုက္ခမရှိတော့။
  • အချစ်သည် ရှာလေရှာလေ ဒုက္ခ ပိုများလေဖြစ်သည်။
  • လောကတွင် ဥစ္စာရူးထက် အချစ်ရူး၊ တဏှာရူးသည် ပို၍ အကြည့်ရ အမြင်ရ ဆိုးသည်။ အချစ် စိတ်ကြောင့် ရူးသွပ်ပြီး မစား၊ မအိပ်နိုင်ခြင်းသည် ကိုယ့်ကိုယ်ကို ဒုက္ခ အပေးဆုံးဖြစ်သည်။
  • လူငယ်ဘ၀တွင် ပညာရေး၊ သို့မဟုတ် အသက်မွေးဝမ်းကျောင်း အလုပ်တစ်ခု ရရေးသာ နံပတ်တစ် ဖြစ်သည် ကြင်ယာ အရေးသည် နှစ်ဖြစ်သည်။
  • အချစ်ဟောင်း၏ မီးစ မီးကြွင်းတို့မှာ မကြာခင်မှာပင် မီးစွဲလေ့ရှိသည်။
  • အချစ်သည် (၇)စက္ကန့် တည်တံ့၏၊ ရသာရုံက (၇)မိနစ်ခံ၏၊ စိတ်မချမ်းသာမှုက ဘ၀တစ်လျှောက်လုံး ခိုင်မြဲ တက်၏။
  • မိမိကိုယ်ကို အချစ်နှင့်ထိတွေ့သူသည် မိမိကိုမိမိ ပူဆွေးသောကနှင့် ထိတွေ့မှု ရှိစေသူပင်ဖြစ်သည်။
  • မဆင်မခြင် အိမ်ထောင်ကျ နောင်မှ နောင်တ ရကြလေသည်။ နောက်မှရသော နောင်တသည် ပူပင်ရစမြဲပင်။
  • တွေ့မရှောင် အချောင်စိတ်ဖြင့် ချစ်ခြင်းသည် တစ်ကယ်တမ်းတွင် လုံးဝ ပျော်စရာ မကောင်းပဲ အဖျက် များသာ ခံစား ရတော့သည်။ နောင်မှ အခက်တွေ့အောင် ကြိုးစားမိခြင်း ဖြစ်သည်။
  • သင့်ကိုသင်ချစ်ပါ။ ထိုအခါ သင့်တွင် ပြိုင်ဖက်များရှိမည်မဟုတ်။
  • သစ်ကိုင်းကိုချစ်လျှင် သစ်ပင်ကိုလည်းချစ်ရမည်။
  • တူနှစ်ကို တဲအိုပျက်မှာ နေရနေရ၊ ထမင်းရည်ကိုပဲ သောက်ရသောက်ရ၊ ထမင်ကြမ်းခဲကိုပဲ စားရစားရ တစ်ဦးနှင့် တစ်ဦး ချစ်ရင်ပြီးရော၊ ချစ်ရန်သာ အရေးကြီးသည် ဆိုသော စကားလုံးများမှာ လုံးဝ အနှစ်သာရ မရှိသော အပေါ်ရံကြော အလွယ်တကူ လူတိုင်း ပြောဆိုသော စကားများသာ ဖြစ်သည်။
  • လောက၌ ချစ်သူပါင်းများစွာမှာ ဆင်းရဲခြင်း၊ မပြည့်စုံခြင်းကြောင့် မကွဲသင့်ပဲကွဲ၊ မခွဲချင်ပဲခွဲရသည်မှာ ရင်နာစရာ ကောင်းလှသည်။
    “မီးပြတိုက် ”
Sunday, February 6, 2011
အလွမ်းပြေ ငှာ နီ သို့  တစ်ခေါက်
ကိုယ့် ကို ချစ်တဲ့ မိန်း ကလေး
မိန်းကလေးတိုင်း ငိုတတ်ကြတယ်။ သူတို့က ငိုချင်တိုင်း ငိုကြတာတော့ မဟုတ်ဘူး။ သူတို့ရင်ထဲမှာ နာကျင်လို့၊ ခံစားရခက်လို့၊ အကူအညီလိုလို့ ငိုတာဖြစ်တယ်။ ချစ်သူယောက်ျားလေးဖြစ်တဲ့ သင်က ဒါကိုပထမဦးဆုံး သတိပြုမိရမှာဖြစ်ပြီး သူ့နာကျင်မှုတွေ အပြင်ကို မျက်ရည်အဖြစ်နဲ့ စီးကျမလာခင် သူ့ကိုနှစ်သိမ့်၊ အားပေးကူညီသင့်တယ်။
မိန်းကလေးတွေက ကိုယ့်ချစ်သူကို "ငါ့ကိုချစ်လားဟင်" လို့ မေးတတ်ကြတယ်။ ဒီလိုမေးရာမှာ အခြေအနေ နှစ်မျိုးရှိတယ်။ ပထမအချက်က သူ့ချစ်တဲ့ ကောင်လေးက ဒီစကားသုံးခွန်းကို သိပ်မသုံးတော့လို့။ ဒုတိယအချက်က မိန်းကလေးတွေ ကိုယ့်ကိုယ်ကို သံသယရှိလာလို့ ဖြစ်တယ်။ သူဒီလိုမေးလာတဲ့ အချိန်မှာ သူ့ကို ရင်ခွင်ထဲ ပွေ့ဖက်ပြီး နူးညံ့ညင်သာစွာနဲ့ "နင့်ကို ငါချစ်တယ်" လို့ ပြောပါ။ ဒီစကားတစ်ခွန်းတည်းနဲ့ ဖြစ်လာနိုင်တဲ့ ပြဿနာတွေကို သင်ကာကွယ်နိုင်ပါလိမ့်မယ်။
မိန်းကလေးတွေက ဘာမှန်းညာမှန်းမသိ စိတ်တိုတတ်ကြတယ်။ သူတို့စိတ်တိုရတာ အကြောင်းရှိတယ်။ မကြည့်သင့်တာကို သင့်ကြည့်ခဲ့လို့၊ မပြောသင့်တာကို သင့်ပြောခဲ့လို့ဖြစ်တယ်။ ဒါမှမဟုတ် နောက်ကျမှ ဆက်တဲ့ဖုန်းကြောင်းဖြစ်တယ်။ တကယ်တော့ မိန်းကလေးတွေရဲ့ နှလုံးသားက နူးညံ့လွန်းတယ်။ ခွင့်လွတ်ဖို့ သင်တောင်းပန်မယ်၊ သူ့ကို ယုယကြင်နာမယ်ဆိုရင် သူ့ရဲ့ စိတ်တိုဒေါသတွေက လေနဲ့အတူ လွင့်သွားတဲ့ တိမ်လိုမျိုး တခဏချင်း ပျောက်ကွယ်သွားမှာဖြစ်တယ်။
မိန်းကလေးတွေက လက်ဆောင်ပန်းစည်း အမြဲလိုချင်တတ်ကြတယ်။ ပန်းကြိုက်တာ မိန်းကလေးတိုင်းရဲ့ မွေးရာပါဖြစ်တယ်။ ယောက်ျားလေးတွေ သိထားရမှာက တန်ဖိုးကြီးတဲ့ နှင်းဆီပန်း တစ်စည်းပဲဖြစ်ဖြစ်၊ တောပန်းပွင့်လေး တစ်ပွင့်ပဲဖြစ်ဖြစ် တစ်ချို့မိန်းကလေးအတွက် ကျေနပ်မှုက တူတူပဲဖြစ်တယ်။ အဓိက,က သင့်ရဲ့ ရိုးသားတဲ့စိတ် ရှိဖို့ပဲဖြစ်တယ်။
မိန်းကလေးတွေက ဖုန်းအမြဲစောင့်တတ်တယ်။ ဒါက ချစ်စကြင်စ အချစ်ပင်လယ်မှာ ပက်လက်မျှောနေတဲ့ မိန်းကလေးတို့ရဲ့ သဘာဝဖြစ်တယ်။ ဖုန်းကို လက်ထဲမှာ အမြဲကိုင်ထားပြီး ချစ်သူရဲ့ဖုန်းကို စောင့်နေတတ်ကြတယ်။
မိန်းကလေးတစ်ချို့က စကားပြော နိုင်လွန်းတယ်။ မိန်းကလေးတွေက ယောက်ျားလေးတွေထက် ပိုခံစားလွယ်တယ်၊ သူတို့က သူငယ်ချင်းတွေနဲ့ ဆုံပြီဆိုရင် ပတ်ဝန်းကျင်အကြောင်း၊ လူတွေအကြောင်း မနားတမ်း ပြောတတ်ကြတယ်။ ဒါက သူတို့အတွက် အပန်းဖြေနည်းတစ်မျိုး၊ စိတ်ဖြေလျော့မှုတစ်မျိုး ဖြစ်တယ်။ တစ်ချို့မိန်းကလေးတွေက ဖုန်းကောက်ကိုင်ပြီးရင် မချတတ်တော့ဘူး။ ဒါဟာလည်း ခုခေတ်မိန်းကလေးတွေက အလုပ်ကိုယ်စီရှိနေကြလို့ သူငယ်ချင်းမိတ်ဆွေတွေနဲ့ မျက်နှာချင်းဆိုင် စကားပြောဖို့ အချိန်မရှိလို့ဖြစ်တယ်။ ချစ်သူကလည်း ဒါတွေကို စိတ်ရှည်သည်းခံပြီး နားထောင်မပေးတတ်ကြတော့ ပြောချင်တာ၊ ရင်ဖွင့်ချင်တာကို ဖုန်းနဲ့ပဲ ပြောကြတော့တယ်။ (အခုခေတ်မှာတော့ ဂျီတော့နဲ့ ဘလော့ဂ်ပေါ်မှာ ပြောနိုင်ပါပြီး)
လူတစ်ယောက်ကို ချစ်ဖို့ရာ အကြောင်းတရား မလိုဘူး။
မိန်းကလေးတွေက ကိုယ်ချစ်တဲ့သူနဲ့ အတူနေရဖို့ နောင်တတရား မရှိဘဲ အရာရာကို ပေးဆပ်တတ်ကြတယ်။ လူတစ်ယောက် ကိုယ့်ကြောင့် ပြောင်းလဲသွားတယ်၊ ခေါင်းမာတဲ့ သူ့အကျင့်တွေ ရုတ်သိမ်းသွားတယ်ဆိုရင် ကိုယ့်ကိုတကယ်ချစ်လို့ပါပဲ။ ကိုယ့်ကိုတကယ်ချစ်တဲ့ မိန်းကလေးတစ်ယောက်ရဲ့ လိုအပ်ချက်က ကိုယ့်ရဲ့ဂတိသစ္စာတွေ မဟုတ်ဘူး။ သူတို့လိုအပ်တာက ကိုယ့်စီက လုံခြုံမှု၊ ထိခိုက်ဒဏ်ရာရလာတဲ့ သူ့အတွက် အချိန်မရွေး မှီခိုနိုင်မယ့် ပုခုံးတစ်စုံသာဖြစ်တယ်။
ယောကျာ်းလေးတွေက မျက်လုံးနဲ့ မိန်းကလေးကို ကြည့်တတ်ကြတယ်။
ဒါကြောင့် အလှရဲ့ စွဲဆောင်မှုကို အလွယ်တကူ ခံရတတ်တယ်။
မိန်းကလေးတွေက စိတ်နဲ့ ယောက်ျားလေးကို တွေးတောတတ်ကြတယ်။
ဒါကြောင့် စိတ်ပင်ပန်းဆင်းရဲတာကို အလွယ်တကူ ခံစားရတတ်တယ်။
မိန်းကလေးတွေက ဂုဏ်ဝင့်တဲ့ ရွှေငန်းနဲ့ တူတယ်။ ဒါပေမယ့် ယောက်ျားလေးတွေကို ချစ်မိပြီဆိုရင် အတောင်အချိုးခံလိုက်ရသလိုပဲ။ ဒါကြောင့် ယောက်ျားလေးတွေက ကိုယ့်ကိုချစ်တဲ့ မိန်းကလေးကို ပိုပြီး ဆတိုးကြင်နာတန်ဖိုးထား စောင့်ရှောက်သင့်တယ်။ သူတို့နာကျင် မျက်ရည်ကျအောင် မလုပ်သင့်ဘူး။
နိုင်းနိုင်းစနေ ဘာသာပြန်သည်
--
ကြွက် ကလေးနှစ်ကောင်ရဲ့  ချစ်ပုံပြင်
ကြွက်ကလေးနှစ်ကောင်ရဲ့ ချစ်ပုံပြင်
ရာသီဥတုက အအေးလွန်ကဲနေခဲ့တယ်။ ရိတ်သိမ်းချိန်ကျော်လွန်ခဲ့လို့ လယ်ကွင်းတွေမှာ အစာတွေရှားစပြုလာတယ်။ ဆောင်းဦးရာသီမှာ တွင်းထဲစုဆောင်းခဲ့တဲ့အစာတွေကလည်း လယ်သမားတွေရဲ့ ထွန်တုံးအောက်မှာ ပျက်စီးသွားခဲ့ရတယ်။
နေ့ရက်တွေကို ဘယ်လိုဖြတ်သန်းရမလဲ?
အိပ်မောကျနေတဲ့ ဇနီးသည်ရဲ့ တစ်နေ့တခြားကြီးလာတဲ့ ဗိုက်ကိုကြည့်ရင်း ကျွန်တော်စိတ်ညစ်နေခဲ့မိတယ်။ မကြာခင် ကျွန်တော်အဖေဖြစ်တော့မယ်။ ယောက်ျားတစ်ယောက်ရဲ့တာဝန်ကို လုံးလုံးလျားလျား ထမ်းဆောင်ရတော့မယ်။ ခုတော့... အိမ်ထဲမှာ စားစရာတစ်စက်မှ ရှိမနေခဲ့ဘူး။ မြက်ပင်တွေစားပြီး ကျွန်တော်နေလို့ရပေမယ့် ဇနီးကို အဆာခံလို့မဖြစ်ဘူး။ အထူးသဖြင့် သူ့ဗိုက်ထဲက ကျွန်တော်တို့ရဲ့သားကို အငတ်ခံလို့မဖြစ်ဘူး။
အဲဒီတုန်းက သူ့ကိုကျွန်တော်ယူမယ်ဆိုတော့ ဆင်းရဲတဲ့ကျွန်တော့်ကို သူ့မေမေက သဘောမတူခဲ့ဘူး။
"ကျွန်တော်အသက်ရှင်နေသရွေ့ ခင်ဗျားသမီးကို အငတ်မခံစေရဘူး"လို့ ကျွန်တော်ဂတိပြုမှ ယောက္ခမက သမီးကို ပေးရဲခဲ့တယ်။ အဲဒီနေ့ကစ ကျွန်တော်ဟာ ကမ္ဘာပေါ်က အပျော်ဆုံးကြွက်တစ်ကောင် ဖြစ်ခဲ့တယ်။ သူ့အတွက် ကျွန်တော်အရာရာပေးဆပ်ခဲ့တယ်။ သူ့ကိုတစ်ချက်မှ စိတ်ညစ်မခံစေခဲ့ဘူး။ သူ့ကို ကမ္ဘာပေါ်က ဒုတိယအပျော်ဆုံးကြွက်တစ်ကောင်ဖြစ်အောင် ကျွန်တော်ကြိုးစားခဲ့တယ်။ သူ့ကိုချစ်တဲ့ ကျွန်တော်ရဲ့အချစ်က ကျွန်တော့်ကိုယ်ကျွန်တော်ချစ်တာထက် ပိုများခဲ့တယ်။
သူ့အတွက်ဆိုရင် သူ့လက်သည်းထဲက အညစ်အကြေးတွေကို ကျွန်တော့်သွားနဲ့ ညင်ညင်သာသာ ကိုက်ထုတ်ပေးဖို့ ကျွန်တော်ဝန်မလေးခဲ့ဘူး။ ရွာသူကြီးရဲ့သမီးနောက်ကနေ သူကြိုက်တဲ့နေကြာစေ့တွေ လိုက်ကောက်ပေးဖို့ ကျွန်တော်မကြောက်ခဲ့ဘူး။ သူ့အတွက် သီချင်းတိုးတိုးလေးညည်းရင်း အိပ်ပျော်သွားတဲ့ သူ့ကိုကြည့်ပြီး တစ်ညလုံးမအိပ်ဘဲလည်း ကျွန်တော်နေနိုင်ခဲ့တယ်။
သူ့ကို အဲဒီလောက်တောင် ကျွန်တော်ချစ်တယ်။
လင်းလက်တဲ့ သူ့မျက်လုံးလေးကိုချစ်တယ်။
ချွန်မြမြ သူ့ပါးစပ်လေးကို ချစ်တယ်။
နူးနူးညံ့ညံ့ သူ့နှာခေါင်းလေးကို ချစ်တယ်။
အညိုရောင် သူ့အသားအရေကိုချစ်တယ်။
ဒါပေမယ့်.... ဒါပေမယ့်.... အခုတော့ သူ့အတွက် မနက်ဖြန်မနက်စာကို ကျွန်တော်မပြင်ဆင်ပေးနိုင်ခဲ့ဘူး။ သူ့ကိုကျွန်တော်ချစ်တယ်။ ဒါပေမယ့် မနက်ဖြန်အစာ ဘယ်မှာရှာလို့ရနိုင်မယ်ဆိုတာကို ကျွန်တော်မသိခဲ့ဘူး။
ကျွန်တော် အစာထပ်သွားရှာကြည့်မယ်။ ဆောင်းဦးက ရိတ်သိမ်းခဲ့တဲ့ စပါးအကြွင်းအကျန် တစ်စေ့တလေလေးတော့ ရွံ့ဗွက်တွေထဲမှာ ရှိကောင်းပါရဲ့။ (၁ဝ)ခေါက်ကျော် ကျွန်တော်ရှာခဲ့ပေမယ့်၊ လက်သည်းတွေ သွေးထွက်တဲ့အထိ ကျွန်တော်တူးဆွ ရှာဖွေခဲ့ပေမယ့် လက်ဗလာနဲ့ပဲ အိမ်ပြန်ခဲ့ရတယ်။
အစ်ကို၊ အစ်မတွေဆီ သွားတောင်းကြည့်ပါဦးမယ်။ မရီးက ခါတိုင်းလိုကျွန်တော့်ကို မဆဲမဆိုဘဲ ကိုယ်ချင်းစာစာနဲ့ အစာတချို့ပေးမယ်ထင်ပါရဲ့။ သူ့အတွက်နဲ့ ရှေ့မျက်နှာနောက်ထားပြီး (၇)ခေါက်လောက် ကျွန်တော်သွားတောင်းခဲ့ပေမယ့် သွားတောင်းတိုင်း မရီးရဲ့ အဆူအဆဲကိုပဲ ခံခဲ့ရတယ်။
ရွာထဲက အိမ်ကြွက်တချို့ဆီ ကျွန်တော်သွားတောင်းကြည့်ပါဦးမယ်။ သွားတောင်းတိုင်း ကျွန်တော် အထုအထောင်းခံခဲ့ရပေမယ့်၊ သွားတောင်းတိုင်း လယ်ကြွက်လုပ်ပြီး အိမ်ကြွက်ဆီမှာ လာတောင်းစားရသလားလို့ အပြောခံခဲ့ရပေမယ့် သူ့အတွက်နဲ့ ဒီလိုအထုအထောင်း၊ အဆဲအဆိုကို ကျွန်တော် မမူခဲ့ဘူး။
လက်ဗလာနဲ့ အိမ်ကိုကျွန်တော်ပြန်ရောက်လာတယ်
နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေတဲ့သူ့ကိုကြည့်ပြီး ဒီနေ့တစ်နေ့လုံး သူဘာမှမစားရသေးဘူးဆိုတာကို ကျွန်တော်သိတယ်။ ကျွန်တော်အသဲတွေ ဓားနဲ့မွှန်ထားသလိုပါပဲ။ ကျွန်တော်လည်း အစာမစားရတာ သုံးရက်ရှိနေပါပြီ။ ဒါပေမယ့် ကျွန်တော်က ယောက်ျားပါ။ သူ့ကို အဆာခံထားလို့တော့ မဖြစ်ဘူး။ ဒါပေမယ့် အစာလေးတစ်စက်ရဖို့ ကျွန်တော်မစွမ်းဆောင်နိုင်ခဲ့ဘူး။ ကျွန်တော်ငိုချင်လာတယ်။ ဒါပေမယ့် မျက်ရည်တွေ ထွက်ကျမလာခဲ့ဘူး။ ကျွန်တော်ဟာ အိမ်ဦးနတ်ပါ။ သူ့ကိုဘယ်လိုအန္တရာယ်၊ ဘယ်လိုဒုက္ခနဲ့ ဘယ်တော့မှ မခံစေရဘူးလို့ ကျွန်တော်ဂတိပေးထားတယ်။ ငိုဖို့ကျွန်တော်မေ့သွားပြန်တယ်။ အိမ်အပြင်ကို ကျွန်တော်ထွက်လိုက်ပြန်တယ်။ ဆောင်းလေးအေးအေးတွေက ငတ်မွတ်နေတဲ့ ကျွန်တော်ခံစားချက်ကို တိုက်ထုတ်နိုင်လိမ့်မယ် ထင်ပါရဲ့.....
"ကြွက်ကလေး.. ကြွက်ကလေးရေ... ဒီနေ့တစ်နေ့လုံး နင့်ကိုငါကြည့်နေတယ်။ နင်ဘာဖြစ်နေလဲ? ဆာလွန်းလို့ နင်တုန်နေတာလား?"
ကျွန်တော့်ကို လူတွေမေ့နေကြပြီလို့ ကျွန်တော်ထင်ခဲ့တယ်။ ခုတော့ ကျွန်တော်ကို မှတ်မိတဲ့သူ ရှိနေသေးတဲ့အတွက် ဝမ်းသာမိပါတယ်။ အသံလာရာဆီ ကျွန်တော် ခေါင်းမော့ကြည့်လိုက်တော့ ခိုအစ်မကြီးကို တွေ့တယ်။
"ခိုအစ်မရေ... စားစရာတွေကို ကျွန်တော်ရှာမတွေ့လို့ပါ"
"မြို့ထဲသွားပါလား! မြို့ထဲမှာ စားစရာတွေပေါတယ်။ တောင်ဖက်တည့်တည့်သွားရင် မြို့ရောက်ပြီ" ခိုက ပြောပြောဆိုဆို ထပျံသွားတယ်။
မြို့ထဲ! ဒီရွာမှာ ကျွန်တော့်အဘိုးတစ်ယောက်ပဲ မြို့သွားဖူးတယ်။ မြို့ပေါ်မှာ စားလို့ကောင်းတဲ့အစာတွေ နေရာတိုင်းမှာရှိကြောင်း ကျွန်တော်ငယ်ငယ်က အဘိုးမဆုံးခင် ပြောပြခဲ့ဖူးတယ်။ မြို့မှာ ကောင်းကင်ပေါ်က တိမ်တွေဟာ ချိုသတဲ့။ မြေကြီးပေါ်က ကျောက်ခဲတွေဟာ ချောကလက်တွေတဲ့....
အင်း... မြို့ထဲသွားမယ်။ ဒီလိုတွေးနေရင်း ကျွန်တော်ဗိုက်တွေ မဆာတော့ဘူး။ အချစ်ရဆုံးသူ့ကိုခေါ်ပြီး ကျွန်တော်မြို့တက်မယ်။
သူ့ကိုကျွန်တော်နှိုးလိုက်တယ်။ သူ့ကိုခေါ်ပြီး မနက်ဖြန် မြို့တက်ပစ္စည်းပို့မယ့် ဦးကြီးနွားဆီ ကျွန်တော်တို့ကို မြို့ထဲပေးလိုက်ဖို့ သွားတောင်းဆိုတယ်။ ဦးကြီးနွားက ကျွန်တော်တို့ကို သနားပြီး သူ့နားရွက်ထဲ ဝင်ပုန်းပြီးလိုက်ဖို့၊ မသံမထွက်ဖို့၊ အိမ်ကြီးရှင် မသိဖို့ပြောတယ်။
ကျွန်တော်ပျော်မိတယ်။ မနက်ဖြန် ကျွန်တော်တို့မြို့တက်တော့မယ်။ ကျွန်တော်ချစ်ရတဲ့သူကို အငတ်မခံစေတော့ဘူး။
နောက်တစ်နေ့မနက်စောစောမှာ ဦးကြီးနွားရဲ့ နားရွက်ထဲပုန်းအောင်းပြီး ကျွန်တော်တို့ မြို့ထဲလိုက်ပါခဲ့တယ်။
ကျွန်တော်နဲ့ဇနီး ဦးကြီးနွားရဲ့နားရွက်ကို တင်းတင်းဆုပ်ကိုင်ပြီး သွားခဲ့တယ်။ အချိန်ဘယ်လောက်ကြာသွားတယ် မသိပါဘူး။ ဦးကြီးနွားရဲ့ "ဆင်းတော့.. မြို့ရောက်ပြီ"ဆိုတဲ့ အော်သံကြားမှ နားရွက်ထဲကနေ ကျွန်တော်တို့ဝမ်းသာအားရ ခုန်ချလိုက်ကြတယ်။ ဦးကြီးနွားကို ကျေးဇူးတင်ကြောင်း ဂါဝရပြုပြီး မြို့ထဲကို ကျွန်တော်တို့ဝင်ခဲ့ကြတယ်။ ဝေးဝေးတစ်နေရာရောက်တော့ နှာမှုတ်သံလား! သက်ပြင်းချသံလား မသိတဲ့ အသံတစ်သံကို ဦးကြီးနွားဆီကနေ ကြားလိုက်မိတယ်။
ကောင်းကင်ကို ကျွန်တော်မော့ကြည့်လိုက်မိတယ်။ ထိုးထိုးထောင်ထောင် တိုက်တွေက ကျွန်တော်မျက်စိရှေ့ ကန့်လန့်ဖြတ်ဝင်ခဲ့လို့ ကောင်းကင်ကို ကျွန်တော်မတွေ့ခဲ့ရဘူး။ မြေပြင်ကို ကျွန်တော်ငုံ့ကြည့်လိုက်တယ်။ အထပ်ထပ်ခင်းထားတဲ့ အင်္ဂတေကြောင့် မြေကြီးကို ကျွန်တော်မတွေ့ခဲ့ရဘူး။
ကျွန်တော်နဲ့ဇနီး နံရံထောင့်တစ်ခုမှာ တွန့်တွန့်ဆုတ်ဆုတ် ရပ်နေကြတယ်။ မျက်စိရှေ့က လမ်းမပေါ်မှာ ပျားပန်းခတ် လှုပ်ရှားသွားလာနေကြတဲ့ လမ်းသွားလမ်းလာတွေ၊ အရှိန်ပြင်းပြင်းနဲ့ ဖြတ်သွားတဲ့ ကားတွေကြောင်း ကျွန်တော်တို့မျက်စိပြာပြီး ခေါင်းမူးခဲ့ကြရတယ်။ ဆူညံနေတဲ့အသံတွေက ကျွန်တော်တို့ခေါင်းကို ခွဲမတတ်ပါပဲ။ ဒီနေရာမှာ ကျွန်တော်ဟာ တကယ့်သူစိမ်းတစ်ယောက် လုံခြုံတဲ့နေရာလေးတစ်ခုတောင် ကျွန်တော်ရှာမတွေ့ခဲ့ဘူး။ ရွာကို ကျွန်တော်သတိရလာမိတယ်.....
လယ်ထဲမှာ စားစရာတချို့တော့ ရှာတွေ့ကောင်းရဲ့။ မရီးလည်း ကိုယ်ချင်းစာပြီး ကျွန်တော်တို့ကို အစာတချို့ပေးတန်ကောင်းရဲ့။ အိမ်ကြွက်တွေလည်း ကျွန်တော်တို့အပေါ် ချစ်ခင်တန်ကောင်းရဲ့.....
ဒါပေမယ့် မြို့ပေါ်မှာ ကျွန်တော်သတ္တိနည်းနည်းမှ ရှိမနေခဲ့ဘူး။ နေချင်စိတ်လည်း မရှိခဲ့ဘူး။ ကျွန်တော်စပြီး ငိုချင်လာမိတယ်။
မျက်လုံးစူးရှတဲ့ဇနီးက "မောင်... လမ်းမရဲ့ဟိုဖက်ခြမ်းက ပြတင်းပေါက်မှာ ကိတ်မုန့်တွေအများကြီးပဲ"လို့ ထအော်တယ်။
ကိတ်မုန့်တွေကို ကျွန်တော်လည်းတွေ့လိုက်တယ်။ ကျွန်တော်တို့ နောက်ဆုံးကိတ်မုန့်စားချိန်က သူ့မွေးနေ့မှာဖြစ်တယ်။ အဲဒီတုန်းက သူကြီးရဲ့သားအငယ်ဆုံး လက်ထဲကနေ ကိတ်မုန့်တစ်ဖပ်ကို ကျွန်တော်အသက်စွန့်ပြီး လုယူလာခဲ့တယ်။ အဲဒီတုန်းက သူ့ကို ကျွန်တော်ပိုးပန်းဆဲဖြစ်တယ်။ ချိုမြိန်လိုက်တဲ့ အတိတ်ကဖြစ်ရပ်လေး... ကိတ်မုန့်ကို သူအရမ်းကြိုက်တယ်။ တွေးနေရင်း ရုတ်တရက် ကျွန်တော်ခွန်အားတွေရလိုက်တယ်။ ရင်ဘတ်ကိုပုတ်ပြီး "လာ... မောင်တို့ လမ်းဖြတ်ပြီး ကိတ်မုန့်သွားယူရအောင်" လို့ ပြောလိုက်တယ်။
သူ့လက်ကိုဆွဲပြီး လူတွေရဲ့ကြားထဲ ကျွန်တော်ဖြတ်ဝင်လိုက်တယ်။ လူတွေများလွန်းနေတယ်။ ကျွန်တော်တို့ ဟိုခုန်ဒီခုန်နဲ့။ သူ သတိလက်မဲ့ဖြစ်ပြီး မိန်းမဝကြီးတစ်ယောက်ရဲ့ ဖိနပ်ပေါ် ခုန်တက်မိသားဖြစ်သွားတယ်။ မိန်းမကြီးရဲ့ငယ်သံပါတဲ့ အော်သံကြောင့် လမ်းမပေါ်က လူတွေရဲ့အာရုံက ကျွန်တော်တို့အပေါ် ကျရောက်လာခဲ့တယ်။ လူအများက ခြေထောက်နဲ့ ကျွန်တော်တို့ကို တက်နင်းကြတယ်။ လက်ထဲက စာအုပ်တွေနဲ့ ကျွန်တော်တို့ကို ပစ်ပေါက်ကြတယ်။ သူ့ကိုအကာအကွယ်ပေးရင်း ကျွန်တော်အတင်းရှောင်ခဲ့တယ်။ ဒီလိုအချိန်ကျမှ "လမ်းဖြတ်တဲ့ကြွက်ကို လူတိုင်းဝိုင်းရိုက်ကြတယ်" ဆိုတဲ့အဆိုကို ကျွန်တော်နားလည်လိုက်တယ်။ ဒါဟာ ကျွန်တော်တို့ကြွက်တွေအဖို့ ဘယ်လောက် ကြောက်စရာကောင်းလိုက်တဲ့ အဖြစ်လည်းနော်!
ကျွန်တော်တို့ကံကောင်းသွားတယ်။ ရှေ့မှာ ရေချောင်းတစ်ခုကိုတွေ့လို့ သူ့လက်ကိုဆွဲပြီး ရေချောင်းထဲ ကျွန်တော်တို့ ခုန်ချလိုက်ကြတယ်။ လမ်းမကို ကျွန်တော်တို့ဖြတ်နိုင်ခဲ့တယ်ဆိုပေမယ့် ရေချောင်းထဲခုန်ချချိန် ကျွန်တော့်ခြေတစ်ဖက် ခေါက်သွားခဲ့တယ်။ ဒါပေမယ့် ကျွန်တော်ဘာမှမဖြစ်သလို ဟန်ဆောင်လိုက်ပါတယ်။ ကျွန်တော်ကြောင့် သူ့ကို အစိုးရိမ်မလွန်ချင်ခဲ့ဘူးလေ....
တအောင့်ကြာမှ၊ လမ်းမပေါ်ကလူတွေ ကျွန်တော်တို့နှစ်ယောက်ကို မေ့လောက်ချိန်ရောက်မှ သူ့ကိုရေချောင်းထဲမှာ ပုန်းနေစေပြီး ကျွန်တော်တစ်ယောက်တည်း အပေါ်ကိုတိတ်တဆိတ် တက်လာခဲ့တယ်။ နံရံတစ်လျှောက် ပုန်းခိုပြီး ကိတ်မုန့်ဆိုင်ဘက်ကို ကျွန်တော်တစ်လှမ်းချင်း စမ်းသွားလိုက်တယ်။ ၃လှမ်းမြောက်မှာ ကိတ်မုန့်တွေကို ကျွန်တော်တွေ့လိုက်တယ်။ ကိတ်မုန့်တွေဆီ ကျွန်တော်ခုန်အုပ်လိုက်တယ်။
"ဒုန်း..."ဆိုတဲ့ အသံနဲ့အတူ တစ်ခုခုကို ကျွန်တော်တိုက်လိုက်မိတယ်။ ဒါပေမယ့် ကျွန်တော်ရှေ့မှာ ကိတ်မုန့်ကလွဲပြီး ဘာမှရှိမနေဘူး။ ကျွန်တော်ခေါင်းမှာ ဘုကြီးတစ်လုံးထလာတယ်။ ကိတ်မုန့်နဲ့ကျွန်တော်ကြားမှာ တစ်ခုခုခြားထားမှန်း ကျွန်တော်သိလိုက်တယ်။ ဒါပေမယ့် ဘာခြားထားမှန်းတော့ ကျွန်တော်မသိဘူး။ ကြည်လင်တဲ့အရာတစ်ခုက ကျွန်တော်နဲ့ကိတ်မုန့်ကို ကာဆီးထားတယ်။ ဒါဟာ မြို့ကလူတွေ ကျွန်တော်တို့ကြွက်တွေကို လှည့်စားတဲ့ လှည့်စားနည်းတစ်မျိုးဖြစ်မယ် ထင်ပါတယ်။ ဆိုင်ထဲကို ကျွန်တော်ချောင်းမြောင်းကြည့်လိုက်တယ်။ ဆိုင်ထဲမှာ လူတွေချည်းပဲ။ အင်္ကျီဖြူဝတ်ထားတဲ့သူ ကြည့်ရတာ အရမ်းရက်စက်မယ့်ပုံပဲ။ လမ်းမပေါ်မှာ ကြုံခဲ့တဲ့အဖြစ်တွေကြောင့် မြို့ပေါ်ကလူတွေကို ကျွန်တော်ကြောက်ရွံ့နေမိတယ်။ နေ့လယ်ကြောင်တောင်မှာ သူတို့မျက်စိအောက်က ကိတ်မုန့်ကိုသွားလုဖို့ ကျွန်တော်သတ္တိရှိမနေခဲ့ဘူး။ မတတ်နိုင်ဘူး... မိုးချုပ်တဲ့အထိ ကျွန်တော်စောင့်ရတော့မယ်။
ရေချောင်းထဲရောက်ချိန် သူ့ကိုကျွန်တော် တင်းတင်းဖက်ထားလိုက်မိတယ်။ ကျွန်တော့်နားရွက်ကို သူ့ဗိုက်နားကပ်ထားလိုက်တယ်။ ဗိုက်ထဲက သားလေးရဲ့အသံကို ကျွန်တော်နားစွင့်မိတယ်။ သူ့ဗိုက်ထဲက တကွိကွိမြည်သံကိုပဲ ကျွန်တော်ကြားလိုက်ရတယ်။ ကျွန်တော့်မျက်လုံးထဲက မျက်ရည်တွေ မျက်ထောင့်ကနေ လျောကျလာခဲ့တယ်။ ဆိုနင့်တဲ့အသံနဲ့ "ဆောရီး ရှင်မရယ်... မောင်နဲ့အတူနေရတာ ရှင်မ ပင်ပန်းလှပါပြီ" လို့ သူ့ကို ကျွန်တော်ပြောမိတယ်။ သူက ကျွန်တော်ခေါင်းထက်က ဘုကို ပွတ်သပ်ပေးရင်း "နာနေသေးလား? မောင်နဲ့အတူနေရတာ ရှင်မ ပျော်ပါတယ်" လို့ ပြောတယ်။
ညအမှောင်ကို ရောက်လာခဲ့ပါပြီ။ သူနဲ့ကျွန်တော် ကိတ်မုန့်ဆိုင်ဖက် အပြေးလေးလာခဲ့တယ်။ ဆိုင်ထဲမှာ လူတစ်ယောက်မှ ရှိမနေတော့ဘူး။ တံခါးအောက်ကနေ ဆိုင်ထဲကို ကျွန်တော်တို့ တိတ်တဆိတ်ဝင်ရောက်ခဲ့ကြတယ်။ ဆိုင်ထဲက နေရာတိုင်းမှာ ကိတ်မုန့်တွေချည်းပဲ။ ကျွန်တော်ရူးမတတ် ပျော်မိတယ်။ သူ့ကိုပွေ့ဖက်နမ်းရှုံ့ရင်း "ရှင်မရေ.. ရှင်မ... ရှင်မဗိုက်ပြည့်အောင် မောင်လုပ်နိုင်ခဲ့ပါပြီ"လို့ ကျွန်တော်ဆိုတယ်။ ဒါပေမယ့် ကျွန်တော်ရဲ့ပျော်ရွှင်မှုက ချက်ချင်းရိုက်ချိုးခံလိုက်ရတယ်။ နေ့လယ်တုန်းကအတိုင်းပဲ ကိတ်မုန့်တွေကို ကြည်လင်တဲ့ဗူးတစ်ခုနဲ့ ခြားထားတာကို တွေ့လိုက်ရတယ်။ ဘယ်လိုလုပ်လုပ် ကိတ်မုန့်ကို ဖွင့်မရခဲ့ဘူး။ မြင်သာမြင်ရပြီး ကိုင်လို့မရခဲ့ဘူး။ ကျွန်တော်စိတ်တွေ လှုပ်ရှားလာပြန်တယ်။
"မောင်.... ဒီမှာ ကိတ်မုန့်တစ်တုံးကျနေတယ်" သူက ကျွန်တော့်ကို အော်ပြောတယ်။
ကျွန်တော်ကြည့်လိုက်တော့ တကယ့်ကိတ်မုန့်တစ်တုံးပါပဲ။ ဒါပေမယ့် ကိတ်မုန့်ဘေးမှာ ညှပ်တစ်ခုကို ကျွန်တော်တွေ့လိုက်တယ်။ မြို့ပေါ်ကလူတွေ ကျွန်တော်တို့ကို ကိတ်မုန့်နဲ့မြူဆွယ်ပြီး ထောင်ဖမ်းဖို့မှန်း ကျွန်တော်သိလိုက်တယ်။ ဒီလိုထောင်ချောက်မျိုးက ကျွန်တော်တို့ တောမှာလည်းရှိတယ်။ ကျွန်တော်မြင်ဖူးခဲ့တာ အကြိမ်ကြိမ်ပါ။ ကိတ်မုန့်ကို တစ်နည်းနည်းနဲ့ရအောင်ယူဖို့ ကျွန်တော်အတွက် မခက်ခဲခဲ့ပါဘူး။ ရွာမှာတုန်းက ကျွန်တော့်အမြီးကိုသုံးပြီး ညှပ်အောက်က လိုချင်တဲ့အရာကို ကျွန်တော်ကော်ကော်ထုတ်ခဲ့ဖူးတယ်။ အဲဒီညှပ်စုတ်တွေ ကျွန်တော်ကို ထိခိုက်အောင် မလုပ်နိုင်ခဲ့ဘူး။ ဒါပေမယ့် မြို့ပေါ်ကလူတွေက ကောက်ကျစ်ကြတယ်။ သူတို့ရဲ့ညှပ်ကလည်း ကောက်ကျစ်မယ် ထင်ပါတယ်။ ဒါပေမယ့် သူ့အတွက်နဲ့ ကျွန်တော်ကြိုးစားကြည့်ဦးမယ်။
မြေပေါ်မှာ ကျွန်တော်တွားသွားလိုက်တယ်။ ဂရုတစိုက်နဲ့ အမြီးကို ညှပ်အောက်ထဲထိုးထည့်ပြီး ကိတ်မုန့်ကို ကော်လိုက်တယ်။ တစ်လက်မ၊ နှစ်လက်မ၊ သုံးလက်မ.... ညှပ်ထဲကနေ ကိတ်မုန့်တဖြေးဖြေး အပြင်ထွက်လာခဲ့တယ်။
"ဗိုက်ထဲက ကလေးအတွက် ဒီကိတ်မုန့်ကို အကုန်စားလိုက်ပါ ရှင်မ" သူ့ကို ကျွန်တော်အမိန့်ပေးလိုက်တယ်။
"ဟင့်အင်း... မောင့်တစ်ဝက်၊ ရှင်မ တစ်ဝက်စားမယ်"
သူ့အပြောကို ကျွန်တော်ဂရုမစိုက်ဘဲ ကိတ်မုန့်ကို သူ့ပါးစပ်ထဲ ထိုးထည့်ပေးလိုက်တယ်။
"စားစမ်းပါ..."
ကျွန်တော် အသံမာမာနဲ့ပြောမိတယ်။ ဒါဟာ လက်ထပ်ပြီး ပထမဆုံးအကြိမ် သူ့ကို အသံမာမာနဲ့ ပြောခြင်းပါပဲ။
ကိတ်မုန့်စားပြီး အချိန်သိပ်မကြာလိုက်ပါဘူး။ ရုတ်တရက် သူမြေပြင်ပေါ်မှာ လူးလွန်းရင်း "နာလိုက်တာ... နာလိုက်တာ...." လို့ ထအော်တယ်။
ကျွန်တော့်စိတ် တုန်ခနဲဖြစ်သွားမိတယ်။ သွားပြီ.... မြို့ကလူတွေ သိပ်ရက်စက်တယ်။ ညှပ်သုံးတဲ့အပြင် မျှားစာဖြစ်တဲ့ ကိတ်မုန့်ထဲမှာလည်း ကြွက်သတ်ဆေးတွေ ထည့်ထားတယ်။ ရွာကလူတွေက ဒီလိုမလုပ်တတ်ခဲ့ဘူး။ မြို့ပေါ်ကလူတွေ ကောက်ကျစ်လိုက်တာ.....
"ရေ... ရေ... ငတ်တယ်.. ရေငတ်တယ်..."
သူအသံမြင့်နဲ့ အော်တယ်။ ကျွန်တော်ရူးတော့တယ်။ ရေလိုက်ရှာတော့ အိမ်တစ်အိမ်လုံးမှာ ရေတစ်စက်တောင် မတွေ့လိုက်ရဘူး။
ကျွန်တော့်မှာ တံတွေးရှိတယ်.... သူ့ပါးစပ်နဲ့တေ့ပြီး တံတွေးတွေ ထုတ်နိုင်သမျှ ကျွန်တော်ထုတ်တယ်။ ရင်ဘတ်ထဲက သည်းခြေရည်တွေတောင် ထွက်မတတ် ကျွန်တော်ထွေးထုတ်နေမိတယ်။ ကျွန်တော်အာခေါက်တွေ ကွဲကြေမတတ်ပါပဲ။ ကျွန်တော်တံတွေးတွေ ထွက်မလာခဲ့တော့သလို သူ့အသံလည်း တဖြည်းဖြည်း တိုးတိုးလာခဲ့တယ်။ သူ့ပါးစပ်ထဲကနေ သွေးတွေ ထွက်စပြုလာတယ်....
ကျွန်တော်အပါး သေမင်းချည်းကပ်လာတာ ဒီလောက်မြန်ဆန်လိုက်မယ်လို့ ကျွန်တော်တစ်ခါမှ တွေးမထားမိခဲ့ဘူး။ သူ့ကို ကျွန်တော်တင်းတင်း ဖက်ထားမိတယ်။ အရူးတစ်ယောက်လို သူ့နှုတ်ခမ်းထောင့်က သွေးတွေကို သုတ်ပေးနေတယ်။ ဒါပေမယ့် သွေးထွက်တဲ့နှုန်းတက်က ကျွန်တော်သုတ်ပေးတဲ့နှုန်းထက် မြန်နေခဲ့တယ်။ ကျွန်တော့်အပါးကနေ သူထာဝရခွဲသွားတော့မယ်၊ သူ့ကို ကျွန်တော်ဒီတစ်သက် ဆုံးရှုံးရတော့မယ်ဆိုတာကို ကျွန်တော်ကောင်းကောင်းသိလိုက်တယ်။
ကျွန်တော် မငိုဘူး... ကျွန်တော် မငိုဘူး... ကျွန်တော် မငိုဘူး.... ကျွန်တော် လုံးဝ မငိုဘူး....
သူ့ကိုဖက်ရင်း ဘေးကညှပ်ပေါ် ကျွန်တော်ခုန်တက်လိုက်တယ်။
"ဖောင်း......"
ခါးရိုးကျိုးသံကို ကျွန်တော်ရှင်းရှင်းလင်းလင်း ကြားလိုက်ရတယ်။
ကျွန်တော် မနာဘူး.. ကျွန်တော် မနာဘူး.... ကျွန်တော် မနာဘူး.. ကျွန်တော် နည်းနည်းမှ မနာဘူး.....
သူ့မျက်နှာကို နမ်းရှုံ့ရင်း အသံတိုးတိုးလေးနဲ့ သူ့ကိုပြောချင်တဲ့ နောက်ဆုံးစကားတစ်ခွန်းကို ကျွန်တော်ပြောလိုက်ပါတယ်။
"ရှင်မရယ်.. တကယ်လို့ နောင်ဘဝသာရှိမယ်ဆိုရင် ကြွက်ကလေးနှစ်ကောင်ပဲ ငါတို့လုပ်ပါရစေ။ ထုံထုံအအနဲ့ အချင်းချင်းချစ်ကြပြီး ရိုးရိုးရှင်းရှင်းနဲ့ ဘဝကိုဖြတ်ကျော်ကြမယ်။ နှင်းတွေကျနေပါစေ မြက်ခြောက်ပုံထဲမှာ နွေးနွေးထွေးထွေးနေပြီး ရှင်မကို တင်းတင်းကျပ်ကျပ် ဖက်ထားမယ်။ နောက်ပြီး....နောက်ပြီး.... ရှင်မ... ရှင်မရဲ့ နားရွက်ကို ညင်ညင်သာသာ ကိုက်ကစားမယ်.........."
Tuesday, February 1, 2011
ချစ်သူစိတ်ကောက်နေ၇င်ဘာလုပ်ရမလဲ့ 
နည်းလမ်းတွေ
(၁) သင့်ချစ်သူကို သင့်သူငယ်ချင်းတွေနဲ့ မိတ်ဆက်ပေးတဲ့အခါ သူ့ခါးလေးကိုဖက်ပြီး
မိတ်ဆက်ပါ။ တစ်နေရာဆီမှာ ရပ်ပြီး လက်ညှိုးထိုး မိတ်မဆက်ပါနဲ့။
(၂) ကောင်မလေး လှလှလေးတွေကို ငမ်းတဲ့အခါ အချိန်ငါးစက္ကန့်ထက် မပိုပါစေနဲ့။
ပြီးတော့ အဲဒီကောင်မလေးဟာ ချစ်သူလောက် မလှကြောင်း ချက်ချင်းပြောတတ်ပါစေ။
(၃) သင့်ကို ချစ်သူအနိုင်ကျင့်လို့ရတယ်။ ဒါပေမယ့် ချစ်သူကို သင်လုံးဝ
အနိုင်မကျင့်ပါနဲ့။ သင့်ကို ချစ်သူအနိုင်ကျင့်တယ်ဆိုလည်း
ကောင်းတဲ့အရာလေးတွေတွေ့တိုင်း သင့်ကို သူပထမဆုံး သတိရတတ်လို့ပါပဲ။
(၄) ချစ်သူငိုတဲ့အခါ ချော့ပါ... စိတ်မပျက်စတမ်း ချော့ပါ။ ချစ်သူပြုံးရယ်တဲ့အထိ
ချော့ပါ။
(၅) ချစ်သူဓာတ်ပုံကို ပိုက်ဆံအိတ်ထဲ ထည့်ထားပါ။ ဟန်းဖုန်းပေါ် ကပ်ထားပါ။
သူအမြဲတွေ့နိုင်တဲ့နေရာတွေမှာ ထည့်ထားပါ။
(၆) သူ့သူငယ်ချင်းတွေရှေ့မှာ သူ့ကို ခါတိုင်းထက် ပိုချစ်ပြ၊ ပိုဂရုစိုက်ပြတာကို
သူမျှော်လင့်တတ်တယ်။
(၇) "ဘယ်သွားရင် ကောင်းမလဲ?" "ဘာစားရင် ကောင်းမလဲ?" လို့ ချစ်သူမေးတဲ့အခါ "ခင့်
သဘော.. ခင်ကြိုက်တာစား" ချည်းပဲ မဖြေပါနဲ့။
ဒါဟာ သူ့ကိုဦးစားပေးရာမရောက်ဘဲ သင်စိတ်မပါရာဖြစ်သွားတတ်တယ်။
(၈) "ခင့်ကိုချစ်တယ်" လို့ မကြာခဏပြောပေးပါ။ နို့မဟုတ်ရင် သူ့ကို
သင်မချစ်ဘူးလို့ သူယူဆတတ်တယ်။
(၉) ဘယ်တော့မှ လူအများကြားမှာ၊ လူတွေရှေ့မှာ ချစ်သူကို မအော်ငေါက်ပါနဲ့။
ချစ်သူတစ်ယောက်တည်း ထားမခဲ့ပါနဲ့။
(၁ဝ) အမှားလုပ်မိတဲ့သူ့ကို သင် ဆုံးမလို့ရတယ်။ ဒါပေမယ့် ဆုံးမပြီးနောက် သူ့ကို
ချော့ပါ... ဒါဟာ အရေးကြီးတဲ့အချက်ဖြစ်တယ်။
(၁၁) သူစိတ်ကောက်တဲ့အခါ သူ့ကိုပစ်မထားနဲ့။
သူစိတ်ကောက်ပြေဖို့လည်း အချိန်မပေးနဲ့။ တကယ်တော့ စိတ်ကောက်ပြေဖို့
သူအချိန်မလိုပါဘူး။ အချော့ပဲလိုပါတယ်။
(၁၂) သင့်သူငယ်ချင်းတွေနဲ့ သင်ပျော်ပါးလည်ပတ်လို့ရတယ်။ ဒါပေမယ့်
သူ့ကိုအချိန်ပိုပေးဖို့ မမေ့ပါနဲ့။
(၁၃) သင့်ကို သူလွမ်းတယ်လို့ ပြောတဲ့အခါ သူနဲ့ချိန်းတွေ့ဖို့ အချိန်ပေးပါ။
(၁၄) တခြားမိန်းကလေးတစ်ယောက်နဲ့ သင်စကားပြောတဲ့အခါ ချစ်သူလက်ကို တွဲထားပါ။
တကယ်လို့ ချစ်သူအနားမှာ ရှိမနေခဲ့ရင်
အဲဒီမိန်းကလေးနဲ့ ခပ်ခွာခွာရပ်ပြီးမှ ပြောပါ။
(၁၅) လမ်းဖြတ်ကူးတဲ့အခါ သူ့လက်ကို တွဲထားဖို့ မမေ့ပါနဲ့။
(၁၆) ဘယ်လောက်ပဲ အလုပ်များနေပါစေ.. သူ့ကို ဖုန်းဆက်ဖို့ မမေ့ပါနဲ့။
(၁၇) မကြာခဏ သူ့ကို သီချင်းဆိုပြပါ။
(၁၈) နှစ်ယောက်စလုံးမှာ စိတ်တိုဒေါသထွက်ခွင့် ရှိတယ်။ ဒါပေမယ့် တစ်ရက်တည်း၊
တစ်ချိန်တည်းမှာ ဒေါသမထွက်ပါနဲ့၊ စိတ်မတိုပါနဲ့။
သူစိတ်တိုတဲ့နေ့ သင်စိတ်မတိုပါနဲ့။
(၁၉) သူ့အလုပ်မှာ အဆင်မပြေတဲ့အခါ၊ သူ့ဘဝ အဆင်မပြေတဲ့အခါ သူနဲ့အတူ ဆွေးနွေးပါ။
အကြံပေးပါ။
(၂ဝ) တခြားကောင်မလေးကို ကြည့်တဲ့အကြည့် ငါးစက္ကန့်ထက် မပိုစေနဲ့။
ကောင်မလေးတစ်ယောက်တည်းကို ကြည့်တဲ့အကြည့်
ငါးကြိမ်ထက် မပိုစေနဲ့။
(၂၁) တလောကလုံး သူ့ကိုမယုံကြည်တဲ့အခါ သူ့ကို သင်ယုံကြည်ရမယ်။ သူလည်း သင့်ကို
ဒီအတိုင်းပဲ ဆက်ဆံလိမ့်မယ်။
(၂၂) သူအဝတ်အစား အသစ်ဝတ်တဲ့အခါ ချီးကျူးဖို့ မမေ့ပါနဲ့။ (မပေါ်တပေါ်ကို
ဆိုလိုတာမဟုတ်ဘူးနော်း)
(၂၃) ချစ်သူနဲ့ ရန်ဖြစ်တဲ့အချိန် (၃)မိနစ်ထက် မကျော်စေနဲ့။ အသံနှုန်း ၂ဝ
decibel  ထက်မမြင့်စေနဲ့။
(decibel - ဒယ်ဆီဘယ်၊ အသံအတိုးအကျယ်ကို တိုင်းတာသည့် အခြေခံယူနစ်)
(၂၄) အားကစာလိုက်စားပါ။ ခန္ဓာကိုယ် တောင့်တင်းအောင် ကျင့်ပါ။ သူ့ကို
ပွေ့မ,နိုင်အောင် ကျင့်ပါ။
(၂၅) သူ စိတ်ထိခိုက်၊ ဒေါသထွက်တဲ့အခါ သူ့ကိုဖက်ထားလိုက်ပါ။ သူနဲ့ ငြင်းခုန်
ဖြေရှင်းဖို့ မကြိုးစားပါနဲ့။
(၂၆) ဖုန်းဓာတ်ခဲကုန်သွားလို့ဆိုတဲ့ အဖြစ်မျိုး မဖြစ်ဖို့ မျှော်လင့်ပါတယ်။
အပြင်ထွက်တဲ့အခါ သင်ဘယ်ရောက်နေတယ်၊
ဘာလုပ်နေတယ်ဆိုတာမျိုး သူ့ဆီဖုန်းဆက်ပြီး ပြောပြနိုင်ရင် အကောင်းဆုံးပါ။
(၂၇) သူ့အားနည်းချက်တွေနဲ့ သူစိတ်ညစ်ဝမ်းနည်းနေတဲ့အခါ အဲဒီအားနည်းချက်ကို
ထပ်တလဲလဲ ထုတ်ဖော်မပြောပါနဲ့။
(၂၈) အကျိုးအကြောင်းမသင့် သူပြောတာဟာ သူရိုင်းစိုင်းတာ မဟုတ်ပါဘူး။
သူချွဲနွဲ့တာပါ။
(၂၉) ဘာအကြောင်းပဲရှိရှိ သင်နဲ့အတူ သူ မျှဝေလိမ့်မယ်။ သူပြောသမျှ
သင်နားလည်ချင်မှလည်း နားလည်မယ်။
ဒါပေမယ့် သူပြောသမျှ သင်နားထောင် ဟန်ဆောင်လိုက်ပါ။
(၃ဝ) သူမှန်တယ်လို့ အမြဲထင်မြင်ပေးပါ။ ဘာကြောင့်လဲဆိုတော့ သင်ဟာ
သူ့အချစ်ဆုံးဖြစ်နေလို့ပါပဲ။
By ma ma sint
Sunday, January 30, 2011
စာနာမှုနဲ့ ဖေးကူပါ
စာနာမှုနဲ့ ဖေးကူပါ။...
အမေရိကန်နိုင်ငံသားလူငယ်လေးတစ်ေ
ယာက် အစစအရာရာ ပြည့် စုံတဲ့ အတိုင်းအဝိုင်းထဲ့ က တစ်ဦးတည်းသောသားဆိုပါတော့ ။ အဲ့ ဒီလူငယ်လေးက အထက်တန်းကျောင်းအောင်ပြီးတာနဲ့  နိုင်ငံအတွက် စစ်မှုကိုထမ်းချင်တယ်လို့ မိဘကိုခွင့် ပန်ခဲ့ သတဲ့ ။ မိဘကလည်း မိမိနိုင်ငံအတွက် လုပ်တဲ့ အလုပ်ပဲ့ ကောင်းတာပေါ့ ဆိုပြီးခွင့် ပြုခဲ့ တယ်။  တစ်နေ့ မှာ မူ  နိုင်ငံ့ တာဝန်ကို ပြည်ပသို့ ထွက်ခွာ ပြီးတာဝန်ထမ်းဆောင်ရန် အမိန့် စာ ရလေသတဲ့ ။    ကမ္ဘာပေါ်မှာရှိတဲ့  လူကြီးလူငယ်တိုင်းသိတဲ့ ဗီယက်နမ် စစ်ပွဲကြီးထဲ့ ကိုပေါလေ။ ထိုစစ်မြေပြင်ထဲ့ ၌သုံးနှစ်ခန့် ကြာသောအခါ စစ်သားလေး သူ့ အမေကိုဖုန်းဆက်သည်။ ပုံမှန်ပြောနေကျစကားတွေကိုမပြောတော့ ပဲ့ ဒီတစ်ခါမှာ.. "သား"..အမေ...သားမကြာခင်တစ်လလောက်ဆိုပြန်လာတော့ မယ်။   အလားတူပင် နှစ်ရက် အကြာတွင် ယခင်က စကားအတိုင်းထပ်ပြောပြီး ဖုန်းချလိုက်ပြန်သည်။ တစ်ရက်အကြာတွင်ဖုန်းထပ်ဆက်ပြန်သည်။   "သား" အမေ...သားမကြာခင်ပြန်လာတော့ မယ်။ ဒါပေမယ့် အမေ့ ကိုပြောစရာရှိတယ်ဟု့ ပြောသည်။  "အမေ "
ပြောလေသား..ဘာပြောမှာလဲ့ လို့ ပြန်ဖြေလိုက်သည်။ " သား"  သားမှာအချစ်ဆုံးသူငယ်ချင်းတစ်ယောက်ရှိတယ်အမေ။ သူကသားနဲ့ စစ်မြေပြင်မှာ အေးအတူပူအမျှ သေတူရှင်ဖက်တိုက်ပွဲဝင်တဲ့ အချစ်ဆုံးသူငယ်ချင်းဖြစ်ပါတယ်။ ကျနော်သူ့ကိုအရမ်းခင်တယ်အမေ၊သူလည်းသူ့ ကိုယ်သူချစ်သလောက်သားကိုချစ်တယ်အမေဟုပြောပြီးဆက်ပြောသည်။် သူ့ ကို အမေရိကမှာ သားနဲ့ အတူခေါ်ခဲ့ ချင်တယ်အမေဟုပြောသည်။ "အမေက" အော်..ခေါ်လာခဲ့ ပေါ့ သားရယ်..သားရဲ့ အချစ်ဆုံးသူငယ်ချင်းပဲ့ ..သားအတွက်အဖော်လည်းရတာပေါ့ ။  ဒါပေမယ့် သားအမေ့ ကို တောင်းခံစရာ ရှိတယ်အမေဟု မရဲ့ မဝံ့ ပြောပြီးမိနစ်အနည်းငယ်ကြာအောင်ငြိမ်သွားပြီးနောက်...
သားသူငယ်ချင်းက စစ်မြေပြင်မှာ မိုင်းဗုံးထိလို့  သူ့ ခြေထောက်နှစ်ဖက်စလုံး မရှိတော့ ဘူးအမေလို့ ပြောရင်းအမေ့ ဆီကတုန့် ပြန်စကားကိုငြိမ်သက်စွာနားထောင်လေတော့ သည်။ "အမေ" ဘုရားရေ...သားရယ်..သားရဲ့ သူငယ်ချင်းကဒုက္ခိတ  ဆိုတော့  မလွယ်ဘူးထင်တယ်သားရယ်။ အမေကအလုပ်နှစ်လုပ် လုပ်တာလေ။အဲ့ ဒီတော့ သူ့ ကိုပြုစုဖို့  အမေ့ မှာ အချိန်မရှိဘူးလေသားရယ်. မိသားစုအတွက်သူက အပူအပင်ဒုက္ခအိုးကြီးတစ်ခုဖြစ်သွားမှာပေါ့ လို့ ပြန်ပြောလိုက်သည်။ စစ်သားလေးမှာ မျှော်လင့် ချက်မဲ့ သော ငိုရှိုက်သံဖြင့် ဘာမှမပြောပဲ့ ဖုန်းချလိုက်သည်။။။
သုံးရက်လောက်အကြာတွင်အမေရိကနိုင်ငံရှိ မိဘများရှိရာအိမ်ရှေ့ သို့ အရေးပေါ်ကားတစ်စီးရောက်လာသည်။ မိခင်သည် ရုတ်တရပ် အိမ်ထဲ့ မှ ထွက်ကြည့် သည်မှာ. အလောင်းတစ်လောင်းနဲ့  ဝီးချဲ့ (wheel chair )တစ်စီးတွေ့ ရသည်။ ထိုအလောင်းမှာ သူတို့ ၏တစ်ဦးတည်းသောသားပင်ဖြစ်လေ၏။ ဝှီးချဲ့ နဲ့ အတူစာတစ်စောင်ပါလာသည်။  စာထဲ့ မှာ "အမေနဲ့ အဖေ.. သားမရှိတော့ ပေမဲ့  သားရဲ့ ဝှီးချဲ့ လေးကို စောင့် ရှောက်ပေးပါ။"  ဟုရေးထားလေသည်။  အကယ်စင်စစ်တွင် သားရဲ့ အချစ်ဆုံးသူငယ်ချင်းခြေထောက်နှစ်ဖက်စလုံးမရှိသူ ဒုက္ခိတ ဆိုသူမှာ ထိုမိဘနှစ်ပါးရဲ့ တစ်ဦးတည်းသော သား စစ်သားလေးပင်ဖြစ်လေသည်။ စစ်သားလေးခမျာ်သူ ဒုက္ခိတဖြစ်နေသောအကြောင်းကို့ မိဘနှစ်ပါးအားတိုက်ရိုက် မပြောဝံ့ ပဲ့ သူ့  မိဘများ၏သဘောထားကိုသိလိုသောကြောင့်  သူငယ်ချင်းဟု တွယ်ဝှိုက်ပြောရခြင်းဖြစ်ပါသည်။ သို့ သော် ဒုက္ခသည် က မိသားစုအတွက် အပူပင်ဒုက္ခအိုးကြီးတစ်ခုဟု မိဘတို့ ၏တုန်းပြန်စကားကိုကြားရသဖြင့် သူ့ ကိုယ်သူအဆုံးစီရင်ရခြင်းဖြစ်ပါသည်။ .........
ဆရာမရဲ့ ရင်ထဲ့ က စကားတွေကိုကြားလိုက်တဲ့ အခါ ကျွန်တော့် ရင်ထဲ့ မှာ ...ဩော် ငါတစ်ယောက်တည်းလောက မှာ အပူပင်ရှိတဲ့ လူ၊ဒုက္ဒရောက်တဲ့ သူမဟုတ်ဘူးပဲ့  လူတိုင်းမှာ မတူညီတဲ့ အခက်အခဲ့  အပူအပင်ရှိကြတာပဲ့ ဆိုတာကိုရင်ထဲ့ နှစ်နှစ်ခါခါခံစားရပါတယ်။ တကယ်တော့ ကျွန်တော် လွန်ခဲ့ တဲ့ အပါတ်တုန်းက မြန်မာပြည်အကြောင်းနဲ့  ကျွန်တော့် ရဲ့ ဒုက္ဒပြသနာတွေကို ဆရာမ မျက်ရည်ကျ့အောင်ရင်ဖွင့် ခဲ့ တုန်းကဆို အမေရိကန်နိုင်ငံသားတွေမှာ ဘာအခက်အခဲ့ မှ ငါလောက်ခက်ခဲ့ တာရှိမှာမဟုတ်ဘူးလို့ ထင်ခဲ့ တာ။  ဩော်..ခုကျတော့ လူတိုင်းမှာ အခက်ခဲ့ ဆိုတာရှိကြမှာပဲ့  တစ်ယောက်နဲ့ တစ်ယောက်အခက်ခဲ့ ချင်းကတာ မတူညီကြတာပဲ့ လားဆိုတာ ကျတော့် ဘဝအတွက် သင်ခန်းစာတစ်ခု လို့ လည်းရင်ထဲ့ မှာ တံဆိတ်ခက် မှတ်ထားလိုက်ပါတယ်။
နောက်တစ်ခုကတော့ ဆရာမပြောသွားတဲ့ အကောင်းဆုံး (ဥပမာ)ပုံပြင်ထဲ့ ကလိုပဲ့  အခက်ခဲ့ ၊ဒုက္ဒ၊ပြသနာ အထွေထွေ ဆိုတာဟာ သူများဆီမှာ ပဲ့ အမြဲ့ ရှိနေမှာ မဟုတ်ပါဘူး တစ်နေ့ မမျှော်လင့် ပဲ့ ကိုယ့် ဘဝထဲ့ ကိုဆိုးကျိုးတွေရောက်လာနိုင်ပါတယ်။ အဲ့ ဒါကြောင့် ကျွန်တော်ပြောချင်တာက လူမျိုးဘာသာမရွေး၊ဂိုဏ်းဂဏမခွဲ၊ ဆင်းရဲ့ ချမ်းသာ၊ မျက်ကမ်းမျက်မြင်၊ လူအ လူတော်၊ သန်မာသည်ဖြစ်စေ ချိနှဲ သည်ဖြစ်စေ အရောင်အဆင့် တန်းမခွဲ့ ပဲ့ ကူညီဖေးမ လက်တွဲ ရိုင်းပင်းကြပါစို့ လားလို့ ..
ရေးသူ ..ပီတာလင်း
Wednesday, January 26, 2011
ဘု၇ားသခင်ပေးတြ့ ကြွက်တစ်ကောင်
http://www.99sanay.com/ မှကူး
ယူဖော်ပြပါသည်။
ဘုရားသခင်ပေးတဲ့ ကြွက်တစ်ကောင်
သူဟာ တစ်ယောက်တည်း အထီးကျန်နေတဲ့ ပန်းချီဆရာတစ်ဦးဖြစ်တယ်။
စိတ်ကူးအိပ်မက်တွေကလွဲလို့ သူ့မှာ ဘာမှမရှိခဲ့ပါဘူး။
စိတ်ကူးအိပ်မက်တွေကို အကောင်အထည်ဖော်ဖို့ ဟိုးအဝေးက Kansasဆိုတဲ့မြို့ကို
သူခရီးထွက်ခဲ့တယ်။
မြို့ရောက်တာနဲ့ သတင်းစာတိုက်တစ်တိုက်မှာ သူအလုပ်လျှောက်ခဲ့တယ်။
သတင်းစာအတွက် လိုအပ်တဲ့သရုပ်ဖော်၊ ဆောင်းပါးတွေကို
သူရေးနိုင်ကြောင်းလျှောက်ခဲ့ပေမယ့် တာဝန်ရှိသူတွေက သူ့ဆောင်းပါးတွေကို
ဆန်းသစ်ဆွဲဆောင်မှု မရှိဘူးဆိုပြီး ခေါင်းခါငြင်းဆန်ခဲ့ကြတယ်။
အငြင်းဆန်ခံရတဲ့သူဟာ အပြင်ထွက်ပြီး အလုပ်လုပ်ဖို့ကြိုးစားနေကြတဲ့
တစ်ခြားလူငယ်တွေလို ကျရှုံးခြင်း၊ မျှော်လင့်ချက်မဲ့ခြင်း၊
စိတ်ဓာတ်ကျခြင်း စတဲ့အရသာကို ပထမဆုံးအကြိမ် ခံစားခဲ့ရတယ်။
နောက်ဆုံးမှာ ဘုရားကျောင်းအတွက် ပန်းချီဆွဲပေးရတဲ့အလုပ်ကို သူရခဲ့တယ်။
ဒါပေမယ့် ရတဲ့လုပ်အားခက နည်းလွန်းတာကြောင့် အခန်းမငှားနိုင်ခဲ့ရှာဘူး။
အဲဒီလိုနဲ့ စွန့်ပစ်ကားဂိုဒေါင်တစ်ခုကို အခမဲ့ငှားရမ်းပြီး
သူ့ရဲ့ယာယီအလုပ်ခန်းလေး လုပ်ခဲ့တယ်။ ဓာတ်ဆီနံ့၊ ဆီချေးနံ့တွေနံစော်နေတဲ့
ဂိုဒေါင်ထဲမှာနေပြီး နေ့တိုင်း ညဥ့်နက်သည့်တိုင် သူအလုပ်လုပ်ခဲ့တယ်။
အခန်းထဲမှာနေတဲ့ အတောအတွင်း သူ့ကို စိတ်အနှောင့်အယှက်ဖြစ်စေတဲ့အရာက
ကြွက်ပဲဖြစ်တယ်။ သူအိပ်ချိန်မီးပိတ်လိုက်တာနဲ့ ကြမ်းပြင်ပေါ်မှာ
တကျိကျိအော်မြည်ပြီး ပြေးလွှားနေတဲ့ကြွက်သံကို သူကြားခဲ့ရတယ်။ ဒါပေမယ့်
နောက်တစ်ရက်မှာ အင်အားအပြည့်နဲ့ အလုပ်လုပ်နိုင်ဖို့
အဲဒီအသံတွေကိုသည်းခံပြီး သူအိပ်ခဲ့တယ်။ ပင်ပန်းတဲ့အတွက် ခေါင်းချတာနဲ့
သူအိပ်မောကျသွားတတ်တယ်။ ဒီလိုနဲ့ ကားဂိုဒေါင်ဟောင်းလေးထဲမှာ ဆင်းရဲသား
ပန်းချီဆရာတစ်ဦးနဲ့ ကြွက်တစ်ကောင်တို့ဟာ အတူတကွ နေထိုင်ခဲ့ကြတယ်။
တစ်ညမှာ ခေါင်းငိုက်စိုက်အလုပ်လုပ်နေရာက ညောင်းညာတဲ့ဒဏ်ကြောင့် ရုတ်တရက်
အကြောဆန့်ဖို့ သူခေါင်းထောင်လိုက်တဲ့အချိန် ဝါကျင်ကျင်မီးရောင်အောက်က
လင်းလက်နေတဲ့မျက်လုံးတစ်စုံကို သွားတွေ့မိတယ်။ ဒီလိုကြွက်တစ်ကောင်ကို
လွန်ခဲ့တဲ့နှစ်တွေမှာသာ သူတွေ့မိခဲ့ရင် နည်းအမျိုးမျိုးသုံးပြီး
သတ်မိမှာအမှန်ပါပဲ။ ဒါပေမယ့် အခုချိန်မှာ သူ့အတွက် ကြွက်ရှင်တစ်ကောင်ဟာ
ကြွက်သေတစ်ကောင်ထက် ပိုစိတ်ဝင်စားစရာကောင်းနိုင်မယ်လို့ သူထင်ခဲ့တယ်။
အနုပညာရှင်ကြီးတွေမှာရှိသင့်တဲ့ စိတ်ဓာတ်မျိုးနဲ့ ဆင်းရဲဒုက္ခတွေကို
ခါးစည်းခံဖို့ သူပြင်ဆင်ဆုံးဖြတ်လိုက်ပြီး သူ့အတွက်တစ်ဦးတည်းသောအဖော်
ချစ်စရာကောင်းတဲ့ ကြွက်ကလေးကို သူပြုံးပြီးကြည့်လိုက်မိတယ်။ ဒါပေမယ့်
ကြွက်ကလေးက အရိပ်တစ်ခုလို လှစ်ခနဲသူရှေ့က ပျောက်ကွယ်သွားခဲ့ပါတယ်။
ပြတင်းပေါက်အပြင်ဘက်က လေတိုးသံကို နားစွင့်နေရင်း သူ့အနားမှာ
ကြွက်ကလေးတစ်ကောင် ရှိနေခဲ့လို့ သူဟာ အထီးကျန်သူတစ်ယောက် မဟုတ်ကြောင်း
ခံစားမိလိုက်တယ်။ ကြွက်ကလေးဟာ ရှက်သွေးဖြာပြီး ထွက်ပြေးသွားတဲ့
မိန်းမလှလေးလို သူ့အနား ပြန်လာဦးမယ်ဆိုတာကို ယုံကြည်ရင်း အလုပ်တွေကို
သူဆက်လုပ်နေခဲ့တယ်။
သူယုံကြည်တဲ့အတိုင်း ကြွက်ကလေးက တစ်ကြိမ်ပြီးတစ်ကြိမ်
သူ့အနားရောက်ရောက်လာခဲ့တယ်။ ညအချိန်သာမက နေ့အချိန်မှာလည်း ထွက်လာတတ်တဲ့
ကြွက်ကလေးကို သူမခြောက်လှန့်ခဲ့မိသလို၊ ထိခိုက်နာကျင်အောင်လည်း
မလုပ်ခဲ့မိဘူး။ ကြမ်းပြင်ပေါ်က ကြွက်ကလေးဟာ ပုံစံအမျိုးမျိုးနဲ့
သူ့ကိုဖြေဖျော်နေခဲ့တယ်။ ပွဲကြည့်သူပရိသတ်အဖြစ်နဲ့ ကြွက်ကလေးကို
ပေါင်မုန့်အနားသားတွေ ဖဲ့ခြွေပြီး သူဆုချခဲ့တယ်။
တဖြေးဖြေး သူတို့ကြားမှာ အချင်းချင်းယုံကြည်မှုတွေရှိလာခဲ့ပြီး
မိတ်ဆွေဖွဲ့လာနိုင်ခဲ့တယ်။ စစချင်းမှာ ကြွက်ကလေးဟာ
သူနဲ့အတန်ငယ်ဝေးတဲ့နေရာမှာပဲ နေရဲခဲ့တယ်။ နာကျင်ထိခိုက်အောင်
သူမလုပ်မှန်းသိမှ တဖြေးဖြေး အနားကပ်လာရဲခဲ့တယ်။ နောက်ဆုံးမှာ ကြွက်ကလေးဟာ
သူပန်းချီဆွဲနေတဲ့ ခုံပေါ်အထိ ခုန်တက်ရဲခဲ့ပြီး စတိုင်လ်အမျိုးမျိုးနဲ့
သူ့ကိုဖြေဖျော်နေခဲ့တယ်။ ကြွက်ကလေးကို သူမမောင်းထုတ်ရက်ခဲ့ဘူး။
ပုံစံအမျိုးမျိုးနဲ့ ပြေးလွှားဆော့ကစားနေတဲ့ ကြွက်ကိုပဲ တိတ်တဆိတ်
သူငေးကြည့်နေခဲ့မိတယ်။
အချင်းချင်းယုံကြည်မှုက လှပတဲ့ပတ်ဝန်းကျင်တွေကို ဖန်ဆင်းနိုင်ပါတယ်။
သိပ်မကြာခင်မှာ ပန်းချီဆရာဟာ Kansasမြို့ကိုစွန့်ပြီး ဟော်လီဝှဒ်မှာ
ကာတွန်းကားတစ်ကား ရေးဆွဲပေးဖို့ ရောက်သွားခဲ့တယ်။ ဒါဟာ သူ့အတွက်
အလွယ်တကူမရနိုင်တဲ့ အခွင့်အရေးဖြစ်တဲ့အပြင် သူ့ရဲ့တွေးတောမှုတွေကို
ဖွင့်လှစ်ပေးတဲ့ တံခါးတစ်ချပ်လည်းဖြစ်ခဲ့တယ်။ ဒါပေမယ့် ကံမကောင်းစွာနဲ့
နောက်တစ်ကြိမ် ကျရှုံးခြင်းနဲ့ သူထပ်မှန်ရင်ဆိုင်ခဲ့ရရုံမက ကုန်းကောက်စရာ
ငွေကြေးမရှိတဲ့အပြင် အလုပ်လက်မဲ့ဖြစ်ခဲ့ရတယ်။
ရှုံးနိမ့်တဲ့ဒဏ်၊ စိတ်ဓာတ်ကျခြင်းတွေနဲ့ မှောင်နက်မည်းမည်းအခန်းထဲမှာ
ညအတော်များများကို မအိပ်ဘဲ ငုတ်တုတ်ထိုင်ပြီး သူဖြတ်သန်းခဲ့တယ်။
သူ့အရည်အချင်းနဲ့ သူ့လုပ်နိုင်စွမ်းကို စပြီး သူသံသယရှိလာခဲ့မိတယ်။
တကယ်ပဲ အသုံးမကျသူအဖြစ် သူ့ကိုယ်သူ ယုံမှားလာခဲ့မိတယ်။
ထွက်ပေါက်တစ်ခုအတွက် သူ့ကိုယ်သူ ဆန်းစစ်ခဲ့မိတယ်။
ဒုက္ခဆင်းရဲတွေနဲ့ ဘဝယိမ်းယိုင်နေချိန် တစ်ညမှာ Kansasမြို့မှာဆုံခဲ့တဲ့
ကြွက်ကလေးကို ရုတ်တရက် သူသတိရလာခဲ့မိတယ်။ ကြမ်းပြင်ပေါ်မှာ
ခုန်ပေါက်ပြေးလွှားနေတဲ့ ကြွက်ကလေးကို မြင်ယောင်ရင်း လင်းလက်တဲ့အတွေးတစ်စ
သူခေါင်းထဲဝင်လာခဲ့တယ်ဆိုရင်ပဲ နေရာကအမြန်ထပြီး ကြွက်ပုံတစ်ပုံကို
သူရေးဆွဲလိုက်မိတယ်။
ဒီလိုနဲ့ သူရဲ့စုတ်တံအောက်ကနေ ခေတ်အဆက်ဆက် နာမည်ကြီးခဲ့တဲ့ Mickey
Mouseဆိုတဲ့ ကြွက်တစ်ကောင် မွေးဖွားလာခဲ့တယ်။
အဲဒီဆင်းရဲသားပန်းချီဆရာက နောင်နောက်ခါ အမေရိကန်သမိုင်းမှာ Walt
Disneyဆိုပြီး ထင်ရှားကျော်ကြားခဲ့သူ ဖြစ်ပါတယ်။
ဘုရားသခင်က ဒစ်စနီကို ကြွက်တစ်ကောင်ပဲပေးခဲ့တယ်။ ဒါတောင်
ဒစ်စနီကိုယ်တိုင် စားစရာ ပေါင်မုန့်တစ်ချပ်တောင် မရှိတဲ့အချိန်မှာ
ပေးခဲ့တာဖြစ်တယ်။ ငတ်နေချိန်မှာ ရောက်လာတဲ့ကြွက်ကို ဒစ်စနီက
သတ်မစားခဲ့ပါဘူး! အဲဒီကြွက်ကို အသုံးပြုပြီး အဖိုးမဖြတ်နိုင်တဲ့
ကာတွန်းတိုင်းပြည်ကို တည်ထောင်နိုင်ခဲ့တယ်။ အောင်မြင်မှုဆိုတာ
ကြီးမားတဲ့အခက်အခဲတွေကို ရင်ဆိုင်ကျော်ဖြတ်ခဲ့တဲ့ ကြိုးစားအားထုတ်မှုရဲ့
ရလဒ်ဖြစ်တယ်။ အောင်မြင်ဖို့ ချက်ချင်းလက်ငင်း လုပ်ယူလို့မရပါဘူး။
အောင်မြင်ဖို့ ကြိုးစားမှုတွေကို တဖြေးဖြေးစုပုံရပါတယ်။
Tuesday, January 25, 2011
အချစ်ကအသက်အရွယ်ကိုမစောင့် ဘူး
ဒီ့ထက်ပိုကောင်းတဲ့အချစ် ရှိနိုင်သေးတယ်လို့ မထင်လိုက်ပါနဲ့။
အခုလက်ရှိပိုင်ဆိုင်ထားတဲ့ အချစ်ကအကောင်းဆုံးပါ။
အသက်ငယ်သေးတယ် နောက်ကျမှအိမ်ထောင်ပြုလည်းရတယ်လို့ မထင်လိုက်ပါနဲ့။
အချစ်က အသက်အရွယ်ကို စောင့်လိမ့်မှာမဟုတ်ဘူး။
အကွာအဝေးကြောင့် အချစ်ကို လက်လွတ်ဖို့ မကြိုးစားပါနဲ့။
အချစ်က ကိုယ်နဲ့အတူ ရထား၊ လေယာဉ်စီးလို့ရပါတယ်။
ငွေကြေးမချမ်းသာတဲ့ ချစ်သူကို မစွန့်လွတ်လိုက်ပါနဲ့။
အသုံးမကျတဲ့လူကလွဲလို့ လုံ့လဝီရိယရှိသူဆိုရင် သင့်ကိုချမ်းသာအောင်ထားနိုင်ပါတယ်။
အချစ်က ရိုးရှင်းလေ ပျော်ရွှင်လေဖြစ်တယ်။
တစ်သက်မှာ တစ်ယောက်တည်းချစ်တာက အကောင်းဆုံးဖြစ်တယ်။
ချစ်တာများပြီး ခံစားချက် အတွေ့အကြုံများရင် ထုံကျင်သွားတတ်တယ်။
လမ်းခွဲကြိမ်များရင် ကျင့်သားရသွားတတ်တယ်။
ချစ်တာများရင် နှိုင်းယှဉ်မှုတွေများသွားတတ်တယ်။
နောက်ဆုံးမှာ အချစ်ကို အယုံအကြည်မဲ့သွားတတ်တယ်။
အချစ်က ဝမ်းနည်းစရာကောင်းတဲ့ ဒဏ္ဍာရီပုံပြင်တစ်ပုဒ် ဖြစ်ကောင်းဖြစ်မယ်။
ကိုယ့်ကိုချစ်တဲ့ လူတစ်ယောက်ကို စွန့်ရတာ သိပ်မနာကျင်ပေမယ့် ကိုယ်ချစ်တဲ့လူတစ်ယောက်ကို စွန့်ရတာလောက် နာကျင်တာမရှိပါဘူး။ ကံအကြောင်းပါခဲ့ရင် အချိန်၊ နေရာဆိုတာ အကွာအဝေးမဟုတ်ပါဘူး။ ကံအကြောင်းမပါခဲ့ရင် အတူဆုံမိလည်း တစ်ယောက်ကိုတစ်ယောက် မနှစ်လိုတတ်ကြဘူး။
အချစ်ကို ကျေကျေနပ်နပ်ခံစားရင် ထိခိုက်နာကျင်ခဲ့လည်း နောင်တမရတတ်ဘူး။
အချစ်ကို အတွေ့အကြုံတစ်မျိုးလို့ မှတ်ယူခဲ့ရင် အသဲကွဲချိန် ချိုမြိန်တာကို ခံစားမိမယ်။
အချစ်ကို ဖြတ်သန်းမှုတစ်ခုလို့ မှတ်ယူခဲ့ရင် လဲပြိုချိန် လှပတယ်လို့ ခံစားမိမယ်။
အထီးကျန် စိတ်လေလို့ လူတစ်ယောက်ကို မှားချစ်မိတာမျိုး မဖြစ်စေပါနဲ့။
လူတစ်ယောက်ကို မှားချစ်မိလို့လည်း တစ်သက်လုံး အထီးမကျန်ပါစေနဲ့။
အချစ်က ရိုးရှင်းလေ ပျော်ရွှင်လေဖြစ်ပါတယ်။
အချစ်နဲ့ ဆား
အချစ်နဲ့ဆား
ပုံပြင်တစ်ပုဒ်မှာ ဘုရင်တစ်ပါးဟာ လောကမှာရှိတဲ့ အစားအစာတွေရဲ့အရသာကို မြည်းစမ်းကြည့်ပြီးနောက် ဘယ်အစားအစာက အရသာအရှိဆုံးလဲလို့ မှူးမတ်တွေကို ရုတ်တရက်မေးမြန်းလိုက်တယ်။ မှူးမတ်တွေဟာ ဘုရင်စိတ်ကျေနပ်လောက်တဲ့ အဖြေမျိုးကို မပေးနိုင်ခဲ့ဘူး။ အဲဒီလိုနဲ့ ဘုရင်ဟာ အရသာအရှိဆုံးအရာကို ရှာတွေ့နိုင်ဖို့ တိုင်းသူပြည်သားတွေထဲ လှည့်လည်မေးမြန်းခဲ့တယ်။ နောက်ဆုံးမှာ ဘုရင်ဟာ ပညာရှိတစ်ဦးနဲ့တွေ့ဆုံပြီး ပညာရှိက လောကမှာ အရသာအရှိဆုံးအရာဟာ "ဆား" ဖြစ်ပါတယ်လို့ ဖြေခဲ့တယ်။ ဆားမပါရင် ဘယ်လောက်ပဲတန်ဖိုးကြီးတဲ့ အစားအစာပဲဖြစ်ဖြစ် အရသာမရှိပါဘူးလို့ ဆိုပါတယ်။
အချစ်ဆိုတာကလည်း ဆားနဲ့တူပါတယ်။ အချစ်ကြောင့်ဖြစ်ပေါ်လာတဲ့ ပျော်ရွှင်ခြင်း၊ ဝမ်းနည်းခြင်းတွေဟာ ဆားနဲ့တူပါတယ်။
ချက်ပြုတ်ရမှာ ဆားဟာ အရေးပါဆုံးဖြစ်တယ်။ ချို၊ ချဉ်၊ ငန်၊ စပ် အရသာတွေမှာ ဆားမပါလို့ မဖြစ်သလို အချစ်မရှိတဲ့ဘဝဟာလည်း အရသာမဲ့ပါတယ်။ ဆားမှာပါတဲ့ ဆိုဒီယံဂရိုရိုဒ်ဓာတ်ဟာ လူ့ခန္ဓာကိုယ်ကို ကျန်းမာစေပြီး နေ့စဉ်အနည်းငယ်ဆီ လိုအပ်တဲ့အရာဖြစ်တယ်။ ဆားဓာတ်ဟာ ခန္ဓာကိုယ်ကို ပြည့်ဝတဲ့အင်အားတွေ ဖြည့်ပေးပြီး ကျွန်တော်တို့ခန္ဓာကိုယ်တွင်းက ရေနဲ့သွေးကို ညီမျှအောင် ညှိပေးပါတယ်။
အချစ်ဆိုတာ ကျွန်တော်တို့လိုအပ်တဲ့ နောက်ထပ်ဆားတစ်မျိုးဖြစ်တယ်။ အချစ်ဟာ ကျွန်တော်တို့ကို အင်အားဖြစ်စေတယ်။ ကျွန်တော်တို့ရဲ့ စိတ်နှလုံး၊ ခန္ဓာကိုယ်ကို လှုပ်ရှားပျော်ရွှင်စေပါတယ်။ တကယ်လို့ ကိုယ်တွင်းမှာ ဆိုဒီယံဂရိုရိုဒ်ဓာတ်လျော့နည်းသွားရင် အစာစားလိုစိတ်မရှိ၊ ခြေလက်တွေ အင်အားမဲ့ပြီး ခေါင်းမူးအော့အန်တတ်တယ်။ သွေးခုန်နှုန်းလျော့နည်းတတ်ပါတယ်။ ဒါဟာ အသည်းကွဲချိန် ခံစားရတဲ့ဝေဒနာနဲ့ တူပါတယ်။
သာမန်ဟင်းချက်ဆားမှာ တခြားပစ္စည်းတစ်မျိုးဖြစ်တဲ့ အိုင်အိုဒင်းကို တင့်သင့်တဲ့ပမာဏနဲ့ ပေါင်းထည့်ထားပါတယ်။ အိုင်အိုဒင်းဟာလည်း လူ့ခန္ဓာကိုယ်မှာ လိုအပ်တဲ့အရာဖြစ်တယ်။ သူ့ကို "ဉာဏ်ပညာလိုအပ်ချက်"လို့ တင်စားကြတယ်။ အိုင်အိုဒင်းဓာတ်လျော့နည်းရင် ဦးနှောက်ဖွံ့ဖြိုးမှုကို တုံ့နှေးစေပြီး လည်ပင်းကြီးနာရောဂါကို ဖြစ်ပွားစေပါတယ်။
တစ်ခါတလေ အချစ်ဟာလည်း လူကို မူးနောက်ရူးသွပ်စေပြီး အပြုအမှုကို ကြမ်းတမ်းစေပါတယ်။ ဒီလိုအချိန်မျိုးမှာ အချစ်ကြောင့် မရူးသွပ်အောင် အိုင်အိုဒင်းကို ကျွန်တော်တို့ လိုအပ်ပါတယ်။
နောက်အရာဝတ္ထုတစ်မျိုးက ဇင့်(Zn)ဖြစ်တယ်။ ဇင့်ဟာ ရောဂါပိုးမွှားတွေကို ကာကွယ်ပေးတယ်။ လွန်ကဲတဲ့အချစ်ဟာ အဆိပ်တစ်မျိုးနဲ့တူပါတယ်။ လူအများဟာ အချစ်ကြောင့် အမုန်းတွေဖြစ်ခဲ့ရပြီး အချစ်ကြောင့် ကြေကွဲဝမ်းနည်းခဲ့ရတယ်။ အလွမ်းဇာတ်တွေဖြစ်ခဲ့တာဟာ ရောဂါကိုကာကွယ်တဲ့ဓာတ် မလုံလောက်ခဲ့လို့ဖြစ်တယ်။
ကျွန်တော်တို့ဟာ ဟင်းချက်ဆားထဲ ကယ်ဆီယံဓာတ်ကို ရောပါသေးတယ်။ ကယ်ဆီယံချိုတဲ့ရင် အရိုးပွရောဂါဖြစ်တတ်ပါတယ်။ ရူးသွပ်မိုက်မဲတဲ့ အချစ်မှာ ယောက်ျားတစ်ချို့ဟာ ယောက်ျားမပီသတော့တာ၊ မပိုင်နိုင် မပြတ်သားနိုင်တော့တာမျိုး တွေ့ရသလို မိန်းကလေးတစ်ချို့ဟာ သည်းမခံနိုင်တာ၊ မာနကြီးစိတ်ကြီးဝင်တာ၊ အထက်စီးဆန်တာ၊ ဟန်အမှုအရာပိုတာမျိုး ရှိတတ်ကြတယ်။ ဒါဟာ အချစ်ဆိုတဲ့ ဆားထဲမှာ ကယ်ဆီယံဓာတ်ချို့တဲ့နေလို့ဖြစ်တယ်။
အထက်က အရာဝတ္ထုတွေဟာ အချစ်ကို ထာဝရတည်မြဲဖို့၊
ကြာရှည်ခိုင်မာဖို့ မရှိမဖြစ် လိုအပ်တဲ့အရာတွေဖြစ်တယ်။
လူတိုင်းက ကိုယ့်ဘဝတစ်သက်မှာ ကြီးကျယ်မြင့်မြတ်တဲ့၊ ရာဇဝင်တင်လောက်တဲ့အချစ်မျိုးနဲ့ ဆုံဖို့ မျှော်လင့်ခဲ့ကြမယ်။ ဒါပေမယ့် ဒီလိုအချစ်မျိုးက တွေ့ကြုံလို့ရနိုင်တယ်။ တောင့်တရုံနဲ့တော့ မရနိုင်ဘူး။ တနည်းအားဖြင့်ပြောရရင် အချစ်အများစုဟာ ရိုးစင်းတဲ့ဘဝ၊ ဆင်းရဲဒုက္ခဒဏ်ကို မခံနိုင်ကြဘူး။ နောက်ဆုံးမှာ ချို၊ ချဉ်၊ ငန်၊ စပ်အရသာတွေပျောက်ပြီး ဆားပဲကျန်ခဲ့တော့တယ်။ ဆားရဲ့အပေါ့အငန်ကို ကိုယ်တိုင်ပဲသိတော့တယ်။ ဒါဟာ ဘဝထဲက ဆား၊ ဘဝထဲက အချစ်ဖြစ်တယ်။
ဆားဟာ
ချက်ပြုတ်ရမှာ အသုံးဝင်သလို တခြားနေရာမှာလည်း အသုံးဝင်သေးတယ်။ ထင်းမီးထဲ ဆားအနည်းငယ်ဖြူးထည့်ရင် မီးတောက်တွေ ပိုပြင်းလာတတ်တယ်။ တကယ်လို့ ဘဝဟာ သိပ်ရိုးစင်းလွန်းတယ်ထင်ရင် ဆားအနည်းငယ် ဖြူးထည့်လိုက်ပါ။ အချစ်တစ်ခုက သင့်ဘဝကို စိတ်လှုပ်ရှားပျော်ရွှင်စရာတွေ ပေးကောင်းပေးနိုင်ပါလိမ့်မယ်။
တကယ်လို့ အိမ်ပတ်ဝန်းကျင်မှာ မြက်ရိုင်းတွေ ထူထပ်နေခဲ့ရင် ဆားဖြူးထည့်လိုက်ပါ။ ဆားတွေဟာ မြက်ရိုင်းတွေကို သေစေပါတယ်။ အချစ်ဆိုတာ စိတ်တသမတ်တည်းထားသလို တကိုယ်ကောင်းလည်းဆန်ပါတယ်။ စိတ်ရိုင်းတွေဟာ သင့်အချစ်ကို ဝါးမြိုသွားတတ်ပါတယ်။ အဲဒီအခါမှာ ဆားဖြူးဖို့ မမေ့ပါနဲ့။
ကြက်ဥပြုတ်ချိန်မှာ ဆားအနည်းငယ်ထည့်ပေးရင် ကြက်ဥခွံတွေ မကွဲတတ်တော့ပါဘူး။ အချစ်ဆိုတာလည်း ကြက်ဥခွံနဲ့တူပါတယ်။ ဂရုတစိုက်နဲ့ ကာကွယ်ပေးရပါတယ်။ အချစ်တွေ မကွဲအက်ဖို့ ဆားထည့်ဖို့ မမေ့ပါနဲ့။
ချောင်းတွေ မပြတ်ဆိုးပြီး အသက်ရှုရကြပ်ခဲ့ရင် ရေထဲဆားထည့်ပြီး ပလုတ်ကျင်းနိုင်ပါတယ်။ ထမင်းချက်ချိန် ဆားအနည်းငယ် ထည့်ချက်ရင် ထမင်းဟာပိုမွှေးပြီး ပိုနူးညံ့စေပါတယ်။ နေ့တိုင်း ကျွန်တော်တို့အတွက် ထမင်းချက်၊ အဝတ်လျှော်ပေးသူကို ကျွန်တော်တို့ပိုတန်ဖိုးထား မြတ်နိုးသင့်ပါတယ်။ ဒီလိုအသေးအမွှားလုပ်ရပ်တွေက ကျွန်တော်တို့ကို တည်ငြိမ်တဲ့ဘဝတွေ ပေးခဲ့ပါတယ်။ အချစ်ကို ပိုတာရှည်ခိုင်မြဲစေခဲ့ပါတယ်။
ဘဝမှာ ဆားမရှိရင် မဖြစ်သလို အချစ်ဆိုတာလည်း မရှိမဖြစ်ခဲ့ပါဘူး။ ဒါပေမယ့် လူအများက အချစ်ဟာ ပူပြင်းတယ်၊ အချစ်ဟာ လေမုန်တိုင်းဆန်တယ်လို့ မှားယွင်းယူဆတတ်ကြပါတယ်။ ဆားကို တစ်ကြိမ်တစ်ခါပဲ ကျွန်တော်တို့ လိုအပ်တာမျိုးမဟုတ်ပါဘူး။ နေ့တိုင်း နည်းနည်းဆီလိုအပ်ပါတယ်။ အချစ်ဟာလည်း ထိုနည်းလည်းကောင်းပါပဲ။ အချစ်ကို ဂရုတစိုက်ပြုစုပျိုးထောင်ပြီး ဖြေးဖြေးချင်း မှီဝဲသင့်ပါတယ်။ နေ့တိုင်း အချစ်နည်းနည်းစီ စုပ်ယူမှ အချစ်ဟာ မဖိတ်မယိုဘဲ နှလုံးသားအထဲထိ စိမ့်ဝင်နိုင်မှာဖြစ်တယ်။
တကယ်လို့ အသည်းကွဲပြီး အချစ်က သင့်နှလုံးသားကို ထိခိုက်စေခဲ့တာဟာ ဒဏ်ရာအနာပေါ် ဆားဖြူးထည့်တာနဲ့ အတူတူပါပဲ။ ဆားဟာ သင့်ဒဏ်ရာကို ပိုနာကျင်စေပါတယ်။ ဒါဟာ မထူးဆန်းပါဘူး။ နာကျင်မှုကို မခံစားရရင် အချစ်ဆိုတာလည်း ရှိမှာမဟုတ်ပါဘူး။ ဒါပေမယ့် တစ်ခုသိထားရမှာက ဆားဟာ သင့်အနာကို ပိုနာကျင်စေသလို သင့်အနာကိုလည်း အမြန်ကျက်စေပြီး သင့်ကို အသစ်တဖန် ပြန်စစေတဲ့ အခွင့်အရေးပေးပါတယ်။
အချစ်ဆိုတဲ့ အရာ
အချစ်ကို အဓိပ္ပာယ်ဖွင့်ဆိုခဲ့ကြတာတွေ အများကြီးပါပဲ။ တစ်ခုနဲ့တစ်ခု ဆန့်ကျင်နေကြတာလည်း အများကြီးပဲ။
ချဉ်းသီးနဲ့ဆား၊ အတူထားရင် နီးစပ်မူကြောင့် အရည်ပျော်သွားတယ်တဲ့။ ယောက်ျားလေးနဲ့ မိန်းကလေး အတူနေ အတူထားရင်လဲ နီးစပ်မူကြောင့် ချစ်မေတ္တာတွေ အရည်ပျော်သွားရောတဲ့။ ဖြစ်နိုင်တာပေါ့။ ဖြစ်ကြတာတွေလည်း အများကြီးပါ။
ဆန့်ကျင်ဘက်ကတော့ မြင်ဖန်များလို့ငယ်၊ နမ်းဖန်များတော့ ပြယ်တဲ့။
“ရွာဘုရား ရွာသားမရိုသေ”
“ရွာနားမြက် ရွာနွားမစား” ဆိုသလို…
နီးစပ်လွန်းလို့ အထင်မကြီး ရိုးသွားတယ် ငယ်သွားတယ်။ စိတ်မ၀င်စားဘူးတဲ့။ ဒါလဲ ဖြစ်နိုင်တာပဲ။ ဖြစ်နေကြတာလည်း အများကြီးပဲလေ။
“ချစ်ခြင်းအစ မျက်စိက”တဲ့ မျက်စိအမြင်အာရုံမှာ နှစ်သက်သဘောကျတာကအစ အချစ်ကို ဖြစ်စေတယ်တဲ့။ တချို့ဆိုရင် မြင်မြင်ချင်း၊ ချစ်တယ်ဆိုတာမျိုးတောင် ရှိသေးတယ်။
အဲဒီမျက်စိပဲ ချစ်ပြီဆိုတော့ ကန်းသွားပြန်ရောတဲ့။ ချစ်ပြီဆိုရင် ဘာမှမမြင်တော့ဘူး။ ကန်းသွားပြီ။ အသိအမြင်၊ ဆင်ခြင်တုံတရားအားလုံး ကန်းသွားတာကို ပြောတာပါ။
ချစ်လွန်းအားကြီးရင် မျက်စိထဲကကို မထွက်တော့ဘူးဆိုတာလည်း ရှိသေးတယ်။
တချို့ကတော့ အချစ်ဆိုတာ ခွင့်လွှတ်ခြင်းတဲ့။ ဒါကိုတော့ သဘောကျပါတယ်။ ချစ်ရင် အပြစ်မမြင်ဆိုတဲ့ စကားတောင် ရှိသေးတာပဲ။ ချစ်ရင် ခွင့်လွှတ်နိုင်တာပေါ့။ ဒါပေမဲ့ အချစ်ဆိုတာ စွန့်လွှတ်အနစ်နာခံခြင်း ဆိုတာတော့ သဘောမကျပါဘူး။ အဲဒီလို စွန့်လွှတ်တဲ့အတွက် ကိုယ်ရောကိုယ့်ချစ်သူပါ ၀မ်းနည်းကြေကွဲရတာတွေ အများကြီးပါပဲ။ သဘောထားကြီးတာလိုလိုနဲ့ မပြတ်သားတာတွေလည်း ရှိပါတယ်။
ကိုယ့်ချစ်သူ ကောင်းစားရေးအတွက် ကိုယ်အနစ်နာခံမယ်ဆိုပြီး အလွမ်းသမား လုပ်ချင်တဲ့ စတန့်တွေလည်းရှိတယ်။ အခက်အခဲတွေကို၊ သတ္တိရှိရှိရင်ဆိုင် ကျော်လွှားရမယ့် ဒုက္ခတွေကို မခံချင်တာတွေလည်း ပါမှာပေါ့။ ကိုယ်တကယ်ချစ်ရင် ကြိုးစားပြီးမှ ယူနိုင်မယ့် အခွင့်အလမ်း မျိုးလည်းရှိလို့ကတော့ ကြိုးစားရမှာပေါ့။ စွန့်စားရမှာပေါ့။ သူရောကိုယ်ပါ တစ်သက်လုံး ဆွေးနေရတာမျိုးတော့ အဖြစ်မခံသင့်ပါဘူး။
ကိုယ့်ချစ်သူကိုလည်း သူမချစ်သူရဲ့ ရင်ခွင်ထဲ ရက်ရက် ရောရော ထားပစ်ခဲ့တာမျိုး မလုပ်သင့်ပါဘူး။ အင်မတန် ရက်စက်ရာ ကျပါတယ်။
အချစ်ဆိုတာ ရယူပိုင်ဆိုင်လိုခြင်း ဆိုတဲ့စကားလည်းရှိတာပဲ။ တကယ်ချစ်ရင်တော့ ကိုယ့်ချစ်သူကို ရယူပိုင်ဆိုင်ချင်ရမှာပေါ့။ ချစ်ပါတယ်ဆိုတဲ့ စကားကို အပြီးစလွယ် ထပ်ကာတလဲလဲ ပြောနေပြီး လက်တွေ့ အကောင်ထည်ဖော်ဖို့ကျတော့ သတ္တိမရှိ မစွမ်းဆောင်နိုင်သူဟာ အရည်အချင်းမရှိတဲ့ သူတစ်ယောက်ပဲဖြစ်မှာပါ။ ဒါပေမဲ့ ကိုယ်ကပဲ ချစ်တယ်။ သူက ချစ်ချစ် မချစ်ချစ် ရယူပိုင်ဆိုင်ဖို့ ကြိုးစားတာမျိုးကျတော့ အတ္တလွန်ကဲတာပဲ။ သူက မချစ်ဘဲ ရယူရင်လည်း ပျော်စရာမကောင်းပါဘူး။
အချစ်နဲ့စစ်မှာ မတရားတာမရှိဘူးဆိုတဲ့ စကားလည်းရှိတယ်။ လွဲမှားတဲ့ အတွေးအမြင်ပါပဲ။ မတရားတာမှန်သမျှ မကောင်းမူပါပဲ။ မကောင်းတဲ့အကြောင်းကို ပြုရင် မကောင်းတဲ့ အကျိုးဆက်ရမှာပဲ။
ငါတကောကော အတ္တလွန်ကဲတဲ့ အတွေးအမြင်ပါပဲ။ သူ့မယားလိုချင် သူ့လင်လှံနဲ့ထိုးဆိုတဲ့ စိတ်ထားမျိုးပါပဲ။ ဒဿဂီရိလို အချစ်ပေါ့။ သီတာဒေ၀ီမှာ ကာမပိုင် လင်ယောက်ျားရှိမှန်းလည်း သိတယ်။ သီတာဒေ၀ီကလည်း သူ့ကို မကြိုက်ဘူး။ အဲဒါကို နည်းအမျိုးမျိုးနဲ့ မဟုတ်မမှန်ကြံစည်ပြီး မရ ရအောင် ခိုးယူတယ်။
အချစ်သစ္စာရှင် သီတာဒေ၀ီက ဘယ်လိုမှ ဖြားယောင်းလို့ မရဘူး။ ချော့လို့လည်းမရ၊ ခြောက်လို့လည်းမရ။ မတရားကြံစည်တဲ့ အချစ်ဆိုး၊ အချစ်ယုတ်ကြောင့် ရာမမင်းသားရဲ့ မြှားချက်နဲ့ အသက်ထွက်ကရော။
အချစ်ဆိုတာ သန့်ရှင်းတယ်၊ ကြည်လင်တယ်၊ အေးမြတယ်၊ နူးညံ့တယ်၊ ကြည်နူးတယ်၊ ကျေနပ်တယ်၊ စွဲမက်တယ်၊ ကြမ်းကြမ်းတမ်းတမ်း မတရားကြံ မမှန်လုပ်လို့ ဘယ်ကောင်းပါ့မလဲ။ လှပတဲ့ အချစ်ကလး အရုပ်ဆိုး အကျည်းတန်သွားမှာပေါ့ကွယ်။ ကမ္ဘာပေါ်ရှိ ချစ်ကြသူတိုင်း ချစ်သူတိုင်း ချစ်တိုင်းညား၍ ညားတိုင်းချစ်ကြပါစေလို့ ဆုတောင်းမေတ္တာပို့သလိုက်ပါသည်။
--
အချစ်ကိုနားလည်သော
အချစ်ကို နားလည်သော ...
Sunday, December 28, 2008
ဟိုးတစ်ချိန်က ကျွန်းလေးတစ်ကျွန်းမှာ ခံစားချက်တွေ အားလုံး နေထိုင်ကြတယ်။ ပျော်ရွှင်မှု၊ ကြေကွဲမှု၊ ချမ်းသာခြင်း၊ အသိပညာ စသဖြင့်ပေါ့။ အချစ်လည်း နေပါတယ်။ တစ်နေ့တော့ သူတို့ စုပေါင်းနေကြတဲ့ ကျွန်းဟာ မကြာခင်မှာ ပင်လယ်ထဲကို မြုပ်တော့မယ်လို့ သတိပေးကြေငြာချက် ထွက်လာတယ်။ ဒါနဲ့ပဲ အားလုံးကိုယ်စီကိုယ်စီ လှေတွေ လုပ်ကြပြီး အဲဒီကျွန်းကနေ ထွက်ခွာသွားကြတော့တယ်။ အချစ်က လွဲလို့ပေါ့။
သူက နောက်ဆုံးအချိန်ထိ မျှော်လင့်ချင်သေးတယ်လေ။ ကျွန်းကြီးတစ်ခုလုံး မြုပ်ခါနီးပြီဆိုမှ အချစ်က သူ့ကိုလာကယ်ဖို့ အကူအညီ တောင်းမယ်လို့ ဆုံးဖြတ်လိုက်တယ်။
ချမ်းသာခြင်းကို လှေနဲ့ ဖြတ်သွားတာ မြင်လိုက်တော့ အချစ်က
"ဗျို့ ... ကိုချမ်းသာ၊ ကျနော့်ကို ခင်ဗျားနဲ့ အတူလိုက်ခွင့် ပေးပါလား။" လို့ လှမ်းအကူအညီ တောင်းလိုက်တယ်။ ဒီတော့ ချမ်းသာခြင်းက
"ဝမ်းနည်းပါတယ် အချစ်ရာ။ လှေပေါ်မှာ တင်ထားတဲ့ ရွှေတွေ ငွေတွေနဲ့ ပြည့်နေတယ်။ မင်းအတွက် နေရာမရှိဘူး။" လို့ ငြင်းလိုက်တယ်။
ဘေးနား ရောက်လာတဲ့ မာနကို လှမ်းအကူအညီတောင်းတော့လည်း အဖြေက မထူးဘူး။
"ကိုယ် မင်းကို မကူညီနိုင်ဘူး အချစ်။ မင်း တစ်ကိုယ်လုံးလည်း ရွှဲလို့ ငါလှေ ပျက်သွားလိမ့်မယ်။ မဖြစ်ပါဘူး။"
ကြေကွဲမှုကို လှမ်းမြင်လိုက်တော့ အော်ပြောလိုက်တယ်။ "ကြေကွဲမှု၊ ကျနော့်ကိုလည်း ခေါ်သွားပါဦး။"
"အို ... အချစ်၊ ငါ တအား ဝမ်းနည်းနေလို့ပါကွာ။ တစ်ယောက်တည်းပဲ အေးဆေး နေပါရစေ။" လို့ ပူဆွေးနေတဲ့ အသံနဲ့ ပြန်ဖြေလိုက်တယ်။
ပျော်ရွှင်မှု ဘေးနားက ဖြတ်သွားတာ မြင်တော့ လှမ်းခေါ်လိုက်ပေမယ့် သူ့ဖာသာ အပျော်လုံးနဲ့ စို့နေတော့ ခေါ်နေတာတောင် မကြားနိုင်တော့ဘူးလေ။
အဲဒီလို အားကိုးရာမဲ့လို့ အားငယ်နေချိန်မှာ ရုတ်တရက် ဆိုသလို "လာ အချစ်။ ငါနဲ့ လိုက်ခဲ့။" ဆိုတဲ့ အသံတစ်သံ ထွက်လာတယ်။ သူ့ကြည့်ရတာ အသက်တော်တော် ကြီးနေပါပြီ။ ဘာပဲ ဖြစ်ဖြစ်လေ။ အချစ်ခမျာ တအား ပျော်သွားပြီး လှေပေါ် ခုန်တက်လိုက်တယ်။ ကယ်တင်ရှင်တွေ့ပြီ ဆိုပြီး အပျော်လွန်လိုက်တာ အဘိုးအိုကို ဘယ်သွားမလို့လဲ ဆိုတာတောင် မမေးလိုက်မိဘူး။ နောက် ကမ်းခြေ တစ်နေရာလည်း ရောက်ရော အချစ်ကို ချပြီးပြီးချင်း ဘာမှ မပြောဘဲ လှေလှော်ပြီး ထွက်သွားလေရဲ့။
ကျေးဇူးတင်ချင်တာတောင် ဘယ်သူ့ တင်ရမှန်း မသိတဲ့ ဘဝ။ ဒါနဲ့ တခြားအဘိုးအို တစ်ယောက်ဖြစ်တဲ့ ဦးပညာကို သွားမေးတော့တယ်။
"ကျနော်ကို ဘယ်သူ ကူညီသလဲဆိုတာ သိလား အဘ"
"အဲဒါ အချိန် ကွဲ့" လို့ အဘိုးအို ပြန်ဖြေတော့ "အချိန်" လို့ ပါးစပ်ကနေ ရေရွတ်ရင်း စဉ်းစားနေမိတယ်။ အချစ်ရဲ့ မျက်နှာ အမူအရာကို အကဲခတ်မိတဲ့ ဘိုးပညာက တစ်ချက်ပြုံးလိုက်ပြီး ပြန်ဖြေလိုက်တယ်။
"အေးကွဲ့။ လောကမှာ အချစ်ရဲ့ တန်ဖိုးကို နားလည်နိုင်စွမ်းရှိတာ အချိန်ပဲ ရှိတယ်မဟုတ်လား အမောင်ရဲ့"
xxxxxx ဝဝဝဝဝဝ xxxxxx
ဒီ ပုံပြင်လေး ဖတ်ပြီးသွားတော့ အတော်လေး တွေးနေဖြစ်တယ်။ လူတစ်ယောက် အချစ်နဲ့ ဒုက္ခပင်လယ် ဝေနေချိန်မှာ ဘာကမှ အဖော်မပြုနိုင်ဘူး ဆိုတာကို ကောင်းကောင်းကြီး သရုပ်ဖော်သွားပါတယ်။ ဒါပေမယ့် အဲဒီ ကျွန်းပေါ်မှာသာ သူ့လိုပဲ နောက်ထပ် အချစ် တစ်ယောက် ထပ်ရှိနေရင်ကောလို့ တွေးမိပြန်တယ်။ ဒါဆိုလည်း ဒီကျွန်းပေါ်မှာပဲ ရေနစ်ပြီး သေချင်သေပါစေလို့ ပြောင်းတွေးသွားမလား ဆိုတာလည်း စိတ်ဝင်စားစရာပဲနော်။ အချစ်အကြောင်းကို ဖတ်ရတိုင်း စဉ်းစားမိတိုင်း သူငယ်ချင်းတစ်ယောက် ပြောခဲ့တာကို အမှတ်သွားသွား ရနေမိတယ်။ သူ့ရဲ့ စကားလေးကို အတွေးပွားနိုင်ဖို့ တင်ပြရင်း .....
"အချစ်ဆိုတာ ကြက်သွန် လှီးတဲ့အခါ ကျတဲ့ မျက်ရည်လိုပဲ။ လှီးနေတုန်းတော့ ကျနေမှာပေါ့ကွာ။ လှီးပြီးသွားတော့လည်း ဘယ်ကျတော့မလဲ။ လှီးပြီးတဲ့အချိန် မျက်ရည်ကျတဲ့ အကြောင်းကို ပြန်စဉ်းစားကြည့်ရင် ရယ်ချင်စရာကြီးကွ။ ထပ်လှီးကြည့် ထပ်ကျဦးမှာပဲ။ လုံးဝ မကျချင်ရင်တော့ မလှီးနဲ့ပေါ့ကွာ။"
By shint shint htet
မိသားစုနဲ့ ဘယ်တော့ ပြန်ဆုံမလဲ့ 
ယခု အိမ်ပြန်လာနေပြီ ဆိုတဲ့ အသိက တရံမလပ် အတွေးထဲ ဝင်နေသည်။ တဒိတ်ဒိတ်ဖြင့် ခုန်နေသော ရင်သည် ကြည်နူး ချမ်းမြေ့မှု ကြောင့်သာ ဖြစ်သည်။ ၅ နှစ်တာ ဝေးကွာခဲ့သော
မိသားစုကို မကြာခင် ပြန်တွေ့ ရတော့မည်။ အကြောင်းမကြားဘဲ ပြန်ရောက်လာသော ကျနော့ကို မြင်လိုက်သောအခါ သူတို့ တဒင်္ဂတော့ အံ့ဩတိတ်ဆိတ် သွားနိင်သည် ။ ထို့နောက် ဆူညံသော အော်ဟစ်သံများဖြင့် ကျနော့ကို အပြေးအလွှား ပွေ့ဖက်လာကြမည်။
သား၊ သမီးတွေဖြင့် နွေးနွေးထွေးထွေး နေလေ့ရှိသော ဖေဖေက ကျနော့ကို အရင်ဆုံး ပွေ့ဖက်လာမလား။ ကျနော့ကို သိပ်ချစ်သော မေမေ ကတော့ ဝမ်းသာခြင်း များစွာနဲ့ မျက်ရည်တွေ စီးကျလာမည်။ ထို့နောက် တရှုံ့ရှုံ့ဖြင့် ငိုကြွေးမည်။ မေမေငိုလျင် မမ တို့လည်း ဝမ်းနည်းဝမ်းသာ လိုက်ငိုကြမည်။ ပြီးလျင် ကျနော့ကို ပွေ့ဖက်ကြမည်။ ကျနော် ကရော သူတို့တွေ ငိုလျင် မျက်ရည်မကျဘဲ နေနိင်ပါ့မလား။ နေနိင်မည် မထင်ပေ။ ထို့နောက်တွင်တော့ စိတ်ချမ်းမြေ့ ပျော်ရွှင်မှုတို့ဖြင့် ကျနော်တို့ အိမ်လေး ဆူညံ နေပေတော့မည်။ တူတွေ တူမတွေကတော့ ကျနော့ကို ဝိုင်းဝိုင်းလည် ပါတ်ခါ အုံနေကြမည်။ အို.... အတွေးနှင့်ပင် ကျနော် ကြည်နူးလွန်းလှပြီ။
မိသားစုရှိနေသော အိမ်ကလေးကို နီးလာလေ ကျနော် ရင်ပိုခုန်ရလေ ဖြစ်သည်။ တကယ်ဆို ဒီအိမ်လေးသည် ကျနော် တခါမှ မရောက်ဖူးသေးသော အိမ်သစ် ဖြစ်သည်။ မိသားစုထံမှ ပို့ပေးထားသော အိမ်တက် မင်္ဂလာမှတ်တမ်း ဗီဒီယိုအခွေနှင့် ဓါတ်ပုံတွေအရ ကျနော် ရင်းနှီးနေပြီးသား အိမ်လေးဖြစ်သည်။ ကျနော် ရှိစဉ်ကနေခဲ့သော အိမ်နှင့် ယခုအိမ်သစ်သည် သိပ်မဝေးကွာသဖြင့် ကျနော် တန်းတန်းမတ်မတ် လာနိင်ခြင်းဖြစ်သည်။
ပေ ၄၀ x ၆၀ မြေကွက်နှင့် တထပ်တိုက်လေးသည် ဖေဖေနှင့် မေမေရဲ့ ချမ်းမြေ့ရိပ်မြုံလေး ဖြစ်သလို ကျနော့ရဲ့ ချွေးစက်များဖြင့် တည်ဆောက်ထားသော အိမ်လေးလည်း ဖြစ်သည်။ ကျနော့ ဘဝတွင် စိတ်ချမ်းမြေ့ဆုံး အဖြစ်အပျက်တခုကို ပြပါဆိုလျင် မိဘ နှစ်ပါးကို အိမ်ပိုင်လေး ဝယ်ပေးနိင်ခဲ့ခြင်းသာ ဖြစ်သည်။ ငယ်စဉ်ဘဝထဲက အိမ်ငှားဘဝဖြင့် ဟိုပြောင်းဒီရွေ့ လုပ်ခဲ့သော ဘဝက ကျွတ်လွတ်ခဲ့ပြီ။ တနှစ်စာ စာချုပ် ပြည့်ခါနီးတိုင်း ပူပန်သောက ရောက်ခဲ့ရသော မိဘနှစ်ပါးလည်း ယခုဆိုလျင် မနက်ခင်းတိုင်းကို ယုံကြည်မှု အပြည့်ဖြင့် စိတ်ချမ်းမြေ့စွာ နိုးထ နိင်ခဲ့ပြီ။
အိမ်သစ်လေးနှင့် ပါတ်သတ်လျှင် အဖြစ်အပျက်တိုင်းသည် စိတ်လှုပ်ရှား တက်ကြွဖွယ်ရာသာ ဖြစ်သည်။ မေမေတို့ကို အိမ်ဝယ်ပေးမယ်လို့ စပြီး ဆုံးဖြတ်လိုက်ထဲက ကျနော့် ခွန်အားတွေ ပြည့်လာခဲ့သည်။ ဖုန်းဆက်ပြီး မေမေတို့ကို သင့်တော်မယ့် အိမ်သစ်တလုံး ရှာဖို့ပြောတဲ့နေ့ကိုလည်း ကျနော် မမေ့နိင်သေးပေ။ ကျနော့ အသံကို စပီကာ ဖွင့်ထားသဖြင့် တမိသားစုလုံး ကြားရချိန် မိသားစုအားလုံးရဲ့ တက်ကြွ ပျော်ရွှင်သွားသံသည် ကျနော့ကို ပိုပြီး ခွန်အားတွေ ပြည့်လာစေသည်။ မိသားစုရဲ့ ကံကြမ္မာလို့ပင် ပြောရမည် ။ အနီးအနားတွင် ဆောက်ပြီးကာစ လူမနေသေးသော သဘောင်္သား တဦးပိုင်တဲ့ တထပ်တိုက်လေးကို တွေ့ကြောင်း ဈေးနှုန်း အနေအထားလည်း သင့်တော်ကြောင်း အကြောင်းပြန်လာပြီးတဲ့ နောက်တွင်တော့ ကျနော်တို့ မိသားစု ပိုပြီး တက်ကြွ ကုန်ကြသည်။
ရေတွင်းလေးလည်းပါတယ် ကြည်နေတာပဲ သားရေ ကောင်းလိုက်တာ
အိမ်အနောက်ဘက်ကိုတော့ မြေလေးနည်းနည်း ဖို့ရမယ်
ဘေးဘက် ခြံစည်းရိုးကိုတော့ နောက်မှပဲ အုတ်တံတိုင်းလေး ခတ်မယ်သားရေ အခု လောလောဆယ် ငွေပို မကုန်တာ ကောင်းတယ်လေ
အဝီစိ တွင်း တတွင်းတော့ တူးမှဖြစ်မယ် ဒီမိသားစုနဲ့က ရေတွင်းရေဆို လောက်မယ် မထင်ဘူး
သားဖေဖေ သူငယ်ချင်းက အုတ်တွေ ပြန်ရောင်းဖို့ ရှိတယ်တဲ့ ဈေးသက်သာတယ် ဝယ်ထားနိင်ရင် ကောင်းမယ် နောက်ဆိုလည်း လိုလာမှာပဲလေ
မောင်လေးရေ ငါတို့ အိမ်အတွင်းနဲ့ အပြင်ကို ဆေး ဘာအရောင် သုတ်ရမလဲ မောင်လေး ကြိုက်တဲ့ အရောင်သုတ်ပေးမယ်
ပိုင်ပိုင်ရေ အခုခြံထဲမှာ မချစ်စု သရက်ပင်လည်း ပါတယ်ဟ နင်ပြန်လာရင် ငါတို့တွေ ငံပြာရည်နဲ့ သရက်သီး တို့စား ကြမယ်လေ
ထိုရက်ပိုင်းတွင် ပြောဖြစ်သော စကားတိုင်းသည် အိမ်သစ်လေး အကြောင်းသာဖြစ်နေသည်။ အိမ် အရောင်းအဝယ် စာချုပ်မှာ သားနာမည်နဲ့ ချုပ်ပေးမယ်နော် ဆိုပြီး မေမေပြောတော့ ကျနော် ငြင်းခဲ့သည်။
မေမေတို့ နာမည်နဲ့ပဲ ချုပ်ပါ၊ ဒါက သား ... မေမေတို့ကို ဝယ်ပေးတာလေ သား ...မမက်ပါဘူး မေမေရ မိသားစုတွေ စုစုစည်းစည်း ရှိနေရင် သား ... ကျေနပ်ပါပြီ
အမှန်တကယ်လည်း ကျနော့တွင် မက်မောစိတ် တစိုးတစေ့မျှ မရှိပြီ။ မိဘတွေ မသေခင် အိမ်ပိုင်လေးနဲ့ နေသွားရတယ် ဆိုသော ခံစားချက် ၊ ပီတိကိုသာ ကျနော် ပေးချင်နေခဲ့သည်။ ငွေအပြီးချေပြီး အရောင်းအဝယ် စာချုပ် ချုပ်သောနေ့ က မေမေ အိမ်ပြန်ရောက်တော့ ငိုသည်တဲ့။ စာချုပ်လေးကို ကျစ်ကျစ်ပါအောင် ဆုပ်ထားသော မေမေ့လက်တို့ တုန်နေသည်တဲ့လေ။ အိုးပိုင်အိမ်ပိုင် ဆိုသော စကားလုံးသည် အင်မတန် ရေရွတ်လို့ကောင်းသော စကားလုံး ဖြစ်မှန်း ကျနော်ပါ ခံစားလို့ ရနေခဲ့သည်။ ထို့နောက် အိမ်သစ်ကို ပြင်ဆင်ကြသည်။ ဆောက်ပြီးထဲက လူမနေသော အိမ်ဖြစ်သဖြင့် တအိမ်လုံးကို ရေဆေးကြသည် ။ တရော် ကင်မွန်းရည် တို့ဖြင့် ပက်ဖြန်းကြသည်။ တအိမ်သားလုံး မနားမနေ လုပ်ကြသည်။ ပင်ပမ်းမှုကား အလျဉ်း မရှိကြတဲ့။ အလုပ်ထဲတွင် ရောက်နေသော ကျနော်သည်လည်း တထောင့် တနေရာက ဝိုင်းကူ လုပ်ပေးချင်သော အတွေးတို့ အချိန်ပြည့် ဖြစ်ပေါ်နေသည်။ ဒါဟာ ကျနော်တို့ ပိုင်တဲ့ အိမ် မဟုတ်ပါလား။ အင်မတန် တက်ကြွဖို့ ကောင်းမှာပဲ။
ဖေဖေက အဝီစိရေတွင်း တူးသော အဖွဲ့ကို သွားခေါ်သည် ဆေးသုတ်တဲ့သူ လိုက်ရှာသည် တဲ့ ။ မေမေနှင့် အမတွေက တအိမ်လုံးကို ရှင်းလင်းကြ သည်တဲ့ ၊ ညီအငယ်ကောင်နှင့် ယောက်ဖဖြစ်သူက အိမ်ခေါင်မိုးပေါ် တက်ပြီး သစ်ရွက်တွေကို ရှင်းကြသည်တဲ့ ။ ကလေးတွေ ဖြစ်ကြသော တူတွေ၊ တူမတွေပင် နိင်သလောက် လုပ်နေကြသည်။ အိမ်သာကို ရေးဆေးကြသည် ။ မီးဖိုခန်းက ကျောက်ပြားတွေကို တိုက်ချွတ် ဆေးကြော ကြသည်။ မည်သူမျှ မောပမ်းမည် မဟုတ်မှန်း တွေးကြည့်ရုံဖြင့်ပင် သိသာနိင်သည်။
ရေချိုးခန်း အိမ်သာကလည်း အကျယ်ကြီးပဲ ကလေးတွေက ရေချိုး ဇလုံကြီးကို သဘောတွေ ကျနေကြတယ်
ထိုကဲ့သို့ သဘောကျသော စကားလုံးများ ကြားရလေ ကျွန်တော် မမောနိင် မပမ်းနိင် ဖြစ်ကြရသည်။ ထိုရက်ပိုင်းတွင် ညတိုင်းနီးနီး ကျနော် ဖုန်းဆက်ဖြစ်သည်။ အိမ်သစ်လေးကို သဘောကျသံ ၊ သိပ်ကောင်းတာပဲ ဆိုတဲ့ ချီးကျူးသံကို ကြားချင်စိတ်ကြောင့် ဖြစ်သည်။ ထိုအသံများသည် ကျနော့အတွက် နောက်တနေ့စာ အားအင်တွေပဲ ဖြစ်သည်။ ကျနော့တွင် အခက်အခဲ ရှိတိုင်း ၊ ဒီလအတွက် အိမ်ကို ငွေမပို့နိင်တိုင်း ဖုန်းဆက်ချင် စိတ်ကို မြိုသိပ်ခဲ့ရသည်။ ဖုန်းမဆက်ဘဲ နေနိင်လိုက်တာ သားရယ်ဆိုသော မေမေ့ရဲ့ ရေရွတ်သံကို ကျွန်တော် ဥပေက္ခာ ပြုထားခဲ့ရသည်။ ဖုန်းမဆက်ဘဲ နေနိင်အောင် နေရတဲ့ သားရဲ့ အခက်အခဲကို မေမေတို့ သိမှာမှ မဟုတ်တာ လို့ပဲ စိတ်ထဲမှာ တိုးတိုးလေး ပြန်ဖြေခဲ့ဖူးသည်။ မိသားစုကို ကျနော်ပေးချင်သည်မှာ အောင်မြင်သော အကြောင်းအရာနှင့် ပျော်ရွှင်ဖွယ်ရာ အဖြစ်အပျက် တို့သာ ရှိသည်။
အခုလို တက်ကြွဖွယ် နေ့ရက်များတွင်တော့ ကျွန်တော် ညတိုင်း ဖုန်းဆက်ဖြစ်သည်။ ရရှိနေသော ပျော်ရွှင် တက်ကြွခြင်းတို့ကို အချိန်တွေ ကြာနိင်သမျှ ကြာအောင် ဆွဲဆန့် ပေးထားချင်သည်။ မိသားစုအနေနဲ့ လတ်ဆတ်တဲ့ လေတွေရှူပြီး တက်ကြွတဲ့အတွေး တွေတွေးနိင်ဖို့ ဖုန်မှုန့်တွေပါတဲ့ လေကို ကျနော့ နေ့တိုင်းရှူခဲ့ရတာ၊ အောက်ကျ ဆက်ဆံခံ ခဲ့ရတာကိုတော့ ကျွန်တော် ဘယ်တော့မှ ပြောပြဖြစ်မည် မဟုတ်ပေ။ မသန့်ရှင်းသော လေကြောင့် ကျနော့ရဲ့ နှလုံးနှင့် အဆုပ် တို့ အရင်လို လတ်လတ်ဆတ်ဆတ် မရှိတော့တာ ကျွန်တော် သိနေခဲ့ပြီ။ အလွယ်တကူ မောပန်းနေတတ်ခဲ့ပြီ။ လဲခဲ့ရသော အရာတွေကို ထိုက်တန်သည် ဟုပင် ကျနော်ကတော့ သတ်မှတ်ထားခဲ့သည်။ မိသားစုအားလုံး ပျော်ရွှင်နိင်အောင် စွမ်းဆောင်နိင်ခဲ့သည်။ ထိုအကြောင်းသည် ဘဝရဲ့ နောက်ဆုံးအချိန်ထိ တွေးလျှင်တောင် ပျော်ရွှင်ကြည်နူးဖွယ်ရာ ဖြစ်မှာ သေချာနေခဲ့ပြီ။
ကျနော် ခြံရှေ့ရောက်လာတော့ သေချာအောင် နောက်တခေါက် ကြည့်လိုက်သည်။ ဒီအနီးအနား ဝန်းကျင်တွင် တထပ် တိုက်ပုလေးသည် ဒီအိမ် တလုံးပဲ ရှိနေခဲ့သည်။ ဗီဒီယိုထဲက ပုံနှင့်လည်း တပုံစံထဲ ဖြစ်သည်။ သေချာပါတယ်။ ဒါဟာ ကျနော်တို့ မိသားစုရဲ့ အိမ်ပါပဲ။ ခြံဝင်း သံဘန်းတံခါးကို တွန်းဖွင့်ရင်း ဒီသံဘန်းတံခါးက နောက်ဆုံးမှ တပ်ဖြစ်တဲ့ အစိတ်အပိုင်း ဖြစ်ကြောင်း သတိရ သွားသည်။ နေပါအုံး အဲဒီတုန်းက ဘာတွေ ထပ်ဝယ်တာပါလိမ့် ၊ အော် သတိရပြီ ၊ အဲဒီလက ၂၉ လက်မ တီဗွီရယ် ၊ ဆိုဖာတွေရယ် ဒီသံဘန်းတံခါးရယ် အတွက် ငွေပို့ပေးလိုက်တာပဲ။ ဟားးးးး ....ဆိုဖာပေါ်ထိုင်ပြီး ဖေဖေနဲ့ အတူ ဘော်လုံးပွဲ ကြည့်ရတော့မည်။ အရင်ကလို ဘော်လုံးပွဲကြည့်ရင်း အငြင်းအခုန်လေးတွေ ပြန်လုပ်ရတော့မည်။
ခြံတံခါးကို တွန်းဖွင့်ဝင်လာရင်း အိမ်ရှေ့ ခြံဝင်းထဲကို ကြည့်မိသည်။ ပန်းအိုးတွေကတော့ ဗွီဒီယိုထဲကထက် ပိုများနေသည်။ အင်းလေ မေမေက ပန်းပင်စိုက် ဝါသနာပါတာပဲ ပန်းအိုတွေ များလာတာ မဆန်းပါဘူးလေ။ လရောင်အောက်တွင် ဂမုန်းပင်ရဲ့ အရွက်တို့ လက်ဖြာနေသည်။ ဘယ်ဘက်တွင် အုတ်ဖြင့် အခိုင်အမာ ဆောက်ထားသော ရေစင် ကို မြင်ရသည်။ ဒီရေစင် ထပ်ဆောက်ချင်တယ် ဆိုလို့ အုတ်တွေ ထပ်ဝယ်ရတာ မှတ်မိနေသည်။ အင်းလေ တခါလောက် အကုန်ခံ လိုက်တော့ တသက်လုံး စိတ်အေးရပြီပေါ့။
တအိမ်လုံးလည်း တိတ်ဆိတ်နေသည်။ တကယ်ဆို ကျနော် ရောက်လာတာ တော်တော် နောက်ကျနေပြီပဲ၊ အားလုံး အိပ်ပျော် နေလောက်ပြီပေါ့။ အခုချိန်မှာ အိမ်ကိုသာ ရောက်လာခဲ့သည် ၊ တလမ်းလုံး အခက်အခဲတွေ တပုံတပင် ဖြတ်ကျော် လာခဲ့ရသည်။ ထို့ကြောင့် ထင်ထားသည်ထက် ပိုပြီးနောက်ကျမှ ရောက်လာခဲ့သည်။ အင်း... ဒါလည်း ကောင်းတာပဲ ဧည့်ခန်းက ဆိုဖာပေါ်မှာပဲ အိပ်လိုက်တော့မည် ။ မနက် မိုးလင်းလင်းချင်း ဧည့်ခန်းတွင် မိန့်မိန့်ကြီး ထိုင်နေသော ကျွန်တော့်ကိုမြင်လျှင် တမိသားစုလုံး ပိုပြီးအံ့ဩ ပျော်ရွှင်ကြမည်။ သူတို့ အိပ်မက် မက်နေသလား ကိုယ့်ကိုကိုယ် ပြန်စစ်ကြမည်။ ထိုမြင်ကွင်းများကို ကြည့်ပြီး ကျနော် အားရပါးရ ရယ်မောရမည်။ ကျနော် စိတ်လွတ်လက်လွတ် မရယ်မောဖြစ်တာ ကြာပြီ။
ညအိပ် မီးထွန်းထားသော ဧည့်ခန်းသည် တိတ်ဆိတ် အေးစက်နေသည်။ ခေါင်းရင်း မှန်ပြတင်းမှ တဆင့် ဝင်လာသော လရောင်ကြောင့် မဟော်ဂနီရောင် လျှာထိုး ခင်းထားသော ဧည့်ခန်းသည် ပြောင်လက်နေသည်။ ထို့နောက် ဂ ငယ် ပုံစံဝိုင်းထားသော ဆိုဖာခုံများကို တွေ့ရသည် ။ ၂၉ လက်မ တီဗီကို ဇာပုဝါဖြင့် အုပ်ထားသည်။ တီဗွီ နံဘေးက ကြမ်းပြင်တွင် ကျနော် ပို့ထားပေးသော ဖုန်စုပ်စက် ကို မီးအား သွင်းထားသည်။ ပစ္စည်းပို့ခက ဖုန်စုပ်စက် နီးနီးဖြစ်နေတာ ပြန် သတိရမိသည်။ ပို့ခ ဘယ်လောက်ကုန်လည်း ဆိုတာတော့ အိမ်ကိုပြန် မပြောပြ ဖြစ်ခဲ့ပေ။
ဧည့်ခန်းရဲ့ ဘေးကပ်လျှက် အခန်းသည် မိဘ နှစ်ပါးရဲ့ အခန်းဖြစ်ကြောင်း စာထဲတွင် ဖတ်လိုက်ရသည်။ ဒါဆို ကျနော်ချစ်သော ဖေဖေနှင့် မေမေ အိပ်နေပြီပေါ့။ အခု ဝင်နိုးလိုက်ရင် ကောင်းမလား တွေးလိုက်မိသည်။ မိသားစုကို တွေ့ချင်လှပြီ။ ခဏ စောင့်လိုက်တာပဲ ကောင်းပါတယ်လေ ။ မေမေတို့ အံဩထိတ်လန့် သွားအုံးမယ်။ ၅ နှစ်တောင် မတွေ့ဘဲ နေခဲ့ပြီးပြီပဲ။ နောက် ၄ ၊ ၅ နာရီဆို တွေ့ရပြီပဲလေ။ အောက်ဖေးခန်းနဲ့ မီးဖိုချောင်ကို တော့ မနက်မှပဲ သေသေချာချာ ကြည့်တော့မယ်။ ကျနော်လည်း ပင်ပမ်းလှပြီ ။ ခဏလောက်တော့ အိပ်စက် အနားယူလိုက်မည်။ မနက်ရောက်လျှင်တော့ ကျနော်တို့ မိသားစုရဲ့ အပျော်ရွှင်ဆုံးနေ့ ဖြစ်လာတော့မည်။ အခုတော့ အားလုံးရဲ့ ပျော်ရွှင်ခြင်းတွေကို ဖန်တီးပေးဖို့ ကျနော် စိတ်မရှည်စွာ စောင့်နေရတော့မည်။
ထို့နောက် ဧည့်ခန်း ဆိုဖာတွင် သွားအိပ်ဖို့ ခြေလှမ်းပြင်လိုက်ချိန်တွင် မေမေတို့ အခန်းရဲ့ တံခါး တဖြည်းဖြည်း ပွင့်လာသည်။ ပုန်းလိုက်ရင် ကောင်းမလား တွေးနေချိန်မှာပဲ အခန်းထဲမှ မေမေ ထွက်လာသည်။ ညမီးရောင် အောက်တွင်ရပ်နေသော ကျနော့ကို မေမေ မြင်တွေ့သွားခဲ့သည်။ မေမေ့ကို တွေ့ရတာ သား ကြည်နူးလိုက်တာ။ တော်သေးတယ် မေမေအများကြီး မပြောင်းလဲသေးဘူးနော်။ မေမေ ကတော့ ကျနော့ကို အံဩစွာ စူးစိုက် ကြည့်နေသည်။
မေမေ သားလေ မမှတ်မိဘူးလား အရင်ထက်တော့ ပိန်သွားတယ် မေမေရ သားသုံးနေကြ ရေမွှေးနံ့ကို မေမေ မှတ်မိလို့ ထွက်လာတာလား
ကျနော် ပြောလိုက်ပေမယ့် မေမေ ဘာမှ ပြန်မပြောဘဲ ကျွန်တော့်ကို စူးစိုက်ကြည့်ကာ နှုတ်ခမ်းတို့ တဆတ်ဆတ် ခါလာသည်။ ထို့နောက် မျက်ရည်တွေ စီးကျလာခဲ့သည်။ ကျနော် မျှော်လင့်ထားသလိုပင် ကျနော့ကို မြင်သဖြင့် မေမေ အံ့ဩ ဝမ်းသာ စိတ်ဖြင့် ငိုလေပြီ။
ကဲပါ မေမေရယ် မငိုနဲ့တော့နော် ကျနော် ပြန်ရောက်ပြီလေ၊ မနက်ဖြန် ထမင်းကြော်ရင် တယောက်စာ ပိုကြော်ပေးနော် ကျနော် မေမေကြော်တဲ့ ထမင်းကြော်ကို စားချင်လှပြီ
အဲ ... မေမေ တခုခုပြောလေ သားကို မမှတ်မိလို့လား မေမေ့ အချစ်ဆုံး သားဆို
မျက်ရည်တွေ စီးကျနေသော မေ့မေ့ရဲ့ နှုတ်ခမ်းတို့ တဖြေးဖြေး ပွင့်ဟလာသည်။ ထို့နောက် ကျနော့ကို တခုခု ပြောဖို့ အားယူလိုက်သည်။ ထိုအချိန်မှာ ကျနော့ရဲ့ စိတ်ထဲတွင် မေမေ ဘာပြောတော့မည်ကို သိလိုက်သလို ဖြစ်သွားသည်။ ထိုအသိဖြင့် ကျနော့ကိုယ် ကျနော် ငုံ့ကြည့်ဖြစ်သည်။
အိုးးးးးးး
ကျနော် သဘောပေါက် သွားခဲ့ပြီ ။ ဆို့နစ်သော ခံစားချက်ဖြင့် ဧည့်ခန်းကြမ်းပြင်တွင် ဒူးထောက် ကျသွားသည်။
မပြောပါနဲ့ မေမေရယ် ကျနော် ခဏလောက် နေပါရစေအုံး
မျက်ရည်များ စီးကျနေသော မေမေသည် ဆို့နစ် ကွဲရှသော အသံဖြင့် ကျနော့အတွက် စကားသံ ထွက်လာသည်။
သားလေးရေ... အမျှ... အမျှ...... အမျှ
မေမေရဲ့ အမျှဝေသံ အဆုံးတွင် ကျနော့ ဝိညာဉ် ကမ္ဘာအပြင်ဘက် အထိ ဝေးလွင့် သွားရတော့သည်။ ဒီ မိသားစုဖြင့်တော့ ဘယ်သောအခါမှ ပြန်ဆုံနိင်မည် မဟုတ်တော့ချေ။
လမ်းခွဲရှင်းတမ်း
လမ်းခွဲရှင်းတမ်း
တစ်ညနေမှာ လင်မယားနှစ်ယောက် လမ်းခွဲပြတ်စဲကြဖို့ ဆွေးနွေးနေကြတယ်။ မိန်းမဖြစ်သူက နီရဲတဲ့မျက်လုံးတစ်စုံနဲ့ လင်ယောက်ျားကို တစ်ချက်ကြည့်ပြီး လမ်းခွဲရှင်းတမ်းတွေ ရေးနေခဲ့တယ်။
စာအုပ်စင် ---- ကျွန်မဝယ်ထားတဲ့အရာ
မှန်ဘောင် ---- ကျွန်မဝယ်ထားတဲ့အရာ
တိုင်ကပ်နာရီ ---- ကျွန်မဝယ်ထားတဲ့အရာ
ကုလားထိုင် ----- ကျွန်မဝယ်ထားတဲ့အရာ
အထပ်ကအရာအားလုံး ကျွန်မဝယ်ထားတဲ့အတွက် ကျွန်မယူဆောင်သွားပါမယ်။
မိန်းမရဲ့ရှင်းတမ်းကိုကြည့်ပြီး ယောက်ျားကလည်း စာရွက်တစ်ရွက်နဲ့ ရှင်းတမ်းတွေ ချရေးလိုက်တယ်။
စောင် ---- အခမဲ့
အင်္ကျီစင် ----- အခမဲ့
ဓာတ်ဗူး ----- အခမဲ့
တယ်လီဖုန်း ----- အခမဲ့
စာအိတ်နှစ်ရာ ---- အခမဲ့
အကြိမ်ပေါင်းများစွာ ကြိုပို့ ---- အခမဲ့
ဂရုစိုက်မှု၊ ကြင်နာမှု၊ စောင့်ကြိုမှု ----- အခမဲ့
ရှော့ပင်းကြိုပို့---- အခမဲ့
အထက်က အရာအားလုံးဟာ အခမဲ့ဖြစ်တာကြောင့် တစ်ပါးတည်း ယူဆောင်နိုင်ပါတယ်။ နောက်ပြီး......
အင်္ကျီ၊ ပန်းစည်း အားလုံးအခမဲ့
သင့်အတွက် စိုးရိမ်ကြောင့်ကြမှု၊ သင်စိတ်ချမ်းသာ ပျော်ရွှင်မှု အားလုံးဟာလည်း အခမဲ့ပါ။
အထက်က အရာအားလုံးပေါင်းပြီး သင့်ကိုချစ်ခဲ့တဲ့ အချစ်စစ်ဟာလည်း အခမဲ့ပါပဲ။
ယောက်ျားရဲ့ရှင်းတမ်းကိုကြည့်ပြီး သုတ်သိမ်းလိုက်တဲ့ မျက်ရည်တွေ မိန်းမရဲ့ပါးပြင်ပေါ် စီးကျလာပြန်တယ်။ နှုတ်ဆိတ်ခေါင်းညိတ်ရာက မျက်နှာမော့ပြီး ယောက်ျားဖြစ်သူကို ခပ်စူးစူးတစ်ချက် သူကြည့်လိုက်တယ်။ ပြီးနောက် "အထက်က အရာတွေအားလုံး ကျွန်မယူဆောင်သွားမှာပါ။ ရှင်ဟာလည်းအခမဲ့မို့ ရှင့်ကိုလည်း ကျွန်မယူဆောင်သွားရလိမ့်မယ်"
စကားအဆုံးမှာ ယောက်ျားဖြစ်သူက မိန်းမကိုရင်ခွင်ထက် တင်းတင်းလေးဆွဲပွေ့ပြီး နားနား ကပ်ပြောလိုက်တယ်။
"မောင့်ကို တစ်ပါးတည်း ယူဆောင်သွားပါ ဟန်နီ"
**** ရေးသားသူ "Lao Hu"ရဲ့ လမ်းခွဲရှင်းတမ်းကို ဘာသာပြန်ခံစားပါတယ်။ ရန်ကုန် ညီမဝမ်းကွဲအိမ်မှာ ဖတ်စရာစာအုပ်တွေ တော်တော်များများတွေ့တယ်။ ပူလွန်းတဲ့ရာသီမှာ အပြင်ထွက်စရာမရှိရင် စာအုပ်ပဲထိုင်ဖတ်နေဖြစ်တယ်။ အခုဒီစာအုပ်က ညနေခင်းသတင်းစာမျိုးစုံမှာပါတဲ့ စာကောင်းတွေ စုစည်းထားတဲ့ စာအုပ်ပါ။ ဘာသာပြန်မျှဝေပါတယ်။
နိုင်းနိုင်းစနေ
ရိုမီယိုနဲ့ ဂျူးလိယက်
ရိုမီယို နဲ့ ဂျူးလိယက်
ကြေကွဲဖွယ်နိဂုံးနဲ့ နာမည်ကျော်ကြားလှတဲ့ စာတစ်အုပ်ကို ဖတ်အပြီးမှာ ကျွန်ုပ်ရှာဖွေတွေ့ရှိခဲ့တဲ့ ဟာကွက်တစ်ခုကတော့ တမန်တော် “Friar” ရဲ့ နောက်ကျမှုပဲ ။
Friar ဟာ မြည်းတစ်ကောင်းကို စီးပြီး ဂျူးလိယက် မသေဆုံးသေးကြောင်းပြောဖို့ ရိုမီယိုဆီကို အရောက်သွားတဲ့လမ်းမှာ ကြုံရတဲ့မုန်တိုင်းကြောင့် ခရီးစဉ်နှောင့်နှေးနေတယ်။ တဖက်မှာတော့ ရိုမီယိုဟာ သေဆုံးသွားပြီဖြစ်တဲ့ သူ့ချစ်သူနဲ့ အတူရှိဖို့ ဂျူးလိယက်ရှိရာကို မြင်းတစ်ကောင်နဲ့ အပြေးအလွှားခရီးနှင်နေလေရဲ့ ။
Friar လမ်းတဝက်မှာပဲ ရှိနေတုံး ရိုမီယိုကတော့ ဂျူးလိယက်ရဲ့အုတ်ဂူရှိရာကို ရောက်သွားရှာပြီ။ ငြိမ်သက်သွာလဲလျောင်းနေတဲ့ သူ့ချစ်သူကိုလဲ မြင်ရော ဝမ်းနည်းကြေကွဲစွာ အားရပါးရငိုရှိုက်ပြီးတဲ့နောက် သူ့ကိုယ်သူအဆုံးစီရင်လိုက်တယ် ။
ဂျူးလိယက်လဲ နိုးလာရော သူ့ဘေးနားမှာ သေဆုံးနေပြီဖြစ်တဲ့ ချစ်သူ ရိုမီယိုကိုတွေ့၊ သွေးစက်တွေကို မြင်ပြီး ဘယ်လိုမှနိုးထလာတော့မှာမဟုတ်တဲ့ ချစ်သူ့ရဲ့ရုပ်အလောင်းနဲ့အတူ အသေခံဖို့ ဆုံးဖြတ်လိုက်တယ် ။
Friar ရောက်လာတဲ့အချိန်မှာ သေဆုံးနေပြီဖြစ်တဲ့ ချစ်သူနှစ်ဦးကို ကြည့်ပြီး တစ်ယောက်အပေါ်တစ်ယောက်ထားတဲ့ ချစ်ခြင်းမေတ္တာကို နားလည်ရှာဖွေတွေ့ရှိသွားတယ် ။
တကယ်လို့များ  Friar နောက်မကျခဲ့ဖူးဆိုရင် ….. ချစ်သူနှစ်ဦးရဲ့ အသက်ကို အချိန်မီကယ်တင်လိုက်နိုင်မယ်၊ သူတို့နှစ်ဦးရဲ့ ဇာတ်လမ်းဟာ ပျော်ရွှင်ကြည်နူးစွာ ပေါင်းဖက်ရလိမ့်မယ် ။
နှောင့်နှေးမှုတိုင်းရဲ့ အကျိုးဆက်ဟာ စိတ်ထိခိုက်ကြေကွဲရခြင်းပဲ ။
သင့်ဘဝမှာလဲ သင်နဲ့အတူ အဆိုးအကောင်းတွေကို မျှဝေခံစားဖို့ အဖော်မွန်ကောင်းတစ်ယောက်တွေ့တဲ့အချိန်မှာ ပြောဖို့ နှောင့်နှေးကြန့်ကြာနေခဲ့တယ်ဆိုရင် Friar ရဲ့ လမ်းမှာ မုန်တိုင်းက တားဆီးထားသလို ဖြစ်နေမှာပဲ ။ မြည်းတစ်ကောင်နဲ့ ခရီးသွားနေခြင်းကို ရပ်တန့်လိုက်ပါ ။ ဘယ်အရာကြောင့်မှ သင့်လမ်းခရီးကို အတားဆီးမခံလိုက်ပါနဲ့ ။ သင်လိုချင်တဲ့ ရလဒ်တစ်ခုနဲ့အတူ အပြည့်အဝ ပျော်ရွှင်ချင်တယ်ဆိုရင်ပေါ့ ။
If you love someone, or you have someone special to share something with, do not delay the process. Do it now, you do not know the weather tomorrow. Stop riding on a donkey, do not postpone, get straight ahead and do it.
ဘာသာပြန်သူ၏ အမှာ ။ (ဘဝမှာ စိတ်တိုင်းကျရွေးချယ်ပြီး (မှတ်မှတ်ရရ ၂ခါပဲ) တွေ့ဆုံခဲ့တဲ့သူတစ်ယောက်ကို ဒီစာပိုဒ်လေးနဲ့အတူ အလေးအနက် ဖွင့်ပြောလိုက်ပါတယ် ။ ဆုံဆည်းဖို့အခွင့်မရှိ တော့ရင်တောင် မေတ္တာတရားကို သိသွားခဲ့ရင် ကျေနပ်ပါတယ်။)
Translated by Cinderella
Ref: “Do It Now – Don’t wait another day”, (www.motivateus.com/ April’2009)
--- William Shakespeare, A motivation from William Shakespeare, 'THE DELAY OF THE FRIAR'.
--- Submitted by Sandile Duma --- South Africa
Monday, January 24, 2011
မိန်းမဆိုတာ လောကကြီးမှာ ခင်ဗျားကို အချစ်ဆုံး
အဲဒီနေ့ ညနေခင်းကို ကျွန်တော်တစ်သက် မေ့နိုင်တော့မှာ မဟုတ်ပါဘူး။ အဲဒီညနေခင်းမှာ
> ခါတိုင်းလိုပဲ အားကစားသတင်း ကြည့်နေတဲ့ကျွန်တော့်ကို ရေချိုးခန်းထဲ
> ထွက်လာတဲ့မိန်းမက "မောင်... ခင့်ခြေထောက်မှာ ဘယ်လိုဖြစ်ပြီး မှဲ့နက်တစ်လုံး
> ပေါ်လာတာလဲ မသိဘူး?"
>  လို့ ပြောတယ်။
>
>
> ကျွန်တော်ကဆေးပညာဗဟုသုတ နည်းပါးသူပါ။ မိန်းမတွေဆိုတာ ကိစ္စသေးသေးမွှားမွှားကို ရေးကြီးခွင်ကျယ်
> လုပ်တတ်တဲ့အမျိုးမို့ သူပြောတာကို
> ကျွန်တော်အရေးမလုပ်ခဲ့ဘူး။
>
>
> ကျွန်တော်တို့ရဲ့ အိမ်ထောင်ရေးကစိတ်သဘောထားညီတယ်၊ ငြိမ်းချမ်းတယ်လို့
> ဆိုရမယ်။ ကျွန်တော်ရာထူးတိုးပြီးတဲ့နောက် မိန်းမက အိမ်ထောင့်တာဝန်ကို
> လုံးဝပုခုံးပြောင်းယူလိုက်တယ်။ ကျွန်တော့်အလုပ်က မကြာခဏ အချိန်ပိုဆင်းရတယ်။
> မကြာခဏ ခရီးထွက်ရတယ်။ တစ်ခါတလေ ခရီးထွက်ရင် တစ်လလောက်ကြာတတ်တယ်။
> ခရီးထွက်သူတိုင်းက အိမ်မှာကျန်ခဲ့တဲ့
> မိသားစု၊ သားသမီးတွေကို
> စိတ်ပူတတ်တယ်။ ဒါပေမယ့် ကျွန်တော်ကတော့ ပေါ့ပေါ့ပါးပါးပဲ။ လူကြီးသူမ၊
> ကလေးတွေကို ကျွန်တော့်မိန်းမ
> ဂရုစိုက်စောင့်ရှောက်လိမ့်မယ်ဆိ
ုတာ သိထားလို့ဖြစ်တယ်။ တကယ်တော့
> ကျွန်တော့်မိန်းမကို
> အားကျကြတဲ့လူတွေက ကျွန်တော့်ကိုအားကျကြတဲ့လူတွေလောက် များတယ်။
> လူတွေရဲ့အကြည့်မှာ သူဟာ ဘာမှ ပူပင်ကြောင့်ကျစရာမလိုတဲ့လူ၊ တိုက်ရှိ
> ကားရှိပြီး အရာရာပြည့်စုံတဲ့လူ၊ လင်ယောက်ျားချစ်မြတ်နိုးသူလို့ မြင်ကြတယ်။
> တကယ်လည်း ရိုမန်တစ်ဆန်ဆန် အချစ်တွေကို ကျွန်တော်တို့ နားမလည်ပေမယ့်
> ကျွန်တော်တို့အိမ်ထောင်ရေး သာယာခဲ့တယ်။
>
>
> ကျွန်တော့်မိန်းမကဆေးကုမ္ပဏီမှာလုပ်ဖူးတော့ ဘယ်လိုဖြစ်ဖြစ် ဆေးပညာဗဟုသုတကို
> ကျွန်တော်ထက် သူနားလည်တယ်လို့ ဆိုရမယ်။ ဒီလိုအရေးပြားပေါ် မထင်မှတ်ဘဲ
> ရုတ်တရက်ပေါ်လာတဲ့ မယားမနာ မှဲ့နက်တွေဟာ
> တစ်ခုခုဖြစ်နိုင်တယ်ဆိုတာကို သူသိတယ်။ ဒီလိုနဲ့ သူကိုယ်တိုင်
> ဆေးရုံသွားပြီး စစ်ဆေးကြည့်တော့ အရေပြားကင်ဆာလို့ အဖြေရတယ်။ အဲဒီအဖြေက
> ကျွန်တော်တို့အားလုံးကို ချောက်ချားတုန်လှုပ်စေခဲ့တယ်။ သူ့ကို
> ကျွန်တော်အဖော်ပြုပြီး
> အကောင်းဆုံးဆိုတဲ့ ဆေးရုံတွေမှာ
> သွားရောက်စစ်ဆေးခဲ့တယ်။ ဆေးရုံတိုင်းရဲ့ အဖြေကတူနေတယ်။
> နာမည်ကြီးဆရာဝန်တစ်ယောက်က
> ဒီလို ကင်ဆာမျိုးရဲ့သေဆုံးနှုန်းဟာ ၉ဝ%ဖြစ်တယ်၊ ဒါဟာ
> အရေပြားကင်ဆာထဲမှာ အဆိုးဝါးဆုံးတစ်မျိုးလို့ ကျွန်တော့်ကို ပြောပြတယ်။
>
>
> သိပ်မကြာပါဘူး...ဆရာဝန်တွေ ခန့်မှန်းသလိုပဲ သူ့ခြေထောက်၊ သူ့လက်မောင်းနဲ့
> နောက်ကျောတွေမှာ မှဲ့နက်တွေ အဆက်မပြတ်ထွက်လာခဲ့တယ်။ သူ့ရဲ့ ခန္ဓာကိုယ်ရော၊
> စိတ်ဓာတ်ပါ တဖြည်းဖြည်း
> ချိနဲ့လာခဲ့တယ်။
>
>
> ကျွန်တော်မှတ်မိသလောက် အရင်ကကျွန်တော်မကြာခဏ ဖျားနာတတ်ပေမယ့်
> ကျွန်တော့်မိန်းမက ဖျားနာခဲသူပါ။ ခုတော့ အားအားမနေတတ်သူတစ်ယောက်က
> လူနာကုတင်ပေါ်မှာ ငြိမ်ငြိမ်သက်သက်
> လဲလျောင်းနေခဲ့ရပြီ။
>
>
> သူမရှိတဲ့အိမ်က တိတ်ဆိတ်ခြောက်ကပ်လို့ နေတယ်။ မီးဖိုချောင်ဟာလည်း ရေနွေး၊
> ရေငွေ့ကင်းစင်လို့ အိမ်အသုံးအဆောင်တွေလည်း ဖုန်တွေကပ်ငြိလို့ နေခဲ့ပြီ။ အရင်က
> တောက်ပခဲ့တဲ့ နေရာလေး၊ အပြင်က ပြန်ရောက်တိုင်း နွေးထွေးလုံခြုံခဲ့တဲ့နေရာလေးက
> ခုတော့ ကျွန်တော်မမှတ်မိလောက်အောင်
> ပြောင်းလဲခဲ့တယ်။
>
>
> အိမ်ကအသုံးအဆောင်တော်တော်များများနဲ့ ကျွန်တော်စိမ်းခဲ့တယ်။
> ထမင်းတစ်အိုးတည်ဖို့၊ ဟင်းတစ်ခွက်ချက်ဖို့ ကျွန်တော်အတွက် အရမ်းခက်ခဲခဲ့တယ်။
> ကျွန်တော်ဖျော်တဲ့ ကော်ဖီရဲ့အရသာ၊
> ကျွန်တော်ပြုတ်တဲ့ ခေါက်ဆွဲအရသာက သူချက်တဲ့ အရသာနဲ့ တခြားစီဖြစ်နေတယ်။
> အရင်က သူအလွယ်တကူ ကမ်းပေးတတ်တဲ့ နေ့စဉ်သုံးပစ္စည်းတွေ ခုတော့
> ဘယ်လိုရှာရှာ ကျွန်တော်ရှာမတွေ့ခဲ့ဘူး။
>
>
> သူဆေးရုံတက်တဲ့နေ့ကစပြီးကျွန်တော်အလုပ်က ခွင့်ယူခဲ့တယ်။ နေ့နေ့ညည
> အတတ်နိုင်ဆုံး သူ့အနားမှာပဲ ကျွန်တော်နေခဲ့တယ်။ ဒီအချိန်ကျမှာ တကယ်လို့
> အိမ်တစ်အိမ် မရှိရင်၊ တကယ်လို့ အဲဒီအိမ်မှာ
> ကြင်နာတဲ့အိမ်ထောင်ရှင်မတစ်ယောက် မရှိရင် ယောက်ျားဖြစ်သူဟာ
> ပိုက်ဆံဘယ်လောက်ပဲရှာရှာ၊
> နာမည်ဘယ်လောက်ပဲကြီးကြီး ဒါတွေအားလုံးဟာ ဗလာဆိုတာကို
> ကျွန်တော်နားလည်လာခဲ့မိတယ်။
>
>
> သု့ရောဂါတဖြည်းဖြည်း ဆိုးဝါးလာချိန်မှာ မိတ်ဆွေတစ်ဦးက မြို့တစ်မြို့မှာ အရေပြားကင်ဆာ
> အထူးကူဆရာဝန်တစ်ဦးရှိကြောင်း ကျွန်တော့်ကို ပြောပြတယ်။ ဒီလိုရောဂါမျိုးကို
> အဲဒီဆရာဝန် ကုသပျောက်ကင်းခဲ့ဖူးတယ်လို့လည်း ဆိုတယ်။ ဒါပေမယ့်
> ကုသစရိတ်ကြီးမယ်၊ တစ်ခါကုရင် ၃လကြာတယ်လို့ဆိုတယ်။ မိန်းမကို ဒီအကြောင်း
> ကျွန်တော်ပြောပြတော့ ရောဂါဝေဒနာဖိစီးနေတဲ့ကြားက စကားတစ်ခွန်းကို
> သူရှင်းရှင်းလင်းလင်း ပြောလိုက်တယ်။
>
>
> "ခင်.. အသက်ရှင်ပါရစေ"
>
>
> တကယ်ပါ..ကျွန်တော်တို့ဟာ တစ်ယောက်ကိုတစ်ယောက် အရင်က
> ဘယ်လောက်ချစ်ကြတယ်ဆိုတာကို ကျွန်တော်မသိခဲ့ဘူး။ ဒါပေမယ့် အဲဒီစကားကို
> သူပြောလိုက်တဲ့တခဏမှာ ကျွန်တော်တို့ဟာ ကမ္ဘာပေါ်မှာအချစ်ဆုံး၊ လင်မယားလုပ်ဖို့
> အသင့်တော်ဆုံး၊
> ခုလို အတူတူပေါင်းသင်းရတာ ကံအကောင်းဆုံးဆိုတာကို ကျွန်တော်သိလိုက်တယ်။
> သူအသက်ရှင်ရမယ်၊
> သူ့ကို ကျွန်တော် အသက်ရှင်စေရမယ်။ ကျွန်တော်တို့အတူ တဖြည်းဖြည်းအိုမင်းပြီး
> သားသမီးရဲ့သားသမီးတွေ "ဘိုးဘိုး.. ဘွားဘွား"လို့ခေါ်တဲ့အသံကို
> အတူတူနားထောင်ကြမယ်။ သူ့ကို အဲဒီဆရာဝန်နဲ့ဆေးကုဖို့
> ကျွန်တော်ဆုံးဖြတ်လိုက်တယ်။ အလုပ်မှာ ခွင့်ရက်ရှည်တင်တော့
> လုပ်ဖော်ကိုင်ဖက်တွေရဲ့ တီးတိုးစကားကို ကျွန်တော်ကြားခဲ့ရတယ်။
>
>
> "တကယ်လို့ ကျွန်တော်သာဆိုရင် ကုမနေတော့ဘူး။ နည်းတဲ့ ဆေးကုခမှ မဟုတ်တာ။
> ကုလို့မရရင် ပိုက်ဆံကုန် လူပန်းတာပဲ အဖတ်တင်တယ်"
>
>
> ဒီလိုစကားမျိုးပြောသူတွေဟာကိုယ့်ရဲ့အရင်းနှီးဆုံးလူ လောကကြီးထဲကနေ
> ထွက်ခွာသွားတော့မယ်ဆိုတဲ့ ခံစားချက်ကို မခံစားဖူးသေးလို့ဖြစ်မယ်။
> ဒီငွေကြေးလေးက လူတစ်ယောက်အသက်ရှင်ဖို့အတွက်
> မျှော်လင့်ချက်ဖြစ်တယ်ဆိုတာကိုလည်း
> သိပုံမရလို့ဖြစ်မယ်။ ကုသစရိတ်ဘယ်လောက်ကြီးကြီး သူသာ အသက်ရှင်မယ်ဆိုရင်
> အိမ်ရောင်း၊
> ကားရောင်းပြီးလည်း ကျွန်တော်ကုမယ်။
>
>
> အဲဒီမြို့ကိုဆေးသွားမကုခင် လိုအပ်တဲ့နေ့စဉ်သုံးပစ္စည်းတွေ
> ကျွန်တော်လိုက်ဝယ်ခဲ့တယ်။ ပွဲတော်ရက် နီးလို့လားမသိဘူး ဈေးတွေ၊
> ကုန်တိုက်တွေမှာ မိသားစုအလိုက် ပျော်ပျော်ရွှင်ရွှင်
> ဈေးဝယ်နေသူတွေတွေ့တော့ ကျွန်တော်ဟာ အပျော်တွေနဲ့ ခွဲခြားခံထားရသူလို့
> ထင်မိတယ်။ အပျော်၊ အပြုံးတွေဆိုတာ ကျွန်တော့်မိန်းမ ရောဂါစဖြစ်ကတည်းက
> ကျွန်တော်နဲ့ မဆိုင်တော့သလိုပါပဲ။
>
>
> မိန်းမရေးပေးတဲ့စာရင်းအတိုင်း ကျွန်တော်ပစ္စည်းတွေ အများကြီးဝယ်ခဲ့တယ်။
> အိတ်တွေဆွဲပြီး ဆိုင်ကထွက်တော့ အိတ်တွေအရမ်းလေးတာကို သတိထားမိတယ်။
> ဒီလောက်နှစ်တွေအကြာကြီး တစ်အိမ်လုံးအတွက်
> လိုအပ်တဲ့အသုံးအဆောင်တွေ ဝယ်ခဲ့တဲ့သူ၊ ဆန်တစ်အိတ်၊ ဆီတစ်ပုံး
> ဘယ်လောက်ပေးရမှန်း မသိတဲ့ကျွန်တော်၊ ဆိုင်ကနေအိမ်အထိ လေးလံတဲ့ပစ္စည်းတွေကို
> သူဘယ်လိုသယ်ခဲ့သလဲ ကျွန်တော်လုံးဝ မသိခဲ့ရပါဘူး။ အိမ်တစ်အိမ်လုံးရဲ့ထုတ်ဟာ
> ကျွန်တော်ပါလို့ ကျွန်တော်ထင်ခဲ့တယ်။ သူလဲကျချိန်ရောက်မှ ဒီအိမ်မှာ သူသာလျှင်
> အရေးပါဆုံးဆိုတာကို ကျွန်တော်သိလိုက်ရတယ်။
>
>
> ဆေးသွားကုတဲ့မြို့လေးမှာမင်္ဂလာဆောင်ပြီးစကလို နေ့ရက်တွေကို ကျွန်တော်တို့
> ကြင်ကြင်နာနာ ဖြတ်သန်းခဲ့ကြတယ်။ ၃လအတွင်းမှာ မခွဲမခွာအတူနေခဲ့ကြတယ်။ အတူတူ ရယ်မောခဲ့ကြတယ်၊
> အတူတူ ငိုကြွေးခဲ့ကြတယ်။ ဒီလို တစ်ယောက်နဲ့တစ်ယောက် စိတ်ချင်းကပ်ပြီး
> စကားမပြောဖြစ်ခဲ့တာ နှစ်တွေ ဘယ်လောက်ကြာခဲ့ပြီမှန်း ကျွန်တော်မမှတ်မိတော့ဘူး။
>
>
> ကုသတဲ့ပထမတစ်လအတွင်းမှာသူနည်းနည်း သက်သာလာတယ်။ တစ်ခါတလေ သူ့ကိုတွဲပြီး
> ပန်းခြံထဲ ကျွန်တော်တို့ လမ်းလျှောက်ကြတယ်။ ကျွန်တော်တို့မြို့ရဲ့
> ပန်းခြံဝရှေ့မှာ သူနဲ့ပထမဆုံးအကြိမ် ဆုံခဲ့တဲ့အကြောင်းကို
> ပြန်ပြောင်းပြောကြတယ်။ ပထမဆုံးအကြိမ်ကြည့်ခဲ့တဲ့
> "Last
> Fillings"ရုပ်ရှင်အကြောင်းကို ပြောကြတယ်။ ဒါတွေဟာ
> ဟန်းနီးမွန်းအချိန်ပြောကြတဲ့ စကားတွေပါ။ ခုချိန်မှာ ဒါတွေကို အောင်းမေ့ရတော့
> ရင်ထဲပိုနာကြင်ကြေကွဲရတယ်။ မင်္ဂလာဆောင်ပြီး နှစ်တွေအကြာကြီးထဲမှာ
> ကျွန်တော်တို့ အခုလို စကားများများ မပြောဖြစ်ခဲ့ကြဘူး။
>
>
> ၃လအတွင်းမှာ တဖြည်းဖြည်းနွမ်းလျလာတဲ့သူ့ကို ကျွန်တော်မကြည့်ရက်ခဲ့ဘူး။
> အထူးကုသနည်းတွေက သူ့အတွက် အသုံးမဝင်ခဲ့ဘူး။ ဆန်ပြုတ်တစ်ဇွန်းသောက်ဖို့ကို
> သူတော်တော်အားစိုက်ခဲ့ရတယ်။ နောက်ဆုံး "အိမ်ပြန်ရအောင်"လို့
> ကျွန်တော့်ကို
> သူပြောတယ်။ ဒီလိုနဲ့ မျှော်လင့်ချက်မဲ့စွာ ကျွန်တော်တို့ အိမ်ပြန်ခဲ့ကြတယ်။
>
>
> အိမ်ပြန်ရောက်ပြီးနောက်တစ်နေ့ထက်တစ်နေ့ သူအင်အား ပိုမဲ့လာခဲ့တယ်။
> ကင်ဆာသမားတွေ အကြောက်ရဆုံး နာကျင်ခံစားမှုကို သူစခံစားနေရတယ်။ ညတိုင်း
> သူအိပ်မပျော်ခဲ့ဘူး။ နာကျင်တာတွေ
> ကြိတ်ခံပြီး သူညည်းညူနေခဲ့ရတယ်။ အနာခံဆေးတွေလည်း မတိုးတော့ပါဘူး။
> သူ့အစား ကျွန်တော်ခံစားပေးချင်လိုက်တာ။ သူခံစားနေတာတွေကို ကျွန်တော်
> ဘယ်လိုမှ မကြည့်ရက်ခဲ့ဘူး။
>
>
> တစ်ခါတလေဝေဒနာသက်သာချိန်မှာ အိမ်ဝတ်ကိစ္စအဝဝကို သူမှာတတ်တယ်။ အဲဒီအချိန်ကျမှ
> သူဟာ ဒီနေအိမ်အတွက်၊ ဒီမိသားစုအတွက် ဘယ်လောက်စေ့စပ်၊ ဘယ်လောက် အလုပ်ရှုပ်ခဲ့တယ်ဆိုတာကို
> ကျွန်တော်နားလည်လိုက်တယ်။ ပြီးတော့ ကျွန်တော်ကြိုက်တတ်တဲ့
> အစားအစာတွေ ဘယ်ဆိုင်မှာ ရနိုင်ကြောင်း၊ ကျွန်တော်ဝတ်နေကျ အင်္ကျီဟာ ဘာနံပါတ်၊
> ဘယ်တံဆိပ်ဖြစ်ကြောင်း ဘယ်ဆိုင်မှာဝယ်နိုင်ကြောင်း
> ပြောပြတယ်။ မဆုံးခင်သုံးရက်အလိုမှာ
> အဝတ်လျှော်စက်ကို ဘယ်လိုသုံးကြောင်း ကျွန်တော့်ကို သူ သင်ပြသွားခဲ့သေးတယ်။
>
>
> မဆုံးခင်ရက်အတွင်းမှာကျွန်တော်နဲ့လက်ထပ်ရလို့ သူပျော်ရွှင်တဲ့အကြောင်းတွေပါ
> ပြောသွားသေးတယ်။ ဆေးသွားကုတဲ့ ၃လဟာ သူ့တစ်သက်မှာ အပျော်ဆုံးနေ့ရက်တွေပါတဲ့။
> အဲဒီ ၃လဟာလည်း ကျွန်တော်ဘဝမှာ
> တန်ဖိုးအရှိဆုံး အချိန်တွေပါ။ ၃လအတွင်းမှာ ရာထူးတိုးဖို့အခွင့်အရေး၊
> ငွေကြေးတွေကို ကျွန်တော် လက်လွတ်ဆုံးရှုံးခဲ့ရတယ်ဆိုပေမယ်
> မိန်းမနဲ့အတူနေခဲ့ရတာတွေနဲ့
> နှိုင်းယှဉ်ကြည့်ရင် အဲဒါတွေဟာ အပိုပစ္စည်းဖြစ်သွားခဲ့တယ်။ ကံကောင်းလို့
> ကိုယ်ချစ်တဲ့သူနဲ့
> ရင်းရင်းနှီးနှီး စိတ်ချင်းဆက်ပြီး ၃လ ကျွန်တော်နေခဲ့နိုင်သေးတယ်။
>
>
> ဆုံးတဲ့နေ့မှာသူတည်တည်ငြိမ်ငြိမ်ပဲ ထွက်သွားခဲ့တယ်။ သားကို "
> မေမေတခြားနေရာသွားပြီး ဖေဖေတို့ကိုစောင့်နေတာ၊ ဖေဖေတို့လည်း မေမေနဲ့တွေ့ဖို့
> အဲဒီနေရာကို တစ်ချိန်ချိန်မှာ သွားကြရလိမ့်မယ်" လို့
> ကျွန်တော်ပြောပြတယ်။
>
>
> သူဆုံးပြီးနောက်ပိုင်းတခြားမိသားစုတွေ ပျော်ပျော်ပါးပါး သွားလာနေတာကို
> ကျွန်တော်မကြည့်ရဲခဲ့ဘူး။ သူနဲ့ ပထမဆုံးအကြိမ်ဆုံခဲ့တဲ့
> ပန်းခြံလေးရှေ့ဖြတ်တိုင်း၊ ရုပ်ရှင်ရုံရှေ့ဖြတ်တိုင်း၊
> ဈေးဝယ်အတူထွက်ခဲ့တဲ့
> ကုန်တိုက်ရှေ့တွေဖြတ်တိုင်း ကျွန်တော်မအောင့်နိုင်ဘဲ မျက်ရည်ကျမိတယ်။
> အဝတ်လျှောက်စက်သုံးတိုင်း၊
> ထမင်းဟင်းချက်တိုင်း၊ သားကို
> အဝတ်လဲပေးတဲ့အခါတိုင်း၊ အလုပ်နောက်ကျဆင်းလို့ ခေါက်ဆွဲပြုတ်စားတဲ့ ညတိုင်း၊
> ညသန်းခေါင် နိုးလာတဲ့အခါ အိပ်ရာဘေးက ဟာလာဟင်းလင်းဖြစ်နေတဲ့ နေရာကိုမြင်တိုင်း
> ကျွန်တော်ငိုမိတယ်။ သူရှိနေတဲ့အချိန်မှာ ဒါတွေကို ကျွန်တော်
> မခံစားတတ်ခဲ့ဘူး၊ ဒါတွေကို ခံစားရကောင်းမှန်းလည်း မသိခဲ့ဘူး။ သူမရှိတော့မှ
> ကောင်းကင်တစ်ခုလုံး ပြိုကျခဲ့သလိုပါပဲ..
>
>
> အရင်က ကြည့်ခဲ့တဲ့ရုပ်ရှင်တွေထဲမှာ ချစ်သူဆုံးလို့ ငိုတဲ့ယောက်ျားတွေကိုတွေ့တိုင်း
> ဒါဟာ သရုပ်ဆောင်ချက်သက်သက်လို့ ကျွန်တော်ထင်ခဲ့တယ်။
> ခုတော့ ကျွန်တော်ငိုနေရပြီ။ လမ်းဘေးမှာရပ်ထားတဲ့ သွေးလှူကားတွေကို
> မြင်တိုင်း သူ့ကို ကျွန်တော်သတိရမိပြန်တယ်။ ကျွန်တော်သွေးလှူပြီး
> အိမ်ပြန်ရောက်တာနဲ့
> သွေးအားကောင်းစေမယ့် ဟင်းတွေကို
> သူချက်ထားတတ်တယ်။ သားကိုလည်း "ဒီအိမ်မှာ ပိုက်ဆံရှာရတဲ့ ဖေဖေက အပင်ပန်းဆုံး
> ဒါကြောင့် ဖေဖေက အရေးအပါဆုံး" လို့ ပြောပြတတ်တယ်။ တကယ်တော့ သူသာလျှင်
> အရေးပါဆုံး လူတစ်ယောက်ပါ။ သူမရှိတော့ ကျွန်တော်တို့သားအဖမှာ
> ပျော်ရွှင်ခြင်းကို
> စွန့်လွတ်လိုက်ရတယ်။
>
>
> သူဆုံးတော့သူအုတ်ဂူမှတ်တိုင်မှာ "ချစ်ဇနီး"လို့ ကျွန်တော်ရေးထိုးခဲ့တယ်။ ကျွန်တော်ဟာ
> ရင်ထဲကခံစားချက်ကို အလွယ်တကူ လှစ်ဟပြတတ်သူ မဟုတ်ခဲ့ဘူး။
> သမီးရည်းစားဖြစ်တုန်းကလည်း
> သူ့ကို "ချစ်"ကြောင်း
> ကျွန်တော်သိပ်မပြောဖြစ်ခဲ့ဘူး။ အခုတော့ အဲဒီ"ချစ်"ဆိုတဲ့စာလုံးကို
> အုတ်ဂူပေါ်မှာပဲ
> ရေးထိုးပေးနိုင်ခဲ့တော့တယ်။ မိန်းကလေးတိုင်းက "ချစ်တဲ့အကြောင်းကို"
> သူချစ်တဲ့လူရဲ့ ပါးစပ်ထဲကနေ
> ထွက်လာတာကိုပဲ
> နားထောင်ချင်ခဲ့ကြတယ်။ သူမျှော်လင့်တဲ့အချိန်၊ သူကျန်းမာတဲ့အချိန်မှာ
> ဘာဖြစ်လို့
> ကျွန်တော်မပြောခဲ့ရတာလဲ!
>
>
> အခုချိန်မှာကျန်းမာပြီး ပျော်ရွှင်တဲ့မိသားစုကို ပိုင်ဆိုင်ထားတဲ့
> ယောက်ျားတွေကို ကျွန်တော်မှာချင်ပါတယ်။ ခင်ဗျားတို့ရဲ့ မိန်းမကို ခင်ဗျားတို့ ကောင်းကောင်းချစ်ပါ။
> မိန်းမအတွက် အချိန်အနည်းငယ်
> ချန်ထားပေးကြပါ။
> ခင်ဗျားအတွက် သူလုပ်ပေးသမျှကို လျစ်လျူမရှူလိုက်ကြနဲ့။ ဆုံးရှုံးသွားမှ
> သူ့အလှအပ၊
> သူ့ကောင်းကွက်ကို မနှမြောကြနဲ့...
>
>
> ဇနီးမယား၊မိန်းမဆိုတာ လောကကြီးမှာ ခင်ဗျားကို အချစ်ဆုံး၊ နားအလည်ဆုံးလူပါ။ ခင်ဗျားအတွက်
> အရာရာကို စွန့်ရဲတဲ့သူပါ၊ ဘယ်ယောက်ျား မိန်းမအချစ်တွေနဲ့
> ဇနီးမောင်နှံနှစ်ဦးရဲ့အချစ်ကို
> မနှိုင်းယှဉ်ကြပါနဲ့လို့ ......။